မွေးမြူရေးလုပ်မယ်ဆို ကြွက်ကိုလျှော့မတွက်ပါနဲ့..

24/08/2022 14:40 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

 

မွေးမြူရေးခြံတစ်ခြံရဲ့ ကုန်ကျစရိတ် အနည်းဆုံး သုံးပုံနှစ်ပုံဟာ တိရစ္ဆာန်အစာအတွက် ကုန်ကျ စရိတ်ဖြစ်ပါတယ်။ အခုဆို အစာဈေးတွေကလည်း ကြီးလွန်းလှပါတယ်။

ဒါကြောင့် အစာကုန်ကျစရိတ်ကို လျှော့ချနိုင်ဖို့၊ အစာအလေအလွင့်နည်းနိုင်သမျှ နည်းဖို့ စီမံခန့်ခွဲမှုက အရေးပါလာပါတယ်။ ဒီလိုအစာအလေအလွင့်လျှော့ချရာမှာ မဖြစ်မနေထည့်သွင်းစဉ်းစားရတဲ့ အချက်တစ်ချက်ကတော့ “ကြွက်နှိမ်နှင်းရေး” ပါပဲ။ 

မွေးမြူရေးခြံမှာ အသုံးပြုတဲ့ အစာတွေဟာ ကြွက်တွေကြိုက်နှစ်သက်တဲ့ အစာတွေဖြစ်တာမို့ အစာရှိရင် ကြွက်ကလည်း ရှိနေမှာ အသေအချာပါပဲ။ ကြွက်တွေ ခြံမှာရှိနေရင် အစာအတွက် ကုန်ကျစရိတ် မြင့်မားရုံမျှသာ မကပါဘူး။ ကြွက်ကနေတဆင့် မိမိတို့မွေးမြူထားတဲ့ တိရစ္ဆာန်တွေထံကို ရောဂါပိုးမွှားတွေ ကူးစက်ပျံ့နှံ့စေနိုင်တဲ့ အန္တရာယ်လည်း ရှိနေပါသေးတယ်။ ဒါကြောင့် မွေးမြူရေးခြံနဲ့ ကြွက်နှိမ်နှင်းရေးဟာ အမြဲတွဲလျက်ရှိနေရမှာပါ။ 

Mouse နဲ့ Rat

မြန်မာလူမျိုးတွေအနေနဲ့ mouse နဲ့ rat နှစ်မျိုးစလုံးကို ကြွက် လို့ပဲ ခေါ်ဝေါ်လေ့ရှိပါတယ်။ 

အိမ်ကြွက်လို အကောင်သေးလေးတွေကို mouse လို့ ခေါ်ပါတယ်။ ခန္ဓာကိုယ်အရွယ်အစားနဲ့ နှိုင်းစာရင် သူတို့ရဲ့ ခေါင်းတွေက သေးပြီး တြိဂံပုံရှိပါတယ်။ နားရွက်တွေကလည်း ခန္ဓာကိုယ်အချိုးအစားနဲ့ နှိုင်းယှဉ်ကြည့်ရင် rat တွေထက် ကြီးပါတယ်။ မျက်နှာတွေက စုတ်ချွန်းချွန်း ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ အမြှီးက သေးငယ် သွယ်လျပါတယ်။ သက်တမ်းအားဖြင့် အသက် ၁ နှစ်ခွဲကနေ ၂ နှစ်ခွဲအထိ ရှင်သန်နိုင်ကြပါတယ်။ 

လယ်ကြွက်ကြီးတွေ၊ မြေကြွက်တွေလို အကောင်ကြီးတွေကိုတော့ rat လို့ ခေါ်ပါတယ်။ မျက်နှာတိုပြီး ခေါင်းကြီးပါတယ်။ နားရွက်တွေ၊ မျက်လုံးတွေကတော့ ခန္ဓာကိုယ်အရွယ်အစားနဲ့ နှိုင်းယှဉ်ရင် သေးငယ်ပါတယ်။ အမြီးတွေက လုံးပတ် ပိုတုတ်ပါတယ်။ သက်တမ်းအားဖြင့် rat တွေဟာ အသက် ၂ နှစ်ကနေ ၃ နှစ်အထိ ရှင်သန်နိုင်ကြပါတယ်။ 

Mouse နဲ့ Rat ဘယ်လိုပဲ ကွာခြားသည်ဖြစ်စေ၊ တူညီတဲ့အချက်ကတော့ မွေးမြူရေးခြံမှာ အစာအလေအလွင့်ကို ဖြစ်စေပြီး ရောဂါပိုးတွေကို ပျံ့နှံ့စေတာပါပဲ။ 

(နောက်ပိုင်းမှာ Mouse ကို ကြွက်သေး၊ Rat ကို ကြွက်ကြီး လို့ပဲ ခပ်လွယ်လွယ် ဘာသာပြန်သွားပါမယ်။)

ကြွက်နဲ့ မွေးမြူရေးခြံ

ကြွက်တွေ ရှင်သန်ကြီးထွား ပွားများနိုင်ဖို့အတွက် အဓိကအချက် ၃ ရပ် လိုအပ်ပါတယ်။ အဲဒါတွေကတော့ ..

  • (၁) နေစရာနဲ့ အသိုက်ဖွဲ့စရာနေရာ၊ 
  • (၂) အစာ နဲ့ 
  • (၃) ရေ တို့ပဲ ဖြစ်ပါတယ်။ 

မွေးမြူရေးသမားအတွက် ကံဆိုးတာကတော့ အဲဒီ ကြွက်တွေအတွက် လိုအပ်ချက် ၃ ရပ်လုံးကို မွေးမြူရေးခြံတွေက ပံ့ပိုးထားလို့ပါပဲ။ မွေးမြူရေးခြံဟာ ကြွက်တွေ ခိုအောင်းဖို့၊ မျိုးပွားဖို့ အလွန် လုံခြုံတဲ့နေရာ ဖြစ်ပါတယ်။ တိရစ္ဆာန်တွေကို ကျွေးမွေးထားတဲ့ အစာနဲ့ ရေဟာ ကြွက်တွေအတွက် အင်မတန် အာဟာရဖြစ်တဲ့ အစာအာဟာရတွေ ဖြစ်နေပြန်ပါတယ်။ ဒါကြောင့် မွေးမြူ ရေးခြံဟာ ကြွက်တွေအတွက် ပဒေသာပင်ပေါက်ရာအရပ်လို့ ဆိုရမှာပါ။ 

ဒါကို ကာကွယ်ဖို့အတွက် ကြွက်တွေ ခြံထဲ လုံးဝဝင်မလာအောင် တားဆီးထားဖို့ဆိုတာကလည်း မဖြစ်နိုင်ပြန်ပါဘူး။ ကြွက်ဆိုတာမျိုးက အပေါက်သေးသေးလေး တစ်ခုရှိရင်ကို ဝင်ထွက်သွားလာနိုင်ပါတယ်။ ဒါ့အပြင် မြေကြီးကနေ တွင်းတူးပြီးလည်း ဝင်နိုင်ပြန်သေးတာပါပဲ။ ဒါကြောင့် ခြံမှာ ကြွက်လုံးဝ ရှင်းလင်းနေစေဖို့ဆိုတာ အလွန်ခက်ခဲတဲ့ကိစ္စ ဖြစ်ပါတယ်။ 

ခြံထဲကို ကြွက်ရောက်လာပြီဆိုရင်တော့ မွေးမြူရေးသမား သတိမထားမိလိုက်တဲ့အချိန်တိုလေးအတွင်းမှာပဲ ကြွက်တွေဟာ အကောင်ရေ ပွားများလာမှာ ဖြစ်ပါတယ်။ ကြွက်တွေဟာ ယေဘုယျအားဖြင့် ညပိုင်းမှာ သက်ဝင်လှုပ်ရှားကြပါတယ်။ မွေးမြူရေးခြံထဲက အစာတွေ၊ ရေတွေကို လာပြီး စားသောက်တာကို ညပိုင်းမှာသာ အဓိက လုပ်ဆောင်ကြပါတယ်။ ဒါကြောင့် ကြွက်အကောင်ရေ နည်းနေသေးချိန်မှာ ကြွက်တွေကို ညပိုင်း သတိထားကြည့်မှ တွေ့ရနိုင်ပါတယ်။ တကယ်လို့ နေ့ခင်းကြောင်တောင် မွေးမြူရေးခြံထဲမှာ ကြွက်တွေ လှုပ်ရှားသွားလာတာကို တွေ့နေရပြီဆိုရင်တော့ ကြွက်ကောင်ရေ အတော်လေး များပြားလာနေပြီ ဖြစ်ပါတယ်။ 

ကြွက်နဲ့ အစာလေလွင့်မှု

လေ့လာမှုတွေအရ ကြွက်အသေး (Mouse) တစ်ကောင်ဟာ တစ်ရက်ကို အစာ ၀.၁ အောင်စ စားသုံးပြီး၊ ကြွက်ကြီး (Rat) တစ်ကောင်ဟာ တစ်ရက်ကို အစာ ၁-၂ အောင်စ လောက် စားသောက်ကြတယ်လို့ ဆိုပါတယ်။ အဲဒီပမာဏဟာ ဘယ်လောက်မှ များပြားတဲ့ ပမာဏ မဟုတ်ဘူးလို့ အတွေးပေါက်နိုင်ပါတယ်။ ဒါပေမယ့် သတိပြုရမှာက တကယ်လို့များ ကြွက်ကောင်ရေ အများအပြားဖြစ်လာပြီဆိုရင်တော့ သူတို့ စားသောက်တဲ့အတွက် မွေးမြူရေးသမား ဆုံးရှုံးရတဲ့ အစာပမာဏဟာ မနည်းလှဘူးဆိုတဲ့ အချက်ပါ။ 

တကယ်လို့ ကြွက်ကြီး တစ်ကောင်ဟာ တစ်ရက်ကို အစာ ၁ အောင်စ စားမယ်ဆိုရင် တစ်နှစ်မှာ အစာ ၂၃ ပေါင်နှုန်း (၁ အောင်စ  x ၃၆၅ ရက် ÷ ၁၆) ကုန်ကျမှာ ဖြစ်ပါတယ်။ တကယ်လို့ တစ်ရက်ကို ကြွက်ကြီးတစ်ကောင်က အစာ ၂ အောင်စ စားမယ်ဆိုရင်တော့ တစ်နှစ်မှာ အစာ ၄၆ ပေါင်လောက် ကုန်ကျမှာ ဖြစ်ပါတယ်။ 

တကယ်လို့ မိမိရဲ့ မွေးမြူရေးခြံမှာ တစ်နှစ်ကို အစာ ၄၆ ပေါင် စားနိုင်တဲ့ ကြွက်‌ကြီးကောင်ရေ ၂၀၀ ရှိခဲ့ မယ်ဆိုရင် တစ်နှစ်ကို အစာ ပေါင်ချိန် ၉၂၀၀ ခန့် (၄၁၇၃ ကီလိုဂရမ်) ဆုံးရှုံးလေလွင့်မှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် အစာ ၄ တန်ကျော် (အစာအိတ် ၈၀ ကျော်) ဆုံးရှုံးလေလွင့်မှာ ဖြစ်ပါတယ်။ အစာအိတ်တစ်အိတ်ကို မြန်မာကျပ်ငွေ ၆၀,၀၀၀ ကျပ်နှုန်းနဲ့ တွက်ချက်မယ်ဆိုရင် တစ်နှစ်ကို ငွေကျပ် ၄၈ သိန်းလောက် လေလွင့်ဆုံးရှုံးမှာ ဖြစ်ပါတယ်။

ကြွက်ကောင်ရေ ခန့်မှန်းချက်

တကယ်တော့ ကြွက်ကောင်ရေ ၂၀၀ ဝန်းကျင်ရှိတဲ့ မွေးမြူရေးခြံဆိုတာ ကြွက်သိပ်မများတဲ့ခြံလို့ ပြောလို့ ရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကြွက်တွေရဲ့ မျိုးပွားနှုန်းကြောင့် ကြွက်အကောင် ၂၀၀ ဆိုတာ အလွယ်ကလေး ဖြစ်လာနိုင်လို့ပါ။ 

ကြွက်ကြီး တစ်ကောင်ဟာ အသက် ၂-၃ လသားမှာ မျိုးပွားနိုင်တဲ့ အရွယ်ကို ရောက်ပါတယ်။ မိတ်လိုက် မျိုးပွားပြီးတဲ့နောက် ၂၁-၂၅ ရက်ကြာအောင် ကိုယ်ဝန်ဆောင်ပါတယ်။ ကလေးတွေ မွေးလာပြီးနောက်တစ်ရက်မှာပဲ မိခင်ကြွက်မကြီးဟာ နောက်တစ်သားအတွက် ပြန်ပြီး မိတ်ပြန်လိုက်ပါတယ်။ တကယ်လို့ မိတ်လိုက်တဲ့အခါ သားမအောင်ဘူး ဆိုရင်လည်း နောက်ထပ် ၅ ရက် နေရင် ပြန်ပြီး မိတ်လိုက်နိုင်ပါတယ်။ တကယ်လို့ သားအောင် သွားတယ်ဆိုရင် ကိုယ်ဝန်ဆက်ဆောင်ပါတယ်။ ကိုယ်ဝန်ဆောင်နေချိန် မှာပဲ ကလေးတွေကို နို့ဆက်တိုက်နေပါ တယ်။ ၃ ပတ်သားလောက်အရောက်မှာ နို့ဖြတ်သားခွဲပါတယ်။ သားခွဲပြီး ပြီးဆိုတာနဲ့ မိခင်ကြွက်မကြီးက နောက် တစ်သား ထပ်ပြီး ပေါက်တာပါပဲ။ ကလေးငယ်အတော်များများကတော့ သဘာဝအရကို သေဆုံးကုန်ကျတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တစ်နှစ်မှာ ကြွက်မကြီးတစ်ကောင်က မျိုးဆက်သစ် အရွယ်ရောက် ကြွက်ကောင်ရေ ၆၀-၇၀ လောက်အထိ ထုတ်လုပ်ပေးနိုင်ကြပါတယ်။ 

ကြွက်တွေဟာ အသိုက်တွေနဲ့ အုပ်စုလိုက် နေထိုင်လေ့ ရှိကြပါတယ်။ ယေဘုယျအားဖြင့် ကြွက်ကြီးတွေ ဟာ ကြွက်သိုက် တစ်သိုက်နဲ့တစ်သိုက် ပေ ၁၀၀ လောက် ခြားပြီး နေထိုင်လေ့ရှိကြပါတယ်။ ကြွက်ငယ်သိုက်တွေ ကတော့ တစ်သိုက်နဲ့ တစ်သိုက်ကြားမှာ ၂၅ ပေ လောက် ကွာခြားပါတယ်။ 

Mississippi State University Extension Service ရဲ့ အကြံပြုချက်အရ ကြွက်ကောင်ရေကို အောက်ပါ နည်းလမ်းတွေနဲ့ အကြမ်းဖျဉ်းခန့်မှန်းနိုင်တယ်လို့ ဆိုပါတယ်။ 

 ကြွက်ရှိတဲ့ လက္ခဏာတချို့ တွေ့ရပေမယ့် ကြွက်ကို မမြင်ရသေးဘူးဆိုရင် မိမိရဲ့ မွေးမြူရေးခြံအဝန်းအဝိုင်းထဲမှာ ကြွက်ကောင်ရေ အနည်းဆုံး ၁ ကောင်ကနေ အများဆုံး အကောင် ၁၀၀ အထိ ရှိနေပါတယ်။ 

 ညဖက်တွေမှာ ကြွက်ဖြတ်သွားတာမျိုး တခါတရံ တွေ့ရတတ်တယ်ဆိုရင် မိမိရဲ့ မွေးမြူရေးခြံဝန်းထဲ မှာ ကြွက်ကောင်ရေ ၁၀၀ ကနေ ၅၀၀ အထိ ရှိနေနိုင်ပါတယ်။ 

 ညဖက်မှာ ကြွက်တွေ အတော်များများတွေ့ရပြီး နေ့အခါမှာလည်း တခါတရံ တွေ့ရတတ်တယ်ဆိုရင် တော့ ကြွက်ကောင်ရေ ၅၀၀ နဲ့ ၁၀၀၀ ကြားမှာ ရှိနေနိုင်ပါတယ်။ 

 နေ့အချိန်မှာတောင် ကြွက်တွေ သွားလာလှုပ်ရှားနေတာကို အတော်များများတွေ့ရတယ်ဆိုရင်တော့ ကြွက်ကောင်ရေ ၅၀၀၀ လောက်အထိ ရှိနေနိုင်ပါတယ်။ 

မိမိရဲ့ မွေးမြူရေးခြံမှာ ကြွက်တစ်ကောင်တွေ့လိုက်တိုင်းမှာ မိမိမမြင်ရတဲ့ ကြွက်ကောင်ရေ ၂၀ ကနေ ၅၀ လောက်အထိ ရှိနိုင်တယ်ဆိုတာကို သတိပြုရမှာ ဖြစ်ပါတယ်။ 

အရေးကြီးသော ကြွက်နှိမ်နှင်းရေး

ကြွက်တွေရဲ့ အလွန်ပွားများလွယ်တဲ့ သဘာဝရယ်၊ မိမိတို့မွေးမြူရေးခြံဟာ ကြွက်တွေအတွက် အခြေခံလိုအပ်ချက်တွေ ပြည့်စုံနေတာရယ်ကြောင့် မွေးမြူရေးခြံမှာ ကြွက်တွေများဖို့ အလွန်လွယ်ကူပါတယ်။ တစ်ဖက်မှာ တော့ ကြွက်တွေကြောင့် ဆုံးရှုံးလေလွင့်ရတဲ့ အစာတန်ဖိုးဟာ သိပ်ကို ကြီးမားလွန်းပါတယ်။ ဒါကြောင့် အစာဖိုးကုန်ကျစရိတ်ကို ချွေတာဖို့ စဉ်းစားရာမှာ ကြွက်နှိမ်နှင်းရေးဟာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ 

ကိုးကား

Controlling Rodents on the Poultry Farm, Mississippi State University Extension Service

www.diffen.com/difference/Mouse_vs_Rat 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်