သုံးလအတွင်း ပြည်ပဆန်တင်ပို့နိုင်မှု တစ်နှစ်စာလျာထားချက်၏ ၁၀ ရာခိုင်နှုန်းကျော်သာရှိသေး

10/07/2023 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ယခုဘဏ္ဍာနှစ်အတွက် ဆန်တန်ချိန် (၂.၅) သန်းတင်ပို့ရန်လျာထားပေမဲ့ ပထမသုံးလပတ်အတွင်း ၁၀ ရာခိုင်နှုန်းကျော်သာ တင်ပို့နိုင်သေးတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ရဲ့ သတင်းထုတ် ပြန်ချက်တွေအရ သိရပါတယ်။

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဆန်တန်ချိန် (၂.၅) သန်း၊ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း(၁၀၀၀) ရရှိရန် ရည်မှန်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းဆိုပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဘက်က ထုတ်ပြန်ထားတာဖြစ်ပါတယ်။ 

ဒါပေမဲ့ ယခု ဘဏ္ဍာနှစ် ပထမသုံးလဖြစ်တဲ့ ဧပြီ၊ မေ၊ ဇွန် သုံးလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင် ပို့နိုင်မှုမှာတော့ ၂၆၁၀၇၉ မက်ထရစ်တန်သာရှိခဲ့တာဖြစ်လို့ တစ်နှစ်စာလျာထားတင်ပို့မှုရဲ့ ၁၁ ရာခိုင်နှုန်းခန့်သာ ရှိသေးတာဖြစ်ပါတယ်။ ပို့ကုန်ဝင်ငွေအနေနဲ့လည်း အမေရိကန်ဒေါ်လာ ၁၁၂ သန်းပဲ ရှိထားသေးတာဖြစ်ပါတယ်။

ဆန်နဲ့ဆန်ကွဲ ပြည်ပတင်ပို့မှုဟာ ယခု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီကစလို့ တောက်လျှောက်ကျဆင်းသွား တာဖြစ်ပြီး ပြီးခဲ့တဲ့မေလအတွင်းမှာ ပြန်လည်မြင့်တက်လာခဲ့ပေမဲ့ ဇွန်လအတွင်းမှာတော့ ယခုဘဏ္ဍာနှစ်သုံးလအတွင်းမှာကို အနိမ့်ဆုံးအခြေအနေထိ ရောက်သွားတာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

တရုတ်နိုင်ငံဘက်က ဆန်ဝယ်ယူမှုအများအပြားရှိခဲ့တဲ့ ယခုနှစ်အစ ဇန်နဝါရီလအတွင်းမှာ ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှုဟာ ၂၆၈၈၃၅ မက်ထရစ်တန်အထိ ရောက်သွားခဲ့ရာကနေ တဖြည်းဖြည်း ပြန်လည်ကျဆင်းသွားတာဟာ ဧပြီလအတွင်းမှာတော့ စုစုပေါင်း တန်ချိန် ၈၇၆၄၈ မက်ထရစ်တန်သာ တင်ပို့ရတော့တဲ့အထိ ကျဆင်းသွားတာဖြစ်ပါတယ်။ 

အထူးသဖြင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရမှု သိသိသာသာ လျော့ကျနေပြီး နောက်ဆုံး ဧပြီ၊ မေ၊ ဇွန်လတွေမှာဆိုရင် ဆန်တင်ပို့ရမှုထိပ်ဆုံး ၅ နိုင်ငံစာရင်းတွေထဲမှာတောင် ပါဝင်လာတော့ခြင်း မရှိတော့ပါဘူး။ 

ဇွန်လအတွင်း ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့မှုစုစုပေါင်းအနေနဲ့ ၆၂၇၂၅ မက်ထရစ်တန်ရှိခဲ့ပြီး ဝင်ငွေအနေနဲ့ တော့ အမေရိကန်ဒေါ်လာ ၂၈ သန်းရရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆန်အများဆုံးတင်ပို့ခဲ့ရတဲ့နိုင်ငံက ပိုလန်နိုင်ငံသို့ဖြစ်ပြီး ၅၆၂၅ မက်ထရစ်တန် တင်ပို့ခဲ့ရတာ ဖြစ်ပါတယ်။ ဆန်ကွဲအများဆုံးတင်ပို့ခဲ့ရတာကတော့ အရင်မေလကထိပ်ဆုံးဖြစ်ခဲ့တဲ့ ဘယ်လ်ဂျီယံနိုင်ငံသို့ပဲဖြစ်ပြီး စုစုပေါင်း ၁၄၇၀၀ မက်ထရစ်တန် တင်ပို့ ခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ဆန်နှင့်ဆန်ကွဲပြည်ပတင်ပို့မှုတွေအနေနဲ့တော့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၂၀၂၁ ဧပြီမှ ၂၀၂၂ မတ်လထိ)မှာ တန်ချိန် ၂၁၆၈၆၈၁ တန် (ပို့ကုန်ဝင်ငွေ - အမေရိကန်ဒေါ်လာ ၈၀၉.၁၃၅ သန်း) ရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ဘဏ္ဍာနှစ် (၂၀၂၂ ဧပြီမှ ၂၀၂၃ မတ်လထိ) မှာတော့ တန်ချိန် ၂၂၆၁၂၀၃ တန် (ပို့ကုန်ဝင်ငွေ - အမေရိကန်ဒေါ်လာ ၈၅၃.၄၇၂ သန်း) ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Photo Crd_MRF

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်