သမားရိုးကျ ငါးမြစ်ချင်းမွေးမြူရေး

06/02/2023 15:00 PM တွင် ကိုမောင်မောင်(သုဝဏ္ဏ) ကိုမောင်မောင်(သုဝဏ္ဏ) မှ ရေးသား

သမရိုးကျတောင်သူများ ငါးမြစ်ချင်းငါးမွေးမြူရေးဆိုသည်မှာ ငါးမွေးတောင်သူများ အစဉ်တစိုက် မိရိုးဖလားနည်းများဖြင့် မွေးမြူကြခြင်းကို ဆိုလိုပါသည်။ အများအားဖြင့် (Traditional Aquaculture) ဟုလည်း ခေါ်ဆိုနိုင်ပါသည်။ မိမိတို့ ဘိုးဘွားစဉ်လာများအရ တသက်ပတ်လုံး မွေးမြူထုတ်လုပ်နိုင်ခဲ့သော ငါးမွေးမြူရေးလုပ်ငန်းဖြစ်သည်။

အထူးသဖြင့် ငါးမြစ်ချင်း၊ ငါးခေါင်းပွများကို ရောနှော၍ ရိုးရိုးလေး မွေးမြူခြင်းဖြစ်သည်။

ငါးမွေးကန်များသို့ ဒေသထွက်ပစ္စည်းများဖြစ်သော ကြက်ချေး၊ နွားချေးနှင့် ဓာတုမြေသြဇာများကိုထည့်သွင်းခြင်းဖြင့် ရေသြဇာများ ဖြစ်ပေါ်လာကာ ရေများစိမ်းလာပြီး (Phytos များ) သိပ်သည်းလာစေပြီးလျှင် ဖြည့်စွက်အစာအဖြစ် ဖွဲနုနှင့်ပဲဖတ်များ ရောစပ်ကျွေးမွေးမွေးမြူခြင်းဖြစ်သည်။ ရေရှည်ထုတ်လုပ်ရေးအတွက်ဆိုပါက တဧကလျှင် ငါးမြစ်ချင်း ၃ တန် (၁၈၀၀ ပိဿာ)မှ ၄ တန် (၂၄၀၀ ပိသာ) ထိ ထွက်ရှိနိုင်ပါသည်။ ယင်းထက်ပိုပြီး တစ်ဧက ၅ တန်၊ ၆ တန်ထိ ထွက်ရှိအောင် တိုးမြှင့်လုပ်ဆောင်မည်ဆိုပါက ငါး‌အသေအပျောက်များလာသည်ကို တွေ့ မြင်ရပါသည်။ 

ပုံမှန်အားဖြင့်ဆိုလျှင် ငါးမွေးဧက (၁၅၀၀၀)တွင် ငါးတန်ချိန် (၄)သိန်းမှ(၅)သိန်းအထိထွက်နိုင်ပါသည်။

ငါးမွေးတောင်သူများအဓိက ရင်ဆိုင်ရသောပြဿနာမှာ ငါးအစာနှင့် ဓာတ်မြေသြဇာ ဈေးနှုန်းများဖြစ်သည်။ ကုန်ထုတ်စရိတ်ကြီးမားခြင်းနှင့် ရာသီဥတုဖောက်ပြန်မှုများဖြစ်သော ဆောင်းရာသီနှင်းများကျလာသောအခါ  ကန်ရေများတွင် အောက်စီဂျင်ကျဆင်းပြီး ငါးများသေဆုံးတတ်ပါသည်။ ကန်များတွင် ငါးများကို ကန်ကြပ်မွေးမြူရန် ခက်ခဲလာပါသည်။ ထို့ကြောင့် အစာနှင့်ရာသီဥတုမျှတစွာဖြင့် ငါးအကောင်ရေ သင့်တင့်စွာ ပြုပြင်ပြောင်းလဲမွေးမြူရန် လိုအပ်ပါသည်။ 

ငါးကန်အရွယ်အစား

ငါးကန်၏အသင့်အတော်ဆုံးအရွယ်မှာ ပျမ်းမျှအားဖြင့် ဧက(၂၀)ဖြစ်သည်။ ငါးမွေးတောင်သူများ၏ အကြိုက်ဆုံးအရွယ်လည်းဖြစ်သည်။ ကန်ကျယ်ကျယ်တွင်ဆိုပါက ငါးများကြီးထွားနှုန်းကောင်းသော်လည်း လုံခြုံရေးအရ စောင့်ရှောက်ရန် ခက်ခဲနိုင်သည်။ ၀.၅၀ ဧကနှင့် ၀.၇၅ ဧက စသဖြင့် ငါးကန်အသေးများတွင် ရေသြဇာပြုပြင်ပြီး ဂရုစိုက်မွေးမြူပါက အထွက်တိုးနိုင်ကြောင်း သိရှိရပါသည်။

ထို့ကြောင့် ငါးကန်၏ အသင့်လျော်ဆုံးအရွယ်ကို အသုံးပြုရန် စဉ်းစားသင့်ပါသည်။

နှစ်ချို့ငါးများမွေးမြူခြင်း

ငါးမွေးတောင်သူများ‌နေဖြင့် နှစ်ချို့ငါးများမွေးမြူလိုပါက အဆင့်(၂)ဆင့်ဖြင့် မွေးမြူနိုင်ပါသည်။

ပထမအဆင့်တွင် ငါးမွေးမြူမည့်ကာလမှာ (၁၂)လ ကြာမြင့်မည်ဖြစ်ပါသည်။ (၁)လက်မအရွယ် ငါးသားပေါက်ကို တဧကလျှင် (၁၆၀၀၀) မှ (၂၀၀၀၀)နှုန်းဖြင့် မွေးမြူမည်ဆိုပါက (၈)လကြာလျှင် ငါးတကောင်အလေးချိန်မှာ (၁၅ ကျပ်သား) မှ (၂၀ ကျပ်သား) ခန့်နှုန်းဖြင့် ကြီးထွားနိုင်ပါသည်။

ဒုတိယအဆင့်အနေဖြင့် အရွယ်ရောက်ပြီးငါးမြစ်ချင်းများကို တဧကလျှင် (၁၆၀၀)နှုန်း ထည့်သွင်းမွေးမြူရမည်ဖြစ်သည်။ အစာ ဝဝလင်လင် ကျွေးမွေးပြုစုပါက (၈)လအတွင်းတွင် ငါးမြစ်ချင်းများသည် (၁ ပိဿာ)အရွယ်ရောင်းတန်းဝင်ငါးများ ဖြစ်နိုင်ပြီး ဈေးကွက်သို့ကောင်းစွာ ရောက်ရှိနိုင်ပါသည်။

နှစ်တပတ်အကြာ ငါးထုတ်လုပ်မှုအတွက် အသားတိုးကန်များနှင့်ပြုစုကန်များ၏ ဧရိယာပမာဏ အချိုးမှာ ၄:၁ (သို့) ၅:၁ နှုန်းဖြစ်ကြပြီး ဒုတိယနှစ်ရောက်ပါက ကြီးထွားနှုန်း မြန်နိုင်ကြောင်း လုပ်ငန်းဆောင်ရွက်မှုလေ့လာချက်များအရ သိရှိနိုင်ပါသည်။ အဆိုပါယုံကြည်ချက်နှင့်အတူ ငါးမွေးကန်နှင့်ပြုစုကန်များကို တည်ဆောက်ရမည်ဖြစ်ပါသည်။

ငါးမွေးနည်းစနစ်အပေါ်ခြုံငုံသုံးသပ်ချက်

(၁) ရေအရည်အသွေး

ငါးကန်အတွင်းရှိရေများ ဆိုးဆိုးရွားရွားပျက်စီးပြီး ညစ်ထွေးနေခြင်း၊ နောက်ကျိခြင်းများ ဖြစ်ပေါ်နေခြင်းမှာ အပင်မျှောလှေး (ခေါ်) Phytoplamktons များ အလွန်အကျွံပေါက်ပွားမှုကြောင့် ညအခါ အောက်စီဂျင်လျော့နည်းခြင်းဖြစ်ပေါ်ကာ ရေထုညစ်ညမ်းလာခြင်းကြောင့် ဖြစ်ပါသည်။ ငါးမွေးမြူရေးကုန်ထုတ်လုပ်ငန်း ရေရှည်တည်တံ့ရေးနှင့် ငါးများလည်းပုံမှန်ထွက်ရှိရန်ဆိုပါက ငါးကောင်ရေများကို လျှော့မွေးရန်လိုအပ်ပါသည်။ တဧက (၆)တန်အထိ ထွက်နိုင်သော်လည်း (၄)တန်လောက်ထွက်ရှိပါက လက်ခံရန်သင့်တော်ပါသည်။

(၂) မြေဩဇာများအသုံးပြုခြင်း

ငါးမြစ်ချင်းများမွေးမြူရာတွင် အဓိကရှင်သန်နှုန်းကောင်းမွန်စေရန်အတွက် သဘာဝမြေဩဇာများ လိုအပ်ပါသည်။ ကန်ရေများတွင် သဘာဝမြေဩဇာများ ဖြစ်ထွန်းမှုများလာပါက အပင်မျှောလှေးခေါ်သော (Phytoplamktons) များ ဖြစ်ထွန်းလာစေပြီး ငါးမြစ်ချင်းများ ကြီးထွားနှုန်းကောင်းမွန်လာမည်ဖြစ်သည်။ ကန်ရေဩဇာဖြစ်ထွန်းရန်အတွက် ပြုပြင်ရာတွင် သဘာဝမြေဩဇာများကို အကျိုးရှိစွာသုံးစွဲရန် တနည်းအားဖြင့် အပင်မျှောလှေးပွားမှုကို ထိန်းသိမ်းထားရန် လိုအပ်ပါသည်။

သဘာဝမြေဩဇာများအဖြစ် နွားချေး၊ ကြက်ချေးများ အသုံးပြုနိုင်၍ ဒေသတွင်း  ‌ဈေးနှုန်းချိုသာစွာဖြင့် ရရှိနိုင်ပါသည်။ နွားချေး၊ ကြက်ချေးများတွင် နွားချေးသည် မီသိန်းဓာတ်ကိုထုတ်ပေး၍ အမိုးနီးယားဓာတ်ကို မရနိုင်ပါ။  ကြက်ချေးသည် နွားချေးထက် ရေဩဇာပိုမိုကောင်းပါသည်။ နွားချေး သည် ကန်အောက်ခြေ၌ အနည်အနှစ်နည်းစေပြီး ကြက်ချေးကတော့  အပင်မျှောလှေးများကို ပိုမိုထုတ်လုပ်ပေးနိုင်ကြောင်း တွေ့ရှိရပါသည်။

အပင်မျှောလှေးများသည် နိုက်တြိုဂျင်ဓာတ်ရရှိရန် အမိုးနီးယားကို သုံးစွဲကြပါသည်။ အမိုးနီးယားဓာတ်သည် ဓာတ်မြေဩဇာများရရှိနိုင်ပြီး ပုံမှန်အားဖြင့် ရေဩဇာတွင် အမိုးနီးယားဓာတ် (၁)လီတာလျှင် ၂-၃ မီလီဂရမ်နှုန်း ( 2 – 3 mg/L ) ပါဝင်ပါက သင့်လျော်ပါသည်။

ငါးမွေးကန်များတွင် ဓာတ်‌မြေဩဇာအဖြစ် ထုံးများကိုအသုံးပြုရပါသည်။ ထုံးထည့်ခြင်းသည် ရေဩဇာတွင် pH မြင့်တက်စေရန်နှင့် ပိုးသတ်စေရန် ဖြစ်ပါသည်။ ထုံးကို နွားချေး၊ ကြက်ချေးများနှင့်ရောနှော၍ မသုံးသင့်ဘဲ ရေတွင် သဘာဝမြေဩဇာများထည့်ပြီးမှ သီးသန့်ခွဲသုံးရန်ဖြစ်သည်။ ကန်ရေတွင်ထုံးထည့်ခြင်းဖြင့် ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်လျော့နည်းစေပြီး ဘိုင်ကာဘွန်အသွင်ဖြင့် ရပ်တည်သွားနိုင်ပါသည်။

အစာကျွေးခြင်းနှင့်ဖြည့်စွက်အစာ

ငါးမွေးမြူရေးစနစ် အကျိူးမြင့်မားအောင်ဆောင်ရွက်လိုပါက အစာကျွေးရာ၌ ဖြည့်စွက်စာကို ကျွေးမွေးရန် လိုအပ်သည်။ အဓိကကျွေးမွေးရသောအစာ(၂)မျိုးမှာ ဖွဲနုနှင့်ပဲဖတ် ဖြစ်သည်။ ဖွဲနုတွင် (ပရိုတိန်း - ၁၂%) ပါဝင်၍ ပဲဖတ်တွင် (ပရိုတိန်း - ၄၀%) ပါဝင်ပါသည်။

၎င်းနှစ်မျိုးကိုရောစပ်၍ ပီနန်အိတ်ထဲထည့်ကာ ငါးကန်တွင် ချိတ်ဆွဲ၍ ကျွေးမွေးနိုင်သည်။ ဝါစေ့ဖတ်ကိုလည်း ကျွေးလို့ရနိုင်ပြီး ဆတူရော ကျွေးမွေးနိုင်ပါသည်။ ယင်းသို့ကျွေးပါက အစာမှအသားပြောင်းအချိုး (F.C.R) မြင့်မားနိုင်ပါသည်။ F.C.R အရ ကျွေးမွေးမည်ဆိုပါက အစာ (၂.၅ ပိဿာ) (သို့) (၃.၅ ပိဿာ)ကျွေးမွေးပါက ငါးတပိသာ အသားတိုးပါသည်။ (F.C.R အချိုးမှာ 3:1 ဖြစ်ပါသည်)

အစာများအလေအလွင့်မဖြစ်ပေါ်စေရန်လည်း လိုအပ်သည်။ ဤအချက်ကို သိရှိနိုင်ရန်ဆိုပါက ရေပေါ်အစာတောင့်ကျွေးမွေးရန် လိုအပ်ပါသည်။ မည်သို့ဖြစ်စေ အစာအလေအလွင့် မဖြစ်ရန်နှင့်ကုန်ကျစရိတ် သက်သာစေရန် လိုအပ်ပါသည်။

ဖြည့်စွက်စာကျွေးခြင်း

ငါးအသားတိုးကန်များတွင် ငါး (၁၈ ကျပ်သား) မှ (၂၀ ကျပ်သား)ခန့်ရရန် ဖွဲနုတခုတည်းသာ ကျွေး၍ ကြီးထွားစေနိုင်ပါသည်။ နောက်တဖြည်းဖြည်းအရွယ်ရောက်ကြီးထွားလာပါက ဆီကြိတ်ဖက်များကို ၁၀% ခန့် ရောနှော၍ ကျွေးသင့်ပြီး ငါးများ၏ ကြီးထွားနှုန်းလည်း ပိုမိုကောင်းမွန်လာကြောင်း တွေ့ရှိရသည်။

ငါးမွေးသူတဦးသည် ပထမလမှာ တနေ့၊ တဧကလျှင် (၁၂.၅ ပိသာ မှ ၁၈.၇၅ ပိသာ) ထိ ကျွေးမွေးပြီး ကျန်(၁၂ လ)တွင် တနေ့ ၊ တဧကလျှင် (၃၀ ပိဿာ မှ ၄၀ ပိဿာ)ထိ တောက်လျှောက်ကျွေးနိုင်ပါသည်။

ငါးများသည် ငယ်စဉ်ဘဝတွင် (အပင်မျှောလှေး)(Phytoplamkton) တမျိုးတည်းဖြင့် လျင်မြန်စွာ ကြီးထွားနိုင်ပါသည်။ ဖွဲနုစားခြင်းဖြင့် တဖြည်းဖြည်းကြီးထွားလာမှုတွင် အချိုးညီစွာ ကြီးထွားလာမှုကြောင့် ဝမ်းဗိုက်ပိုင်း လျော့လာပါသည်။ ထို့ကြောင့် အစပထမလတွင် ဖွဲနုတမျိုးတည်းသာကျွေးမွေးခြင်းသည် ငါးများအရွယ်အစားကြီးထွားမှုအတွက် အသင့်တော်ဆုံးဖြစ်သည်။

ငါးကြီးထွားလာသည်နှင့်အမျှ ဖြည့်စွက်စာပမာဏကိုလည်း တိုးကျွေးရန်လိုအပ်ပါသည်။ အစာ ကျွေးနှုန်းမှာ တနေ့လျှင် အနည်းဆုံး (၂)ကြိမ်ခန့်ကျွေးရန် လိုအပ်ပါသည်။ ငါးကြီးထွားနှုန်းကောင်းလာပါက ပိုမို၍ကြီးထွားရန် အစာထဲမှာပါဝင်သော ပရိုတိန်း (အသားဓာတ်‌) ပိုမိုလိုအပ်ပါသည်။ ထို့အတွက် ဖွဲနုနှင့်ဆီကြိတ်ပဲဖတ်ကို ၂ : ၁ ရောစပ်၍ ကျွေးမွေးနိုင်ပါသည်။ အသားတိုးနှုန်းလည်း ပိုမိုကောင်းမွန်ကြောင်း တွေ့ရှိရပါသည်။ ပရိုတိန်းဓာတ်‌နည်းသည့်ငါးသည် အစာပိုစားမိပါက အညစ် အကြေးစွန့်ထုတ်မှု ပိုများကြောင်းတွေ့ရပြီး ရေထုညစ်ညမ်းမှုဖြစ်ပေါ်တတ်ကြောင်း တွေ့ရှိရပါသည်။

အပင်မျှောလှေးများ (Phytoplamkton)က နေရောင်ခြည်ရှိချိန်တွင် အစာချက်လုပ်မှုကြောင့်ရေတွင် အောက်စီဂျင်ဓာတ်ပျော်ဝင်မှုများပြားပါသည်။ ထိုအချိန်မျိုးတွင် အစာကျွေးသင့်ပါသည်။ မနက် (၈)နာရီ၊ (၉)နာရီသည် အစာကျွေးရန် အသင့်တော်ဆုံးအချိန်ဖြစ်သည်။ 

သမားရိုးကျနည်းအတိုင်းမွေးမြူ၍ အစာဖွဲနုနှင့်အရောကိုကျွေးပါက တစ်ကီလိုအတွက် (၂၀၀/-) ကျပ်ကုန်သည် ဆိုပါစို့။ အစာတောင့်ကို ကျွေးပါက တစ်ကီလိုကို (၃၀၀)ကျပ် ကုန်နိုင်သည်။ ငါးမြစ်ချင်းကို ကန်ပေါင်ဈေးအရ ရောင်းချပါက တကီလိုကို (၁,၀၀၀/-)ကျပ် ရရှိသည်ဆိုပါက သမားရိုးကျ ကျွေးမွေးပါက ကျပ်(၈၀၀/-)ခန့်မြတ်၍ အစာတောင့်ကျွေးပါက ကျပ်(၇၀၀/-) သာ မြတ်နိုင်ပါသည်။

သို့သော်လည်း အစာတောင့်ကျွေးခြင်းမှာအလုပ်သမားခ သက်သာမည်။ ရေအရည်အသွေးကောင်းမည်။ အစာမှအသားပြောင်းနှုန်းထိရောက်မည်။ ငါးအသားတိုးမှု မြင့်မားမည်။ သို့ဖြစ်ပါ၍ ငါးတစ်ကီလိုအမြတ်နှုန်း နိမ့်ကျသော်လည်း ငါးမွေးကန်တခုချင်း၏ အကျိုးအမြတ်ဆိုပါက မြင့်တက်မည်ဖြစ်ပါသည်။ အကြောင်းမှာ ငါးကန်တယူနစ်ဧရိယာ၏ ငါးထွက်နှုန်းတိုးလာသောကြောင့် ဖြစ်ပါသည်။

ဓာတ်‌မြေဩဇာထည့်ပြီး ရေပြုပြင်ထားသောကန်တွင် အစာတောင့်ကျွေးမွေးခြင်းသည် ရေရှည်တည်တံ့သော ငါးမွေးကုန်ထုတ်မှုကို တိုးတက်စေနိုင်ပါသည်။ တီးလားပီးယား ငါးတမျိုးတည်းကိုမွေးမြူပါက တဧကလျှင် (၆၀၀၀ ပိဿာ) ထိ ထွက်ရှိနိုင်ကြောင်း တွေ့ရှိရ သည်။

ဓာတ်‌မြေဩဇာနှင့်ရေဩဇာကောင်းမွန်ပါက တီးလားပီးယားမွေးမြူရေးတွင် အသားပြောင်းလဲနှုန်းသည် 1 : 1 ထိ ဖြစ်နိုင်သည်။ ဆိုလိုသည်မှာ အသားတပိဿာရရန် အစာတစ်ပိဿာသာ ကျွေးရတော့မည်ဖြစ်သည်။

တီးလားပီးယား ငါး (၃ ကျပ်သား) / (၆ ကျပ်သား) ကို စတင်မွေးမြူပါက ကန်ဖော်မည့်အချိန် (၇) လ၊ (၈)လ ကြာမြင့်လျှင် (၃၀ ကျပ်သား မှ ၄၀ ကျပ်သား) အထိ အသားတိုး၍ ဈေးကွက်သို့ရောက်ရှိနိုင်ပါသည်။ တီလားပီးယား ငါးဈေးကွက်သည် ပိုမို၍ တိုးချဲ့နိုင်သလို ထွက်နှုန်းလည်း အလွန်ကောင်းသောငါးအမျိုးအစား ဖြစ်ကြောင်း သိရှိရပါသည်။

နိဂုံး

ငါးမွေးသူများအနေဖြင့် သတ္တုဓာတ်‌ဆားများဖြည့်စွက်၍ သုံးတတ်သော်လည်း သဘာဝအစာကြွယ်မှုနှင့် ရေဩဇာများစိမ်းနေသော ငါးများအတွက် သတ္တုဓာတ်‌ဆားများ အထူးမလိုပါ။ နုံးအနည်များ၊ ရေဆိုးများ လျော့နည်းအောင် ငါးများတွင် ရေထုတ်နည်းကောင်းမွန်အောင် ဆောင်ရွက်ရပါမည်။ တိုးတက်အောင်မြင်သော ငါးမွေးသူများအနေဖြင့် တွေ့ကြုံရသော  ဗဟုသုတအတွေ့အကြုံများ ဖြန့်ချိဝေမျှနိုင်လာလျှင် သမာရိုးကျနည်းနှင့် ငါးဆက်မွေးမြူသူများအတွက် အကျိုးများစွာဖြစ်ထွန်းနိုင်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်