အကျပ်အတည်းကာလတွေမှာ လုပ်ငန်းအကြီး၊ အသေး အားလုံးဟာ အနည်းနဲ့အများဆိုသလို အထိနာကြရတာချည်းပါပဲ။ ဒါပေမဲ့ လုပ်ငန်းအသေးသမားတွေက ငွေကြေးအရင်းအနှီးနဲ့ တောင့်မခံနိုင်တဲ့အတွက် ပိုပြီး ထိခိုက်နစ်နာကြရတယ်လို့ဆိုရင် မမှားနိုင်ပါဘူး။
အခုအချိန်လို အစစအရာရာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ကာလတစ်ခုအတွင်းမှာ အသေးစား စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေ ရှင်သန်ကျန်ရစ်ဖို့ လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို မပြတ်ရှာဖွေနေကြဖို့ လိုအပ်ပါတယ်။
ဒါကြောင့် အသေးစား စိုက်ပျိုးမွေးမြူသူများ ထည့်သွင်းစဉ်းစားကြည့်နိုင်ဖို့ အချက်တချို့ကို တင်ပြလိုပါတယ်။
(၁) အမြတ်အစွန်းကို ဦးတည်ပါ။
ယေဘုယျအားဖြင့် စိုက်ပျိုးမွေးမြူတယ်ဆိုတာ အမြတ်အစွန်းရရှိဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက စိုက်ပျိုးမွေးမြူသူအချို့ဟာ အဲဒီအချက်ကို မေ့လျော့ပြီး မိမိစိုက်ပျိုးတဲ့ သီးနှံ၊ မိမိမွေးမြူတဲ့ တိရစ္ဆာန်ရဲ့ ထုတ်လုပ်မှုကိုသာ ဦးတည်ပြီး စဉ်းစားလေ့ ရှိကြပါတယ်။
ဥပမာ - နို့စားနွားမွေးမြူတဲ့အခါ မိမိမွေးမြူထားတဲ့ နို့စားနွားမဟာ နို့ပိဿာချိန် ဘယ်လောက်ရတယ် ဆိုတာမျိုးကို တန်ဖိုးထားပြောဆိုလေ့ ရှိပါတယ်။ သတိပြုရမှာက ထုတ်လုပ်မှုမြင့်မားတိုင်း စီးပွားရေးအရ တွက်ချေကိုက်တာ မဟုတ်ပါဘူး။ ထုတ်လုပ်မှုမြင့်မားလာလေလေ၊ သူ့အတွက် ရင်းနှီးမြှုပ်နှံရတဲ့ သွင်းအားစု ပမာဏ၊ အရည်အသွေးနဲ့ တန်ဖိုးက မြင့်မားလာလေလေ ဖြစ်ပါတယ်။
တခါတရံ ထုတ်လုပ်မှုနည်းတဲ့ စိုက်ပျိုးရေးခြံ၊ မွေးမြူရေးခြံက စီးပွားရေးအရ ပိုပြီး တွက်ချေကိုက် နေတတ်ပါတယ်။ ဒါကြောင့် စိုက်ပျိုးမွေးမြူရေးသမားများအနေနဲ့ အကျပ်အတည်းကာလအတွင်းမှာ မိမိတို့ရဲ့ လုပ်ငန်း ဆက်လက်ရှင်သန်ရပ်တည်ဖို့အတွက် ကိုယ့်ခြံက ထုတ်လုပ်မှု ဘယ်လောက်ရှိသလဲ ဆိုတာထက်၊ အမြတ်အစွန်း ဘယ်လောက်ရသလဲ ဆိုတာကို ဦးတည်စဉ်းစားသင့်ပါတယ်။
(၂) ဈေးနှုန်းသက်သာပြီး လွယ်လွယ်ကူကူရရှိနိုင်တဲ့ သွင်းအားစုတွေ ရှာဖွေပြီး အစားထိုးပါ။
အကျပ်အတည်းကာလအတွင်းမှာ ကြုံရလေ့ရှိတဲ့ ပြဿနာတွေထဲက တစ်ခုကတော့ အရည်အသွေးမြင့်မားတဲ့ သွင်းအားစုတွေ လွယ်လွယ်ကူကူမရရှိတော့တာမျိုး၊ ရရှိရင်လည်း ဈေးနှုန်းမြင့်မားလွန်းတာမျိုး ဖြစ်ပါတယ်။ အဲဒီသွင်းအားစုတွေကိုပဲ သိပ်မှီခိုလွန်းရင် ကြာလာတဲ့အခါ လုပ်ငန်းကို ရပ်ပစ်ရတာမျိုး ဖြစ်လာနိုင်ပါတယ်။
မိမိရဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဟာ ဈေးကြီးတဲ့သွင်းအားစုတွေ (အထူးသဖြင့် နိုင်ငံခြားက တင်သွင်းရတဲ့ သွင်းအားစုတွေ) ကို သိပ်မမှီခိုဘဲ ဒေသမှာ လွယ်လွယ်ကူကူ၊ ဈေးသက်သက်သာသာနဲ့ ရရှိနိုင်တဲ့ သွင်းအားစုမျိုးနဲ့ ဆက်ပြီး စခန်းသွားလို့ရအောင် စဉ်းစားသင့်ပါတယ်။
အဲဒီလို ဈေးသက်သာတဲ့ သွင်းအားစုတွေကို အစားထိုးသုံးစွဲတဲ့အတွက် ထုတ်လုပ်မှုကျဆင်းသွားတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ စီးပွားရေးအရ တွက်ချေကိုက်မှုမြင့်မားလာပြီး လုပ်ငန်းကို ဆက်လက်ရှင်သန်အောင် ထိန်းသိမ်းသွားနိုင်ပါလိမ့်မယ်။
(သွင်းအားစုအစားထိုးနည်းလမ်းတွေကို ‘အစိမ်းရောင်လမ်း’ ဆော့ဝဲထဲမှာလည်း ဝင်ရောက် ဖတ်ရှုလေ့လာနိုင်ပါတယ်)
(၃) သွင်းအားစုတွေကို အသေးစားစိုက်ပျိုးမွေးမြူရေးသမားတွေ စုပေါင်းပြီး ဝယ်ယူပါ။
အရင်းရှင်စီးပွားရေးစနစ်ရဲ့ ရောင်းချမှုပုံစံအရ ဘယ်ပစ္စည်းကိုမဆို များများဝယ်ရင် ဈေးသက်သက်သာသာနဲ့ ရရှိနိုင်ပါတယ်။
ဥပမာ - စိုက်ပျိုးရေးအတွက် ဓာတ်မြေသြဇာ ဝယ်ယူရင်ပဲ ဖြစ်ဖြစ်၊ မွေးမြူရေးအတွက် အစာဝယ်ယူရင်ပဲ ဖြစ်ဖြစ် လက်လီဝယ်ယူတဲ့ ဈေးနှုန်းနဲ့၊ လက်ကားဝယ်ယူတဲ့ ဈေးနှုန်းဟာ သိသာတဲ့ ရာခိုင်နှုန်းတစ်ခုအထိ ကွာခြားလေ့ရှိပါတယ်။ အသေးစားစိုက်ပျိုးမွေးမြူရေးသမား တစ်ယောက်ချင်း စီက မိမိလိုအပ်သလောက် သွင်းအားစု ပမာဏ အနည်းငယ်ကို လက်လီခွဲပြီး ဝယ်ယူနေမယ်ဆိုရင် လက်ကားဝယ်ယူသူတွေ ရရှိတဲ့ အကျိုးအမြတ် ရာခိုင်နှုန်းကို လက်လွတ်ဆုံးရှုံးရမှာ ဖြစ်ပါတယ်။
အဲဒီအစား အသေးစားစိုက်ပျိုးမွေးမြူသူတွေ စုပေါင်းပြီး မိမိတို့ လိုအပ်တဲ့ သွင်းအားစုတွေကို စုပေါင်းဝယ်ယူကြမယ်ဆိုရင် သက်သာတဲ့ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်ပါလိမ့်မယ်။ ဒါကလည်း အကျပ်အတည်းကာလအတွင်း အသေးစားစိုက်ပျိုးမွေးမြူသူတွေ ဆက်လက်ရှင်သန်ရေးအတွက် ထိရောက်တဲ့ အသက်ရှူပေါက်တစ်ခုပါပဲ။
သွင်းအားစုတွေကို စုပေါင်းဝယ်ယူတဲ့အတွက် အပိုဆုအနေနဲ့ သွင်းအားစုတွေကို သယ်ယူပို့ဆောင်ရတဲ့ စရိတ်ကိုလည်း အထိုက်အလျောက် လျှော့ချလာနိုင်ပါလိမ့်မယ်။ ဒါ့အပြင် မိမိတို့ အသေးစား စိုက်ပျိုး မွေးမြူသူတွေရဲ့ စုပေါင်းဆောင်ရွက်နိုင်စွမ်း၊ ညှိနှိုင်းနိုင်စွမ်းတွေပေါ်မူတည်ပြီး သွင်းအားစုတွေကို အကြွေးစနစ်၊ ခေါက်ပြန်ပေးစနစ်တွေနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ စုပေါင်းပြီး ပမာဏများများ ဝယ်ယူတာမို့ အရည်အသွေးကောင်းမွန်တဲ့ သွင်းအားစုတွေ ရရှိနိုင်ဖို့ သွင်းအားစုရောင်းချသူထံ စုပေါင်း တောင်းဆိုတာမျိုးလည်း လုပ်နိုင်ပါတယ်။
(၄) စားသုံးသူထံ တိုက်ရိုက်ရောင်းချပေးနိုင်မယ့် နည်းလမ်းကို ရှာဖွေပါ။
အကျပ်အတည်းကာလတွေမှာ သွင်းအားစုတွေ၊ လုပ်အားခတွေ၊ အခြားကုန်ကျစရိတ်တွေ အားလုံး မြင့် တက်လာတာမို့ မိမိထုတ်လုပ်တဲ့ ထုတ်ကုန်တွေရဲ့ တစ်ယူနစ် ထုတ်လုပ်မှုကုန်ကျစရိတ်က ကြီးမြင့်နေမှာပါ။ တစ်ဖက်မှာတော့ မိမိထုတ်ကုန်ကို ဈေးမြှင့်ရောင်းဖို့ ခက်ခဲနေတတ်ပါတယ်။ ထုတ်လုပ်မှုစရိတ် ကာမိအောင် ဈေးမြှင့်လိုက်တာနဲ့ ရောင်းအားကျသွားတတ်လို့ပါ။ အကျပ်အတည်းကာလမို့ စားသုံးသူတွေဘက်ကလည်း စရိတ်ချွေတာနေရတယ် မဟုတ်လား။
ဒါကြောင့် လက်ရှိ ဝယ်လက်ထံကို မိမိရဲ့ ကုန်ပစ္စည်းတွေ ဈေးမြှင့်ရောင်းချဖို့ဆိုတာ အတော်ကို မလွယ်ကူတဲ့ ကိစ္စပါ။ ဒါ့အပြင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်အများစုရဲ့ ဈေးနှုန်းကို စိုက်ပျိုး မွေးမြူသူက သတ်မှတ်တာ မဟုတ်ဘဲ၊ ကုန်သည်ပွဲစား/ဒိုင်တွေကသာ အဓိက ဆုံးဖြတ်ကြတာမို့၊ စိုက်ပျိုးမွေးမြူရေးသမားတွေအနေနဲ့ ထုတ်ကုန်ကို ဈေးမြှင့်ဖို့ဆိုတာ အတော့်ကို ခက်ခဲပါတယ်။
ဒီလိုအခြေအနေမှာ လုပ်ငန်းဆက်လက် ရပ်တည်လည်ပတ်နိုင်ဖို့ဆိုရင် ထုတ်ကုန်ကို ကုန်သည်ပွဲစား/ဒိုင် တွေဆီထက် စားသုံးသူထံ တိုက်ရိုက်၊ ဒါမှမဟုတ် စားသုံးသူနဲ့ ပိုနီးတဲ့အဆင့်ကို ရောင်းချနိုင်ဖို့ ကြိုးစားသင့်ပါတယ်။ အဲဒီအတွက် လုပ်အား၊ ငွေအား အနည်းငယ် ပိုပြီး စိုက်ထုတ်လာရနိုင်ပေမယ့်၊ အကျိုး အမြတ်က သိသိသာသာ တိုးတက်လာနိုင်ပါတယ်။
အခုလို အကျပ်အတည်းကာလကြီးမှာ မိမိလုပ်ငန်းရှင်သန်ကျန်ရစ်ဖို့နည်းလမ်းတွေကို အမြဲစဉ်းစား ကြံဆနေကြဖို့လိုအပ်မှာပါ။ ဒီထဲကမှ လုပ်ဆောင်သင့်တဲ့ နောက်ထပ် ၆ ချက်ကို အပိုင်း(၂) မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်