အခုလို အစစအရာရာ ကျပ်တည်းနေတဲ့ကာလကြီးမှာ မိမိလုပ်ငန်းရှင်သန်ကျန်ရစ်ဖို့နည်းလမ်းတွေကို အမြဲစဉ်းစား ကြံဆနေကြဖို့လိုအပ်မှာပါ။
ဒီထဲကမှ လုပ်ဆောင်သင့်တဲ့ အချက်တွေထဲက အချက် (၄) ချက်ကို အပိုင်း(၁) မှာ ဖော်ပြခဲ့ပြီးပါပြီ။
အောက်ပါလင့်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
https://greenwaymyanmar.com/posts/Saving_Ways_in_Crisis
အခု အပိုင်း(၂) မှာတော့ မိမိတို့ရဲ့ အသေးစား စိုက်/မွေးလုပ်ငန်းတွေရှင်သန်နိုင်ရေး လုပ်ဆောင်သင့်တဲ့ နောက်ထပ် ၆ ချက်ကို ဆက်လက်ဖော်ပြပေးသွားပါမယ်။
(၅) မလိုအပ်တဲ့ လေလွင့်ဆုံးရှုံးမှုတွေကို လျှော့ချပါ။
မိမိရဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှာ မလိုအပ်ဘဲ လေလွင့်ဆုံးရှုံးနေတာတွေကို လျှော့ချခြင်း၊ ဖြတ်တောက် ခြင်းအားဖြင့် လုပ်ငန်းဆက်လက် ရပ်တည်လည်ပတ်နိုင်ရေးကို အထောက်အကူပြုနိုင်ပါတယ်။
မျိုးအလေအလွင့်၊ မြေသြဇာအလေအလွင့်၊ ရေအလေအလွင့်၊ အစာအလေအလွင့်၊ ထုတ်ကုန်အလေအလွင့် စသည်ဖြင့် ဖြစ်ပေါ်နိုင်တဲ့ လေလွင့်ဆုံးရှုံးမှုတွေအားလုံးကို စာရင်းချရေးပြီး တစ်ခုချင်းစီကို မလေလွင့်အောင် ပိတ်ဆို့တားဆီးသင့်ပါတယ်။ အဲဒီလို ပိတ်ဆို့ခြင်းအားဖြင့် လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရေးအတွက် အများကြီး အထောက်အကူဖြစ်လာစေပါတယ်။ ယေဘုယျအားဖြင့် မလိုအပ်တဲ့ လေလွင့်ဆုံးရှုံးမှုတွေကို ပိတ်ဆို့ရာမှာ ငွေကြေးသုံးစွဲရတာ ရှိတတ်ပေမယ့် ပမာဏအားဖြင့် ဆုံးရှုံးသွားမှာနဲ့ နှိုင်းစာရင် နည်းပါးလှပါတယ်။ အဓိကအာရုံစိုက်ရမှာကတော့ စီမံခန့်ခွဲမှုနဲ့ စည်း ကမ်းလိုက်နာမှု အပိုင်းတွေပဲ ဖြစ်ပါတယ်။
(၆) ရောဂါကျရောက်မှုကို ထိန်းချုပ်ပါ။
အကျပ်အတည်းကာလမှာ အပင်တွေ၊ တိရစ္ဆာန်တွေဆီ ရောဂါကူးစက်ကျရောက်လာမယ်ဆိုရင်တော့ ဘူး လေးရာ ဖရုံဆင့်တယ်လို့ ပြောရမှာပါပဲ။ ဒါကြောင့် အဲဒီလို ရောဂါကျရောက်မှု မဖြစ်ပွားရအောင် ထိန်းချုပ်စီမံဖို့ အထူးလိုအပ်ပါတယ်။ စိုက်ခင်းတွေမှာ ပိုးမွှားကျရောက်မှုကို အမြဲထောက်လှမ်းနေရမှာ ဖြစ်သလို၊ မွေးမြူရေးခြံတွေ မှာလည်း ဇီဝလုံခြုံရေးအစီအမံတွေကို ပြည့်ပြည့်ဝဝ လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။
(၇) မချွေတာသင့်တာကိုတော့ မချွေတာပါနဲ့။
အကျပ်အတည်းကာလမှာ အစစအရာရာ ချွေတာသုံးစွဲရတယ်ဆိုပေမယ့် တချို့အစိတ်အပိုင်းတွေမှာတော့ ချွေတာလို့ မဖြစ်ပါဘူး။ ဥပမာ မွေးမြူရေးခြံတွေအတွက် ကာကွယ်ဆေးတွေဟာ အရည်အသွေးကောင်းမွန်ဖို့ လိုအပ်သလို၊ ပြည့်ပြည့်ဝဝ ထိုးနှံအသုံးပြုဖို့ လိုအပ်ပါတယ်။ အဲဒီနေရာမှာ ချွေတာလိုက်ရင် ချွေတာတာနဲ့ မကာမိတဲ့ ဆုံးရှုံးမှုတွေ ကြုံတွေ့ရနိုင်ပါတယ်။
(၈) အရည်အသွေးကို ထိန်းသိမ်းပါ။
ချွေတာမှုတွေ ဆောင်ရွက်နေတဲ့ တပြိုင်နက်တည်းမှာ မိမိရဲ့ ထုတ်ကုန်အရည်အသွေးကို တတ်နိုင်သမျှ ထိန်းသိမ်းထားဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာ တစ်ဖက်မှာ မိမိထုတ်ကုန်ရဲ့ ဈေးကွက် ဆက်လက်တည်မြဲနေမှာ ဖြစ်ပါတယ်။ ဈေးကွက်ရှိမှလည်း လုပ်ငန်းက ဆက်လက်လည်ပတ်နိုင်မှာပါ။ တွက်ချေကိုက်ရေးကိုပဲ ရှေ့တန်းတင်လွန်းပြီး အရည်အသွေးပိုင်းကို လျှော့ချလိုက်မယ်ဆိုရင် စားသုံးသူတွေက မိမိရဲ့ ထုတ်ကုန်ကို စွန့်ခွာသွားနိုင်ပါတယ်။ ရေရှည်မှာ လုပ်ငန်းရပ်ဆိုင်းရမယ့် အခြေအနေကို ဖြစ်ပေါ်စေပါလိမ့်မယ်။
(၉) ဝယ်လက်ကို အသိပေးပါ။
မိမိရဲ့ လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ချက်တွေကို စားသုံးသူတွေ သိရှိအောင် တနည်းနည်းနဲ့ တင်ပြဖို့ ကြိုးစားသင့်ပါတယ်။ စားသုံးသူဖက်က အဲဒီအခြေအနေတွေကို မှန်မှန်ကန်ကန် သိရှိနားလည်ခြင်းအားဖြင့် တွက်ချေကိုက်အောင် ထုတ်ကုန်ရဲ့ ရောင်းဈေးနဲ့ အရည်အသွေးတွေကို ချိန်ညှိရာမှာ ပိုမိုလွယ်ကူစေပါတယ်။
(၁၀) မျှော်လင့်ချက်ထားပါ။
လက်ရှိ အကျပ်အတည်းဆိုတာ မိမိတစ်ယောက်တည်း ကြုံတွေ့နေရတာ မဟုတ်ဘဲ၊ အများစု ကြုံတွေ့နေ ရတာ ဖြစ်တယ်ဆိုတာကို မမေ့သင့်ပါဘူး။ ဒါကြောင့် အချိန်အတိုင်းအတာတစ်ခုအရောက်မှာ အကျပ် အတည်းတွေကို ကျော်လွှားသွားနိုင်မှာဖြစ်တယ်ဆိုတဲ့ မျှော်လင့်ချက်ကို စိုက်ပျိုးမွေးမြူသူတိုင်း ထားရှိသင့်ပါတယ်။ အဲဒီလို မျှော်လင့်ချက် ရှိနေခြင်းကပဲ အခက်အခဲကနေ ဖောက်ထွက်ဖို့ ခွန်အားနဲ့ နည်းလမ်းတွေကို ဆောင်ကြဉ်းလာပေးပါလိမ့်မယ်။ မျှော်လင့်ချက်မဲ့တာနဲ့တပြိုင်နက် မိမိရဲ့ လုပ်ငန်းကို စွန့်ခွာလိုစိတ် ဖြစ်ပေါ်လာပြီး စီမံခန့်ခွဲမှု အလွဲအမှားတွေ ကျူးလွန်လာနိုင်သလို အားစိုက်လုပ်ဆောင်မှုတွေ လျော့ကျလာမှာ ဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။