နှမ်းဘက်တီးရီးယားရွက်ပြောက်ရောဂါနှင့် ကာကွယ်ကုသနည်း

08/07/2022 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

မြန်မာနိုင်ငံ၊ အပူပိုင်းမိုးနည်းဒေသ၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းများမှာ နှမ်းစိုက်ဧရိယာ ကျယ်ဝန်းပါတယ်။

သီးနှံနဲ့ ရာသီဥတု သဟဇာတဖြစ်တဲ့နှစ်များမှာ ကုန်ကျစရိတ် သက်သာစွာနဲ့ အကျိုးအမြတ်ရရှိတဲ့သီးနှံဖြစ်သလို ရာသီဥတုမကောင်းလို့ မိုးခေါင်မယ်ဆိုရင်တော့ ပိုးမွှားရောဂါ ထူပြောပြီး တံစဥ်လွတ်တဲ့နှစ်တွေလည်း မနည်းကြပါဘူး။

နှမ်းရောဂါများ

နှမ်းရောဂါလို့ဆိုလိုက်တာနဲ့  နှမ်းရိုးမဲရောဂါ၊ နှမ်းပင်ဖိုရောဂါလောက်သာ သတိပြုမိကြပါတယ်။

အကြမ်းအားဖြင့်..

  • မှိုကြောင့်ဖြစ်သောရောဂါ
  • ဖိုက်တိုပလာစမာကြောင့်ဖြစ်သော ရောဂါ
  • နီမတုတ်ကြောင့်ဖြစ်သော ရောဂါ
  • ဘက်တီးရီးယားကြောင့်ဖြစ်သော ရောဂါ

စသဖြင့် ရောဂါဖြစ်စေတဲ့ အကြောင်းရင်းတွေ ရှိတဲ့အနက်...

ဒီဆောင်းပါးမှာတော့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ နှမ်းရောဂါများကို ကောက်နုတ်တင်ပြလိုပါတယ်။

နှမ်း၊ ဘက်တီးရီးယား ရောဂါ

အထူးသဖြင့် မိုးနှမ်းသီးနှံမှာ..

  • ၁။ ဘက်တီးရီးယား အပင်နာရောဂါ (Bacterial leaf blight disease)
  • ၂။ ဘက်တီးရီးယား အရွက်ပြောက်ရောဂါ (Bacterial leaf spot disease)

ဆိုတဲ့ ရောဂါတွေကျတတ်ပါတယ်။

ဘက်တီးရီးယား ရောဂါသဘာဝ

  • ဘက်တီးရီးယားရောဂါဟာ နေပူတလှည့်၊ မိုးရွာတလှည့်၊ ပူလိုက်အေးလိုက်ရာသီဥတု စိုစွတ်ချိန်မျိုးတွေမှာ ပွားများတတ်ပါတယ်။
  • မှိုရောဂါကဲ့သို့ အပင်တစ်ရှူးအတွင်း တိုက်ရိုက် မဝင်ရောက်နိုင်လို့ စတ်ိုမာတာ အပေါက်များမှလည်းကောင်း၊ ပိုးကိုက်ဒဏ်ရာ၊ ထိခိုက်ဒဏ်ရာများမှတဆင့်လည်းကောင်း ဝင်ရောက်နိုင်ပါတယ်။
  • မိုးသက် လေ၊ သွင်းရေ၊ မိုးစက်၊ မိုးပေါက်များကတဆင့်လည်း ကူးစက်ပျံ့နှံ့နိုင်ပါတယ်။
  • အပင်တစ်ရှူးအတွင်း ရောက်ရှိပြီးပါက အစာကြော၊ ရေကြောတလျှောက် ယက်မွေးကိုအသုံးပြုပြီး တနေရာမှ တနေရာ ကူးစက်မြန်ပါတယ်။
  • ဒါကြောင့် ဘက်တီးရီးယားရောဂါဟာ ကုသချိန်နည်းတာမို့ မကျရောက်အောင် ကာကွယ်ခြင်းကသာ အထိရောက်ဆုံးဖြစ်ပါတယ်။

ရောဂါဖြစ်စေသက်ရှိ

  • Bacterial leaf blight ရောဂါဟာ (Xanthomonas campestris PV. ) ဘက်တီးရီးယားကြောင့်ဖြစ်ပြီး...
  • Bacterial leaf spot ရောဂါကတော့ (Pseudomonas  syringae pv) ဘက်တီးရီးယားကြောင့် ဖြစ်ပါတယ်။

ရောဂါနှစ်မျိုးလုံး သီးနှံတရာသီအတွင်း တပြိုင်နက်တည်း ကျရောက်တတ်သလို တမျိုးချင်းလည်း ကျရောက်နိုင်ပါတယ်။

ရောဂါလက္ခဏာ

  • Bacterial blight ရောဂါ စတင်ချိန်မှာဆိုရင် အရွက်ပေါ် ရေစိုနာ အပြောက်အစက်လေးများ အရွယ်မညီမညာ စတင်တွေ့ရှိရပါတယ်။
  • တဖြည်းဖြည်းနဲ့ အကွက်ကျယ်လာပြီး အညိုရောင်ပြောင်းကာ ဒဏ်ရာနေရာ တစ်ရှူးသားများ ကျွတ်ဆတ်ခြောက်သွေ့လာတာကို တွေ့ရပါမယ်။
  • Bacterial leaf spot ရောဂါ စတင်ပုံကတော့ အရွက်ကြောကြားမှာ စိမ်းညိုရောင် ဖျော့တော့ သော အနာကွက်လေးတွေ မညီမညာ တွေ့ရတာက စပါတယ်။
  • တဖြည်းဖြည်း ကျယ်လာပြီး စိမ်းဖျော့ရောင် အကွက်မှာ မီးခိုးရောင် အနားသတ်ပုံစံ တွေ့ရပါတယ်။

ကာကွယ်/ကုသခြင်း

  • ဘက်တီးရီးယားကြောင့်ဖြစ်သော အပင်ရောဂါများကို ဘက်တီးရီးယားသတ်ဆေးဖြင့် အမြစ်ပြတ်ကုသနိုင်တဲ့ဆေး မတွေ့ရသေးပါဘူး။ ထိန်းသိမ်းနိုင်ရုံသာ တတ်နိုင်ပါတယ်။

အကောင်းဆုံး ကာကွယ်နည်းတွေကတော့...

  • သီးနှံ အလှည့်ကျစိုက်ပါ။
  • မုတ်သုန်ဝင်သည်နှင့် ချက်ချင်းစောစိုက်ပါ။
  • ဘက်တီးရီးယားခံနိုင်သောမျိုး စိုက်ပါ။
  • မျိုးစေ့ကို စထရက်နိုဆိုက်ကလင်း စိမ်စိုက်ပါ။
  • ရောဂါလက္ခဏာ စတင်ပြသည်နှင့် တက်ထရာဆိုက်ကလင်း၊ ဘစ်စမာသိုင်ယာဇိုး တမျိုးမျိုးကို ၁၀ ရက်ခြား ဖျန်းပေးပါ။

စေတနာများစွာဖြင့်

ဒို့ဦးလေး

Ref   >>SESAMUM :: MAJOR DISEASE :: BACTERIAL LEAF SPOT

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်