မြေဆီလွှာအတွင်း ရေစိမ့်ဝင်ခြင်း

22/09/2020 12:30 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

‌မြေလက္ခဏာ တစ်ရပ် - စိမ့်ဝင်အား

     စိမ့်ဝင်တယ် ဆိုတာက ရေကိုပြောတာပါ။ မြေကြီးကို ရေလောင်းလိုက်မယ် ဒါမှ မဟုတ် မိုးရွာမယ်။ မြေကြီးပေါ်ကရေ က စိမ့်ဝင်သွားမယ်။ မယုံရင် ရေထလောင်းကြည့်။ ဟဲဟဲ ကလေးတွေတောင် အဲ့ဒါ သိတယ် လို့နော်။ အဲ့ဒါတို ကလေးတွေး မတွေးပဲ တစ်ခြားဖက်ကနေ ကြည့်ရအောင်။ 

စိမ့်ဝင်ခြင်း

 ‌    မြေပေါ်ကရေတွေ အောက်ဖက်ကို စိမ့်ပြီး ကျလာတာကို စိမ့်ဝင်တယ်လို့ ဆိုပါတယ်။ အပေါ်ကနေ အောက်ကို ဆင်းလာတဲ့ အရှိန်၊ ဆင်းအားကို တစ်နာရီကို ဘယ်နလက်မ ဆင်းသလဲ ဆိုပြီး တိုင်းတာပါတယ်။ မိုးရွာပြီး ရေသွင်းပြီးချိန်မှာ တိုင်းတာကြပါတယ်။

အရေးကြီးသလား

     မြေကြီးရဲ့ ရေထိန်းအားကို ပြနိုင်တဲ့ လက္ခဏာတစ်ရပ်ဖြစ်တာမို့ အရေးကြီးပါတယ်။ ရေ က ဘယ်လောက်ကြာကြာနေသလဲ လုံးဝ မနေဘူးလား ဆိုတာကို ဆုံးဖြတ်တဲ့ အခါမှာ အလွန်အရေးကြီးပါတယ်။ ခဏပဲ ရေကို လက်ခံတဲ့ မြေမျိုးဆို ဘာကိုစိုက်ရမလဲ။ အကြာကြီးခံနေတယ်ဆိုရင် ဘာပင်တွေစိုက်ရမလဲ ဆိုပြီးတော့ စိုက်ပျိုးရေးမှာလည်း အရေးပါတာပေါ့။ 

စိမ့်ဝင်အား နဲ့ ဖြစ်တတ်တဲ့ ပြဿနာတွေ

 ‌    မြေပေါ်ရေရောက်လာတယ်။ ရေ က မြေထဲကို တစ်နာရီမှာ  ဘယ်လောက်စီးသလဲ ဆိုတာနဲ့ ပြန်ချိန်ကြည့်မယ်။ မြေကြီးရဲ့ စိမ့်ဝင်အားထက်ပိုပြီးတော့ ရေတွေက ရှိနေမယ်ဆို ရေတွေက မြေထဲကို မဝင်တော့ပဲနဲ့ အပေါ်မှာ ဖြတ်စီးသွားမှာပါ။ အဲ့လိုဆိုရင် ‌အပေါ်ယံက မြေတိုက်စားမှုတွေကို ခံရမှာပါ။ တောင်ကုန်း တောင်စောင်းတွေက ‌မြေပြိုတယ် ဆိုတာ အဲ့လို သဘောကြောင့်ပါ။ ဒါက ရေကြောင့်ချည်းပဲ မဟုတ်သလို မြေကြောင့်ချည်းပဲလို့လည်း ပြောလို့မရပါဘူး။ 

     စိုက်ပျိုးရေးမှာ ဒီပြဿနာက အရေးကြီးပါတယ်။ သဘာဝ အတိုင်း မိုးကြီးတတ်တဲ့ ဒေသ မှာ ကိုယ်က ‌မြေစစ်ပြီး ဘယ်လိုပြုပြင်သင့်တယ်။ ဘယ်လိုရေသွင်းသင့်တယ်ဆိုတာကို ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။

     စိုက်ပျိုးရေးကြောင့်ပဲဖြစ်ဖြစ် ရာသီဥတုကြောင့်ပဲဖြစ်ဖြစ်မြေရဲ့ စိမ့်ဝင်အား ထက်ပိုတဲ့ ရေပမာဏကို ‌လက်ခံရပြီဆိုရင် ‌‌အပေါ်ယံမြေသားတွေက ရေနဲ့ တိုက်စားခံရပြီး နိမ့်ရာကို ဆင်းတဲ့အတွက် ကန်တွေ ချောင်းတွေမှာ အနယ်အနှစ်တွေ သွားစုပြီး ရေကြီးတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကတော့ စိမ့်ဝင်အား နည်းတဲ့ မြေတွေမှာ အဲ့လိုတွေဖြစ်တတ်တာပါ။

     ဒါဆိုရင် စိမ့်ဝင်အား ကောင်းတဲ့ မြေမျိုးတွေကျတော့ရောဆိုတော့ တစ်နာရီအတွင်းမှာ လက်မ များများကို စိမ့်ဝင်နိုင်ပါတယ်။ အဲ့လိုမြေမျိုးကျပြန်တော့လည်း အပင်တွေစိုက်လို့ ရေလောင်းလိုက်တယ် ရေက မနေဘူးဆိုပြန်တော့လည်း အဆင်မပြေပြန်ပါဘူး။ 

     စိမ့်ဝင်အား အရမ်းကောင်းတယ် ဆိုတာ မြန်မြန် အောက်ကို စီးတာကို ပြောတာပါ။ အဲ့လို လက္ခဏာမျိုး ရှိတဲ့ မြေဆိုရင် သဲမြေပါပဲ။ ဒါဆို စိမ့်ဝင်အား မကောင်းဘူးဆိုတာကျတော့ ကြပ်နေတဲ့ ရွံ့‌စေးမြေပါ။ မြေအမျိုးအစားအလိုက် သဲတောကြီးမှာလည်း အပင်စိုက်လို့ အောင်မြင်မှု နည်းသလို ကြပ်နေတဲ့ ‌မြေစေးမှာလည်း အပင်စိုက်ဖို့ ခက်ခဲမှာပါ။ အဲ့တော့ စိမ့်ဝင်အား များရင်လည်း မကောင်းပါဘူး။ နည်းရင်လည်း မကောင်းပါဘူး။ မနည်း မများလေးကပဲ ကောင်းပါတယ်။ အကောင်းဆုံး လိုချင်တယ် ဆိုရင်တော့ ကိုယ်စိုက်တဲ့ သီးနှံအပေါ်မှာ မူတည်ပြီးတော့ ကွာသွားမှာပါ။ ရေလိုအပ်ချက်တွေမှ မတူကြတာကိုး။

ဘာကြောင့် ဖြစ်သလဲ

     ပုံမှန်ကတော့ သူ့မြေကြီး အမျိုးအစားအလိုက် သူ့စိမ့်ဝင်အားနဲ့ ရှိနေပြီးသားဖြစ်ပါတယ်။ စိုက်ရေးပျိုးရေး မွေးရေးမြူရေး လုပ်ကြရင်းနဲ့ စိမ့်ဝင်အားကို ပြောင်းလဲ စေနိုင်တာမျိုးရှိသလား။ ရှိရင်တော့ ဘာတွေမလုပ်ရဘူး ဘာတွေလုပ်သင့်တယ်ဆိုတာကို ဆုံးဖြတ်နိုင်တာပေါ့။ သတင်းကောင်းက ရှိပါတယ်တဲ့။ ဘယ်အချက်တွေဖြစ်မလဲ ကြည့်ရအောင်

     (၁) အပြောင်ရှင်း၊ မီးရှို့တာ၊ ရိတ်ပြီး သီးနှံကို အကြွင်းအကျန်နည်းနည်းမချန်တာ

     (၂) မြေကို အရမ်းမွနေအောင်ထွန်တာ၊ မြေမျက်နှာပြင် ပျက်စီးသည်ထိ အောင်ထွန်တာမျိုး၊ အော်ဂဲနစ် အဆွေးပစ္စည်းတွေ ပြန်မထည့်ပေးတာမျိုး၊

     (၃) မွေးမြူရေးမှာဆိုရင်လည်း ခြံအောက်ခံမြေက စိုစွတ်စွတ်ဖြစ်နေတာမျိုး ဆို မြေကြီးထဲက လေရှုပေါက်လေးတွေ ပိတ်သွားနိုင်ပါတယ်။ မစိုနေတဲ့မြေဆိုလည်း ပိတ်တာပါပဲ။ စိုတဲ့မြေက ပိုဆိုးတတ်တာပါ။ 

     အဲ့လို အကြောင်းအချက်တွေကြောင့် အဓိက မြေစိမ့်ဝင်အားကို ပြောင်းလဲစေနိုင်ပါတယ်။ 

ဘာတွေလုပ်လို့ရသလဲ

အားတက်စရာကတော့ နည်းလမ်းတွေ အများကြီးရှိနေတာပါပဲ။ 

     ရေတိုအနေနဲ့ စိုက်ချင်ပျိုးချင်ပါတယ်ဆိုရင်တော့ မြေစိမ့်ဝင်အား နည်းတဲ့၊ ရေက တော်တော်နဲ့ မဝင်နိုင်တဲ့ မြေမျိုးမှာဆိုရင် အနက် ထွန်လိုက်ပြီးတော့ အပေါ်မြေသားက မြေစိုင် မြေခဲတွေကို ချေပေးလို့ရပါတယ်။ 

     ရေရှည်အတွက် ပြုပြင်ချင်တယ်ဆိုရင်တော့ အော်ဂဲနစ်ပစ္စည်းတွေနဲ့ မြေကြီးရဲ့ လေဝင်လေထွက်ကို ကောင်းအောင်ပြုပြင်ပေးရမှာပါ။  ပြီးတော့ မြေသားကို ပျက်စီး ပြီး မွနေအာင်အထိ ထွန်စရာမလိုသလို ကြပ်သိပ်သွားအောင် မဖိမိစေဖို့ လည်း သတိထားရမှာပါ။ အကြွင်းအကျန်များတဲ့ သီးနှံတွေ (ပြောင်း၊ သစ်စိမ်းမြေသြဇာလို၊ ပဲပင်တွေလို စတဲ့) ကို စိုက်ပြီးတော့ အကျန်တွေနဲ့ မြေပြန်ထွန်စေပြီး မြေထဲမှာ အော်ဂဲနစ်ပစ္စည်းတွေများအောင်လုပ်ပေးရမှာပါ။ တိရိစ္ဆာန်တွေကထွက်တဲ့ နွားချေးလိုမျိုး ကြက်ချေးလိုမျိုးကိုလည်း သုံးလို့ရပါတယ်။ ပြီးတော့ မြေထွန်တာကိုလည်း ပုံမှန်အောက်ကို လျော့ချပေးရမှာပါ။ 

     ရေတိုရော ရေရှည်အတွက်ရော အရှည်ကြည့်ပြီး (၂)မျိုးစလုံးတွဲလုပ်ကြရင်း မြေလည်းပြင် အပင်လည်းစိုက် တောင်သူဦးကြီးတွေလည်း ခပ်မိုက်မိုက်ဖြစ်ကြပါစေ....

ထွန်းဝင်းကျော်

Reference 

http://soilquality.org/indicators/infiltration.html

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်