ကြံပင်ပေါက်အကောင်းဆုံးရရန် စိုက်ပျိုးနည်း (အပိုင်း ၂)

10/02/2023 17:00 PM တွင် U San Thein (Agri) U San Thein (Agri) မှ ရေးသား

ကြံပင်ပေါက်နှုန်းကိုလွှမ်းမိုးသောအချက်များ

ကြံပင်ပေါက်နှုန်းကောင်းစွာရရန်-

  • (က) ကြံမျိုးပိုင်းဖြတ်ဆိုင်ရာအချက်နှင့်
  • (ခ) ပတ်ဝန်းကျင်ဆိုင်ရာအချက်တို့ကို အခြေခံဆောင်ရွက်ရပါမည်။

(က) ကြံမျိုးပိုင်းဖြတ်ဆိုင်ရာအချက်များ

  • ၁။ ကြံမျိုးပိုင်းအတိုအရှည်
  • ၂။ မျက်လုံးဖူးအရေအတွက်
  • ၃။ ကြံမျိုးပိုင်းဖြတ်သက်တမ်း
  • ၄။ စိုက်ချိန်၊ မျက်လုံးဖူးအထားအသို
  • ၅။ ကြံမျိုးပြား
  • ၆။ ကြံပင်အာဟာရဓာတ်ပါဝင်မှု
  • ၇။ ကြံဖတ်(ရွက်ဖုံး) တည်ရှိမှု

(ခ) ပတ်ဝန်းကျင်ဆိုင်ရာအချက်များ

  • ၁။ အပူချိန်
  • ၂။ အစိုဓာတ်
  • ၃။ မြေအတိမ်အနက်
  • ၄။ ဓာတ်မြေဩဇာလောင်ကျွမ်းမှု
  • ၅။ ပိုးသတ်ဆေးရည်စိမ်မှု
  • ၆။ မျိုးပိုင်းခုတ်ချိန်နှင့်စိုက်ချိန်ကြားကာလ
  • ၇။ စိုက်မြေထယ်ရေးအဆင့်အတန်း

က-၁။ ကြံမျိုးပိုင်းအတိုအရှည်

အပင်ငယ်ပေါက်ရန် ကြံမျိုးပိုင်းဖြတ်လိုအပ်ချက်မှာအထူးပင်နည်းလှသည်။ စင်စစ်မျက်လုံးဖူးတစ်ခု၊ အမြစ်လောင်းတစ်ခုနှင့် ၎င်းတို့ကိုစုစည်းထားရာအဆစ်ပိုင်းငယ်ပါလျှင်ပင် ကြံပင်ပေါက်ရနိုင်သေးသည်။ သို့သော်ကြံမျိုးပိုင်းဖြတ်သေးငယ်သွားသည်နှင့်အမျှ အပင်ပေါက်မှုကြန့်ကြာခက်ခဲ၍ အပင်ငယ်ကြုံလှီသေးငယ်သွားသည်ကို အောက်ပါပုံ၌တွေ့နိုင်သည်။

မျက်လုံးဖူးဘေးတစ်ဖက်တစ်ချက် ကြံမျိုးပိုင်းဖြတ်ရှည် ရှည်လာသည်နှင့်အမျှ အပင်အတွက် အာဟာရဓာတ်လုံလောက်စွာရရှိကာ အပင်ပေါက်ကောင်း၍သန်စွမ်းလာသည်ကို အောက်ပါစမ်းသပ်ချက်ပုံက ထင်ရှားစွာပြဆိုနေပါသည်။

က-၂။ မျက်လုံးဖူးအရေအတွက်

မျက်လုံးဖူးတစ်ခုပါသော မျိုးပိုင်းဖြတ်ကိုစိုက်ပါက အပင်ပေါက်အမြန်ဆုံးဖြစ်သည်။ သို့သော် စိုက်ကွက်ထဲ၌ ပိုးမွှားရောဂါအဖျက်အဆီးရှိတတ်၍ မျက်လုံးဖူးတစ်ခုထက်မကပါသင့်သည်။ 

မျက်လုံးဖူးတစ်ခုထက်မကပါသော ကြံမျိုးပိုင်းဖြတ်ကိုစိုက်လျှင် ပင်ဖျားကြီးစိုးမှုဆိုင်ရာ အဟန့်အတားကိုရင်ဆိုင်ရပြန်သည်။ မျက်လုံးဖူးအရေအတွက်များလာသည်နှင့်အမျှ အပင်ပေါက်နှုန်းနှင့်အပင်သန်စွမ်းမှုကျလာတတ်သည်။ မျိုးပိုင်းဖြတ်တစ်ခု၌ မျက်လုံးဖူး (၃) ဖူးထက်ပိုသုံးလျှင် အလေအလွင့် များနိုင်သည်။

က-၃။ မျိုးပိုင်းဖြတ်သက်တမ်း

ကြီးရင့်သောမျိုးပိုင်းသည် နုသောမျိုးပိုင်းထက် ပို၍ညံ့သည်။ ကြီးရင့်သောအောက်ခြေမျက်လုံးဖူးများ သည် ပိုးကိုက်၊ ဒဏ်ရာဒဏ်ချက်တို့ကြောင့် ပျက်စီးမှုများတတ်သည်။ အပေါက်ရာများရှိသောအဖူး၏  အတွင်းလိုဏ်ခေါင်း၌ ပိုးဖောက်ခံထားရသည်ကိုတွေ့နိုင်သည့် အောက်ခြေမျက်လုံးဖူးများသည် အပင်ပေါက်ရာနှုန်းနည်းတတ်သည်။ ဆယ်လသားကြံချောင်းတွင် အပေါ်ပိုင်းသုံးပုံတစ်ပုံကြံဆစ်များသည် စိုက်ပျိုးရန်အကောင်းဆုံးဖြစ်သည်။ အပင်ပေါက်ကောင်းရန် အစိုဓာတ်၊ ဂလူးကိုစ့်နှင့် နိုက်ထရိုဂျင်ဓာတ်တို့ ပြည့်စုံစွာပါဝင်လေ့ရှိသည်။

က-၄။ မျက်လုံးဖူးအနေအထား

မျက်လုံးဖူးတစ်ခုပါသောကြံမျိုးပိုင်းဖြတ်ကို မျက်လုံးဖူး (က) အောက်စိုက် (ခ) အပေါ်ထောင် (ဂ) ဘေးတိုက်အနေအထားသုံးမျိုးဖြင့်စိုက်သော်လည်း အပင်ပေါက်မှုထူးထူးခြားခြားမကွာခြားပေ။

အဆစ်တစ်ဆစ်ပါကြံမျိုးပိုင်းအား မျက်လုံးဖူးကို (က) အပေါ်ထောင်အောက်စိုက် (ခ) ဘေးတိုက် (ဂ) အောက်တည့်တည့်အနေအထား၌စိုက်ပြီး အပင်ပေါက်ထွက်လာပုံ။ ကြီးထွားမှုအတူတူဖြစ်သည်။ သို့သော် ကွေးကောက်ထွက်သောသားတက်များ (ပုံ ခ နှင့် ဂ) မှအဆစ်အမြစ် အများအပြားထွက်သည်။

မျက်လုံးဖူးနှစ်ခုပါသောကြံမျိုးပိုင်းဖြတ်တွင် ထိပ်ဖျားမျက်လုံးဖူးကို အပေါ်ထောင်စိုက်ပါက အောက် မျက်လုံးဖူးကိုဖိနှိမ်တတ်သည်။ ထိပ်ဖျားဖူးကိုအောက်စိုက်ထားကြည့်ပါက အောက်ခြေမျက်လုံးဖူးသည် အပေါ်ဖက်မျက်နှာမူလာ၍ ပြန်လည်ဖိနှိမ်သည်။ သို့သော်စောစောပိုင်းကကဲ့သို့ လွှမ်းမိုးမှု မပြင်းထန်ပေ။ ကြီးရင့်သောမျိုးပိုင်းဖြတ်၌ ဤအချက်မှာမသိသာပေ။

အဆစ်နှစ်ဆစ်ပါကြံမျိုးပိုင်းအားချစိုက်ရာ၌ ထိပ်ဖျားမျက်လုံးဖူးအား (က) ထောင်လျက် (ခ) ဘေးတိုက် (ဂ) အောက်စိုက်ထား၍အပင်ပေါက်ထွက်ခြင်းနှိုင်းယှဉ်ပြပုံ။ ပုံ (က) ၌ထိပ်ဖျားမျက်လုံးဖူးမှ အပင်ပေါက်မှု ညံ့သည်။ (ပုံ ခနှင့် ဂ) မျက်လုံးဖူးနှစ်ခုစလုံးမှ ညီညာစွာအပင်ပေါက်ထွက်သည်။ 

မျက်လုံးဖူးသုံးခုပါသောမျိုးပိုင်းဖြတ်တွင် ထိပ်ဖျားမျက်လုံးဖူးကိုထောင်စိုက်ပါက ၎င်းအလယ် မျက်လုံးဖူးကို အတော်အတန်ဖိနှိမ်သည်။ အလယ်မျက်လုံးဖူးကအောက်ခြေမျက်လုံးဖူးကို တဖန် ဆက်လက်ဖိနှိမ်သည်။ ဘေးတိုက်အနေအထားတွင် မျက်လုံးဖူးများထားစိုက်ပါက အပင်ပေါက်ညီညာ ကောင်းမွန်သည်။ 

အဆစ်သုံးဆစ်ပါကြံမျိုးပိုင်းဖြတ်မှ မျက်လုံးဖူး (က) အပေါ်ထောင် (ခ) ဘေးတိုက် (ဂ) အောက်စိုက် ထား၍ စိုက်ပျိုးပြပုံ။ မျက်လုံးဖူးဘေးတိုက်အနေအထားမှ အပင်အားလုံး သန်မာစွာပေါက်သည်။ 

အဆစ်လေးဆစ်ပါကြံမျိုးပိုင်းဖြတ်မှ မျက်လုံးဖူး (က) အပေါ်ထောင် (ခ) ဘေးတိုက် (ဂ) အောက်စိုက်၍ စိုက်ပျိုးပြပုံ။ တတိယနှင့်စတုတ္ထမြောက်အညွန့်မှာပိုမိုသေးငယ်စွာပေါက်ထွက်နေသည်။ မျက်လုံးဖူး အရေအတွက်များလာသည်နှင့်အမျှ ထိပ်ဖျားမျက်လုံးဖူးက အောက်အဆစ်များရှိမျက်လုံးဖူးများကို ဖိနှိမ် ထားသည်။

က-၅။ ကြံမျိုးပြား

ကြံမျိုးအလိုက်အပင်ပေါက်နှုန်းကွာခြားသည်။ အချို့ကြံမျိုးသည်အမြစ်အရင်ထွက်သည်။ အချို့တွင် အညွန့်ကအရင်ထွက်သည်။

CO 1148 ရေဆင်း (၁) ရေဆင်း (၂) ကြံမျိုးမှာ အပင်ပေါက်နှုန်းမြန်သည်။ F153, Q89 ကြံမျိုးတို့မှာအပင်ပေါက်နှုန်းနှေးသည်။ ပျဉ်းမနားစပ်မျိုး (၁) (PMA 96/56) မှာ ထူးထူးခြားခြား အပင်ပေါက်ကောင်းသောဗီဇရှိသည်။ ယနေ့ကြံမျိုးများတွင် ထိုင်းကြံမျိုး KK 3 အိန္ဒိယမှ COM 265, LK 92/11  တို့သည်အပင်ပေါက်နှုန်းကောင်းကြပါသည်။

က-၆။ ကြံပင်အာဟာရဓာတ်ပါဝင်မှု

ကောင်းစွာကြီးထွား၍အာဟာရဓာတ်ပြည့်စုံသော ကြံခင်းကိုမျိုးအဖြစ်သုံးသင့်သည်။ ကြံပျိုးခင်းအဖြစ်သီးသန့်စိုက်ထားသောကြံခင်းရှိပါက မျိုးအဖြစ်မခုတ်မီ နိုက်ထရိုဂျင်ဓာတ်မြေဩဇာ (ပုလဲမြေဩဇာ)နှင့် ပိုတက်ရှ်ဓာတ်မြေဩဇာအများအပြားကို (၆) ပတ်ကြို၍ကျွေးထားသင့်သည်။

ကြံခင်းဟောင်းခုတ်ခြင်းနှင့်ကြံခင်းသစ်စိုက်ရေးတို့သည် အချိန်ကိုက်ဖြစ်လေ့မရှိသဖြင့် ကြံပျိုးခင်း သီးသန့်ထောင်၍ အာဟာရဓာတ်ပြည့်စုံအောင် စိုက်ထားသင့်ပေသည်။

က-၇။ ကြံဖတ် (ရွက်ဖုံး) ရှိနေမှု

ကြံခုတ်သိမ်းသယ်ယူမှုသည် ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ဆောင်ရွက်ရသဖြင့် မျက်လုံးဖူးများ အထိ အခိုက်ဖြစ်လွယ်သည်။

ထို့ကြောင့် မျိုးအဖြစ်ခုတ်မည့်ကြံကို အပင်အောက်ခြေရှိကြံရွက်ဖတ်များ ရှင်းရသော်လည်း အပေါ်ပိုင်း၏ရွက်ဖုံးများကို မခွာရပေ။ ရွက်ဖုံးများက မျက်လုံးဖူးများကို ကာကွယ်ပေးထား သောကြောင့်မျိုးပိုင်းများကို အလွယ်တကူသယ်ယူနိုင်ပေမည်။

သိုရာတွင်စိုက်ချိန်၌ရွက်ဖုံးကိုခွာ၍စိုက်ပါက အပင်ပေါက်ပိုမြန်သည်။ အချို့မျက်လုံးဖူးများမှာ အစို့ အညှောက်ကြီးသဖွယ်ပေါက်ထွက်သဖြင့် အထိအခိုက်များတတ်သဖြင့် စိုက်ခါနီးမှကပ်ပြီး ရွက်ဖုံးကိုခွာ၍ စိုက်သင့်သည်။

(ခ) ပတ်ဝန်းကျင်ဆိုင်ရာအချက်များ

ခ-၁။ အပူချိန်

အပင်ပေါက်အကောင်းဆုံးအပူအချိန်သည်  ၉၃ နှင့် ၁၀၀ ဒီဂရီဖာရင်ဟိုက် (၃၄ မှ၃၈ စင်တီဂရိတ်) အကြားတွင်ရှိ၍ ၇၀ ဒီဂရီဖာရင်ဟိုက် (၁၆.၇ စင်တီဂရိတ်) အောက်ကျသွားလျှင် အပင်ပေါက်နှေးလာသည်။ ၇၀ မှ ၉၀ ဖာရင်ဟိုက်သို့တိုးလာလေလေ အပင်ပေါက်မြန်လာလေဖြစ်သည်။

၁၆ စင်တီဂရိတ်အောက်၌ တစ်လကြာသည်အထိ အပင်မပေါက်နိုင်သေးပေ။ အေးသောအရပ်ဒေသအချို့၌ ကြံခုတ်ချိန်သည်ကောင်းစွာနွေးထွေးမှုမရသေးပါက ခုတ်ပြီးကြံအဖျားပိုင်းများကို ကြံအဖူးအလိုက် ရေတွင်ချစိမ်ပြီး သိုလှောင်ထားတတ်သည်။ ပူနွေးချိန်တွင်မှ မြေတွင်ချစိုက်ကြသည်။ 

မြန်မာပြည်ကြံစိုက်ဒေသများ၏ စိုက်ချိန်ကာလအတွင်း အမြင့်ဆုံးနှင့်အနိမ့်ဆုံးလေထုအပူချိန်ကို အောက်ပါဇယားဖြင့်သိရှိနိုင်ပေသည်။

 

ခ-၂။ အစိုဓာတ်

မျက်လုံးဖူးငုပ်လျှိုးနားနေရာမှနိုးကြားလာရန် အစိုဓာတ်က အဓိကအချက်ပေးစေ့ဆော်သည်။ စိုက်ချိန်တွင်ရေမပြတ်သွင်းပေးပါက အပင်ပေါက်ကောင်းကြောင်းတွေ့ရသည်။ ထယ်ရေး‌ကောင်းကောင်းဖြင့် မြေအစိုဓာတ်ကိုထိန်းထားနိုင်သောစိုက်ကွက်၌မူ မြေအစိုဓာတ်ကောင်းစွာရရှိပြီးဖြစ်၍ စိုက်ချိန် ရေသွင်းရန်မလိုပေ။

ခ-၃။ မြေအတိမ်အနက်

ကြံမျိုးပိုင်းဖြတ်ကို စိုက်ကျင်း(သို့မဟုတ်) စိုက်မြောင်းထဲချစိုက်ပါက ၁ လက်မမှ ၃ လက်မအထိသာ မြေဖုံးသင့်သည်။ ၃ လက်မထုသည် ၁ လက်မထုထက် အပင်ပေါက်ထွက်ရက် ၃ ရက်ပိုကြာသည်။ ၅ လက်မထုကအပင်ပေါက်ညံ့သည်။ ၈ လက်မထုကနက်လွန်း၍ ကြံပင်ပေါက် အားတိတ်သွားသည်။ အချို့ အပင်ပေါက်ထွက်မလာတော့ပေ။

တိမ်တိမ်စိုက်ပါကသားတက်အမြစ်ထွက်မှုအားနည်းတတ်သည်။ အပင်ကြီးလာချိန် ကြံပင်လဲတတ်သည်။ ထို့ကြောင့် ကြံစိုက်မြောင်းထဲသို့ ကြံမျိုးပိုင်းချပါက မြေကိုမြောင်းအပြည့် မဖုံးဘဲ မျိုးပိုင်းပေါ်မှ ၃ လက်မထက်မပိုအောင် ဖုံးပေးသင့်သည်။ အပင်ပေါက်ရပြီးနောက်ပိုင်းမှ ကျင်းစာကျွေးရင်းမြေဖုံးသင့်သည်။

ခ-၄။ ဓာတ်မြေဩဇာလောင်ကျွမ်းမှု

စိုက်ချိန်အစိုဓာတ်နည်း၍ခြောက်သွေ့နေသောအခါ ဓာတ်မြေဩဇာကိုကြံစိုက်မြောင်းထဲနှုန်းအပြည့် ထည့်ပါက မျက်လုံးဖူးများလောင်ကျွမ်းခံရနိုင်သည်။ နိုက်ထရိုဂျင်ကို စိုက်ချိန်၌တစ်ဝက်သာခွဲထည့်၍ မြေနှင့်ရောမွှေပြီးမှ မျိုးပိုင်းဖြတ်ကို ချသင့်သည်။ ဖော့စပါးရပ်စ်မြေဩဇာကို စိုက်ချိန်၌သတ်မှတ်နှုန်းအပြည့် ထည့်နိုင်ပါသည်။ ပိုတက်ရှ်ဓာတ်မြေဩဇာသည်လည်းလောင်ကျွမ်းတတ်သဖြင့် မြေအစိုဓာတ်မများပါက မိုးဦးကျမှသာစထည့်သင့်သည်။ မြေအစိုဓာတ်ပြည့်စုံပါက ဓာတ်မြေဩဇာလောင်ကျွမ်းမှုနည်း၍ အပင်ပေါက်နှုန်းကိုအထူးမထိခိုက်နိုင်ပေ။ 

ခ-၅။ ပိုးသတ်ဆေးရည်စိမ်ပေးမှု

ပြဒါးဓာတ်ပါသောမှိုသတ်ဆေးရည်တွင် ကြံမျိုးပိုင်းကိုစိမ်စိုက်ပါက အပင်ပေါက်ကောင်းစေသည်။ သားတက်နုလွန်းပါကရေနွေးစိမ်စိုက်လျှင် ထိခိုက်မှုရှိနိုင်သည်။

ခ-၆။ မျိုးပိုင်းခုတ်ချိန်နှင့်စိုက်ချိန်ကြားကာလ

ကြံမျိုးပိုင်းဖြတ်အားမစိုက်မီ နာရီအတော်ကြာ လေသလပ်အခြောက်ခံထားပါက အပင်‌ပေါက်အား ပိုကောင်းကြောင်းတွေ့ရသည်။ စိုထိုင်းဆနည်းပြီး အပူချိန်များသောနေရာ၌ (၆)ရက်ကြာထားချိန်အထိ အပင်ပေါက်ကောင်းကြောင်းတွေ့ရသည်။ ကြံချောင်းအားအခြောက်ခံခြင်းဖြင့် ဆူးကရိုစ့်မှဂလူးကို့စ်ဓာတ်သို့အလွယ် တကူပြောင်းသွားကာ ကြံပင်ပေါက်ကို အားပေးရာရောက်စေသည်ဟု ယူဆနိုင်သည်။

ကြံမျိုးပိုင်းများခုတ်ပြီး ချက်ချင်းမစိုက်ဖြစ်သေးပါက မျိုးပိုင်းဖြတ်များကို အရိပ်အောက်တွင်ပုံ၍ ကောက်ရိုးနှင့်ကြံဖတ်များဖုံးကာထားပြီး ရေဖျန်းကရားဖြင့်ပုံမှန်ဖျန်းပေးလျှင် (၁၅) ရက်ခန့်ထိ မပျက်စီးဘဲ ထားနိုင်သည်။

ခ-၇။ စိုက်မြေထယ်ရေးအဆင့်အတန်း

မြေပေါ်ပိုင်းအပင်ကြီးထွားမှုကောင်းဖို့ မြေ‌အောက်အမြစ်စနစ်ဖွံ့ဖြိုးမှုကောင်းရန်လိုသည်။ အမြစ်ဖွံ့ဖြိုးမှုကောင်းဖို့ မြေသားနက်ရှိုင်းကျေညက်စွာ ဖွဲ့စည်းတည်နေဖို့လိုပေသည်။

အရင်းစစ်အမြစ်မြေကဆိုသကဲ့သို့ မြေအောက်အမြစ်စနစ်ဖွံ့ဖြိုးမှုကောင်းမှသာ အပင်ကြီးထွားမှု ကောင်းပေမည်။ ထို့ကြောင့်ကြံထယ်ရေးအဆင့်မှီရမည်ကို လျှော့တွက်ထား၍မရပေ။

မြေ၏သိပ်သည်းကျစ်လျစ်မှုတန်ဖိုးသည် (ပုံ၏ညာစွန်း) တွင်  ၁.၁ ရှိ၍ ဝဲစွန်းသို့တိုးသွားသည်နှင့်အမျှ ကျစ်လျစ်မာကြောမှုသည် ၁.၂ ၊ ၁.၄ ၊ ၁.၅ ၊ ၁.၆  အသီးသီးသို့ တည်ရှိမာကြောသွားပါသည်။ ထို့ကြောင့် အမြစ်ထိုးဖောက်ဝင်ရောက်နိုင်မှုမှာလည်း လျော့ကျသွားပါသည်။ ကြံအမြစ်စနစ်ကြီးထွားဖွံ့ဖြိုးရန် မြေသည်ကျပ်မနေသင့်ပဲ မြေ၏သိပ်သည်းကျစ်လျစ်မှု (Bulk Density) ၁.၁ မှ ၁.၂ အဆထက် မပိုသင့်ပေ။ 

ကြံအမြစ်အားလုံး၏ ၅၀ ရာခိုင်နှုန်းသည်မြေအပေါ်ပိုင်း (၈) လက်မအတွင်းတွေ့ရသည်။ မြေအနက် (၂) ပေအတွင်းတွင် အမြစ်အားလုံး၏ (၈၅) ရာခိုင်နှုန်းရှိသည်။ ၎င်းအောက်ရောက်လေလေ အမြစ်ပမာဏနည်းလေလေဖြစ်သည်။ 

ကြံထယ်ရေးကောင်းတို့မည်သည် နက်ရမည်။ ညက်ရမည်။ သို့မှသာအောက်ပါပုံအတိုင်း အမြစ်စနစ် ဖွံ့ဖြိုးမည်။ သဲကျပ်မြေ၊ ရွှံ့စေးဆန်မြေနှင့် မိုးတွင်းရေအမြဲဝပ်သည့်မြေတို့တွင် အမြစ်ကြီးထွားမှု နှောင့်နှေးကျဆင်းမည်။ ထို့ကြောင့်အပင်ဖြစ်ထွန်းမှု ညံ့ဖျင်းမည်။

အပင်ပေါက်စွဲမြဲဖြစ်ထွန်းဖို့ ကြံထယ်ရေးကောင်းကောင်းလိုသည်။ အပင်ပေါက်ပြီးကြီးထွားလာချိန် ကာလတလျှောက်လုံးတွင်လည်း မြေကြီးသည်အစိုဓာတ်ကိုထိန်းနိုင်ပါမှ အမြစ်စနစ်ဆက်လက်ဖွံ့ဖြိုးပြီး  မြေပေါ်ပိုင်းကြီးထွားမှုကောင်းမည်။ ထို့ကြောင့်ကြံထယ်ရေးသည် အစပိုင်းကတည်းက ညက်ညောနေရန် လိုသည်။ နှပ်ထယ်ရေးဖြစ်ရမည်။ ဆိုလိုသည်မှာအစိုဓာတ်ကိုထိန်းနိုင်သောထယ်ရေးဖြစ်ရမည်။

စံသိန်း(စိုက်ပျိုးရေး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်