ကြံပင်ရင့်မှည့်မှုအခြေအနေကို မခုတ်သိမ်းမီစစ်ဆေးခြင်း

02/11/2022 13:00 PM တွင် U San Thein (Agri) U San Thein (Agri) မှ ရေးသား

ကောက်နှံပင်များရင့်မှည့်လျှင် အနှံများငိုက်လာခြင်း၊ သစ်သီးပင်များခူးဆွတ်ချိန်ရောက်လျှင် အမှည့်တဝင်းဝင်းဖြစ်လာခြင်းကို ပေါ်လွင်ထင်ရှားစွာ ပြသကြပါသည်။ ကြံပင်များရင့်မှည့်မှုကို သိရှိရန်အတွက် ကြံချောင်းကို ချိုးစုပ်ကြည့်ပါဟု ဆိုလာပါလျှင် အလွယ်ပြောရာရောက်ပါမည်။

ကြံချောင်းထဲ၌ ရေဓာတ် ၈၀ ရာခိုင်နှုန်းကျော်ပါဝင်၍  သကြားဓာတ်အပြင် အခြားသတ္ထုဓာတ်ဆားများ ပျော်ဝင်နေသဖြင့် အချိုဒီဂရီတိုင်းတာသောကိရိယာဖြင့်သာ ကြံပင်၏ရင့်မှည့်မှုအခြေအနေကို တိတိကျကျပြောနိုင်ပါသည်။

မျက်မြင်အားဖြင့်ကြံပင်ရင့်မှည့်ချိန်တွင် တစ်ပင်လုံးစိမ်းဖျော့ရောင်မှ အဝါရောင်သန်းလာသည်။ ကြံပင် သည် ဆက်၍ရှည်မလာတော့ပေ။ ကြီးထွားမှုရပ်၍ ကြံဆစ်၏မျက်လုံးဖူးများ ဖူးရောင်လာမည်။ ရီဖရက်တိုမီတာ (Refractometer) ခေါ် အချိုဒီဂရီတိုင်းကိရိယာကို ကွင်းဆင်းစစ်ဆေးသူများ အလွယ်တကူ လက်ကိုင်သုံးစွဲနိုင်သည်။ ဤကိရိယာဖြင့် ကြံပင်၏ရင့်မှည့်မှုကို စစ်ဆေးနိုင်ပါသည်။

အချိုဒီဂရီပြည့်ဝ၍ ရင့်မှည့်သောကြံကို အချိန်မီခုတ်သိမ်းပြီး ကြိတ်ဝါးနိုင်လျှင် သကြားစက်ရုံအဖို့ သကြားထွက်ရာခိုင်နှုန်း အမြင့်ဆုံးရနိုင်သည်။ ထို့ကြောင့်ရင့်မှည့်သောကြံကို ခုတ်သိမ်းနိုင်ရေးသည် စက်ရုံအတွက်အကျိုးဖြစ်ထွန်းလှသဖြင့် မခုတ်သိမ်းမီ တစ်လအလိုတွင် ကြံပင်ရင့်မှည့်မှုဒီဂရီကို စစ်ဆေးခြင်း (Maturity Testing ) သည် အထူးလိုအပ်သည်။

မြန်မာနိုင်ငံသည် စက်သွင်းကြံ၏ကြံအလေးချိန်ပေါ် မူတည်၍ ကြံဝယ်ဈေးနှုန်းအား သတ်မှတ်ပေးချေသောစနစ်ကို နှစ်ကာလကြာရှည်စွာ ကျင့်သုံးနေဆဲဖြစ်ပါသည်။ ကြံ၏သကြားဓာတ်ပါဝင်မှုအပေါ်မူတည်၍ ကြံဝယ်ဈေးကို သတ်မှတ်ခြင်းမဟုတ်ပေ။ ထို့ကြောင့် ကြံတောင်သူအဖို့ ကြံပင်ရင့်မှည့်မှုရှိမရှိကို စစ်ဆေးပြီးမှ ရင့်မှည့်သောကြံကို ဦးစားပေးခုတ်သိမ်းရန် စိတ်မဝင်စားကြပေ။ ကြီးထွားမှုကောင်းနေသော အချိန်စီးသည့် ကြံချောင်းများကိုသာ ခုတ်သိမ်း ပေးသွင်းလိုစိတ် ရှိကြသည်။

ကြံပင်ရုံများမှနောက်မှထွက်လာသော တန်ဆောင်မုန်းစို့ သားတက်များကိုပါ ထည့်၍ စက်သွင်းကြံအဖြစ် ပေးသွင်းလျှင် ကြံတောင်သူအတွက် အချိန်ပိုစီး၍ ငွေပိုရမည်။ သို့သော်သကြားစက်များအတွက် သကြားအထွက် ယုတ်လျော့ကျဆင်းစေမည်။

သကြားဓာတ်ပါဝင်မှုမြင့်မား၍ ရင့်မှည့်သောကြံချောင်းများကို ခုတ်သိမ်းပေးသွင်းနိုင်ရေးစနစ်ကို ကြံဝယ်ယူရေး၌ ကျင့်သုံးလျှင် သတ်မှတ်ကြမ်းခင်းဈေးပေါ်မှ သကြားဓာတ်ပါဝင်မှုများလျှင်များသလို ကြံဈေးကို တိုးမြှင့်ပေးရန်ဖြစ်သည်။

ထိုစနစ်ကိုကျင့်သုံးပါက သကြားဓာတ်ပါဝင်မှုများသောကြံများကို စက်ရုံသို့ပေးသွင်းနိုင်လေလေ ကြံ‌တောင်သူလည်း ပိုက်ဆံပိုရ၍  သကြားစက်လည်း သကြားထွက်နှုန်း ပိုကောင်းကာ တွက်ခြေကိုက်လာနိုင်ပါသည်။ တစ်တိုင်းပြည်လုံး အတိုင်းအတာနှင့် ပြောရလျှင် သကြားစက်လောက၏ ယှဉ်ပြိုင်မှုစွမ်းအား မြင့်မားလာကာ ကမ္ဘာ့ဈေးကွက်၌ ထိုးဖေါက်အား ပိုကောင်းလာနိုင်သည်။

သို့သော် သကြားဓာတ်ပါဝင်မှုပေါ်အခြေခံသော ကြံဝယ်ယူရေးစနစ်ကို ကျင့်သုံးနိုင်ရန် သကြားစက်အဖို့ ကြံအရည်အသွေးစစ်ဆေးနိုင်သည့် နည်းစနစ်၊ ကြံနမူနာယူသောစက်ကိရိယာနှင့် သကြားဓာတ်ခွဲခြင်းကို လျင်မြန်စွာ ဆောင်ရွက်နိုင်သော ဓာတ်ခွဲခန်းစနစ်ကို ထူထောင်ထားရန် လိုအပ်ပါမည်။ ဤအချက်သည် ပြုပြင်ပြောင်းလဲရေး လိုအပ်ချက်များစွာထဲအနက် တစ်ခုအပါအဝင်ဖြစ်သည်။

သကြားဓာတ်ပါဝင်မှုမြင့်မားခြင်းနှင့်ရင့်မှည့်ခြင်းသည် မတူပေ။ သကြားဓာတ်ပါဝင်မှု မြင့်မားခြင်းသည် ကြံမျိုးအလိုက် မတူကွဲပြားခြားနားသည်။ ရင့်မှည့်မှုဆိုသည်ကား ကြံပင်၏အရင်းပိုင်းရှိ သကြားဓာတ်ပါဝင်မှုသည် အဖျားပိုင်းရှိသကြားဓာတ်ပါဝင်မှုနှင့် တူညီစွာဆိုက်ရောက်လာသောအခြေအနေကို ဆိုလိုသည်။ (ပုံ-၁ နှင့် ပုံ-၃) ကြံမျိုးတစ်မျိုး၏ ရှိရင်းစွဲသကြားဓာတ်ပါဝင်မှု အမြင့်ဆုံးကို ရောက်သောအချိန်ဟုလည်း ဆိုနိုင်သည်။ ထိုအချိန်တွင် ကြံကို ခုတ်သိမ်းကြိတ်ဝါးနိုင်ပါက သကြားထွက်နှုန်း အများဆုံးကို ရပေမည်။

ကြံပင်ရင့်မှည့်မှုကို တိုင်းတာစစ်ဆေးသောနည်းလမ်း (၅) မျိုးကို ဖော်ပြပါမည်။ ပထမနည်းမှာ လက်ကိုင်အချိုဒီဂရီတိုင်းကိရိယာ (ပုံ-၂) ဖြင့်ကြံပင်၏ အရင်းနှင့်အဖျားကို စူးဖြင့်ထိုး၍ ရလာသော ကြံရည်ကို အချိုဒီဂရီတိုင်းကိရိယာပေါ်တင်ပါက အချိုဒီဂရီ (Brix) မည်မျှရောက်သည်ကို သိရှိနိုင်ပါသည်။

ဉပမာ-ကြံပင်အရင်းပိုင်း၏အချိုဒီဂရီသည် (၂၀) ဖြစ်၍ ကြံပင်အဖျားပိုင်းသည်လည်း အချိုဒီဂရီ (၂၀) သို့ ရောက်လျှင် အဖျားပိုင်း / အရင်းပိုင်း အချိုး( Top/Bottom Ratio) (တစ်) ဖြစ်လာ၍ ရင့်မှည့်မှု အပြည့်အဝ ရောက်ပြီဟုဆိုနိုင်သည်။ ဤနည်းသည် လွယ်ကူသည်။ ရိုးရှင်းသည်။ စရိတ်ကျဉ်းသည်။ တစ်ကွင်းလုံး ဧရိယာတစ်ခုလုံး ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်သည်။ 

ကြံပင်၏ သကြားဓာတ် (Sucrose) ပါဝင်မှုကိုအတိအကျသိလိုလျှင် သကြားဓာတ်ခွဲခန်း၌ ပိုလာရီမီတာကိရိယာပေါ်တွင် သန့်စင်ထားသော ကြံရည်ကိုတိုင်းတာကြည့်ရှုရပါမည်။ ဒုတိယနည်း ရီဖရက်တိုမီတာဖြင့် တိုင်းတာသောအချိုဒီဂရီ (Brix) က ကြံရည်ထဲ၌ Sucrose သကြားဓာတ်အပြင် အခြား သတ္ထုဓာတ်ဆားများ ပါဝင်၍ Sucrose ပါဝင်မှုကို ပထမနည်းက အတိအကျမ‌ရနိုင်ပေ။

တတိယနည်းမှာ ကြံရည်ထဲရှိ ဓာတ်ပျက်သကြား (Reducing Sugar) ပါဝင်မှုကို သကြားဓာတ်ခွဲခန်း၌ ဓာတ်ခွဲတိုင်းတာရပါသည်။ ရင့်မှည့်လာသောကြံပင်သည် ဓာတ်ပျက်သကြားပါဝင်မှု ၀.၀၁ ရာခိုင်နှုန်းထက် လျော့နည်းပါဝင်ရပါမည်။ 

စတုတ္ထနည်းမှာ ကြံပင်၏ထိပ်ဖျားတွင် အပေါ်ဆုံးအရွက် (နံပါတ် ၁) မှ စတင်ရေတွက်လျှင် (၈) ရွက်မြောက်နှင့် (၁၀) ရွက်မြောက်အရွက် တွယ်ကပ်နေသောကြံဆစ် (၃)ဆစ် (၈-၁၀) ၏အစိုဓာတ်ပါဝင်မှုကို စစ်ဆေးကြည့်လျှင် အစိုဓာတ် ၇၀% မှ ၇၄% ကိုတွေ့ရလျှင် ကြံပင်ရင့်မှည့်ပြီဟု ဆိုနိုင်သည်။

ပဉ္စမနည်းမှာ နေ့စဉ်အပူချိန်မှ Day-Degree (DD) ကို တွက်ယူပါသည်။ ကြံပင်အတွက် ထိလွယ်ရှလွယ်သော အပူချိန်အမှတ်မှာ ၇၀ ဒီဂရီဖာရင်ဟိုက်ဖြစ်သည်။ နေ့စဉ်ပျှမ်းမျှ အပူချိန်နှင့် ၇၀ ဒီဂရီ ဖာရင်ဟိုက်ကို ခြားနား၍ ခြားနားချက်များကို ၂ ပတ်တစ်ခါပေါင်းပြီး ကြံပင်ခုတ်သိမ်းကာလ ၅ လအတွင်း Day-Degree (DD) တန်ဖိုးကို ၂ ပတ်တစ်ခါ  သကြားဓာတ်ပါဝင်နေမှုနှင့် ဆက်စပ်ညီမျှခြင်းရှာပါသည်။ Day-Degree တန်ဖိုးနည်းလာသည်နှင့်အမျှ ကြံပင်၏သကြားဓာတ်ပါဝင်မှုမြင့်မားလာပေရာ တွက်ချက်ထားသောညီမျှခြင်းဖြင့် သကြားဓာတ်ပါဝင်မှုအမြင့်ဆုံးအချိန်ကို တွက်ချက်ခန့်မှန်းနိုင်ပါသည်။

မိုးရေချိန်သည်သကြားဓာတ်ပါဝင်မှုကို ကျဆင်းစေ၍ မိုးရေချိန်ကိုလည်း စစ်ဆေးကြည့်ရန်လိုသည်။  ဤနည်းကို ဒေသတစ်ခုတွင် တစ်နှစ်အတွက်ဆောင်ရွက်ထားလျှင် နောင် ၆ နှစ် ၇ နှစ်စာရင့်မှည့်မှု ခန့်မှန်းချက်ကို သကြားစက်ရုံနယ်မြေတစ်ခုအတွက် ခန့်မှန်းချက်ထုတ်ပေးနိုင်ပါသည်။

လမိုင်းကြံခင်းများသည် ခင်းသစ်ထက် ၂ ပတ် ၃ ပတ်ထက်စော၍ ရင့်မှည့်သည်။ ရင့်မှည့်ချိန်ကာလသည် ကြံမျိုးပြားအလိုက် ကွာခြားပါသည်။ ရင့်မှည့်မှုစစ်ဆေးခြင်းလုပ်ဆောင်ရန် အောက်ပါပုံများကိုကြည့်ရှု၍ ဆောင်ရွက်နိုင်ပါသည်။ သကြားစက်ရုံအလိုက် လက်ရှိစိုက်ပျိုးနေသော ကြံမျိုးပြားများ၏ ကြံအရည်အသွေးနှင့် ရင့်မှည့်မှုကို စစ်ဆေးတန်ဖိုးဖြတ်လိုပါက စိုက်ပျိုးရေးသိပ္ပံပညာရပ်ဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲ (၁၉၈၅) ခုနှစ်၌ တင်သွင်းခဲ့သော ကျွန်တော်၏စာတမ်းတွင်အသေးစိတ်ဖတ်ရှု၍ မှီငြမ်းဆောင်ရွက်နိုင်ပါသည်။

စံသိန်း(စိုက်ပျိုးရေး)

နိုဝင်ဘာလ ၁ ရက်၊ ၂၀၂၂

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။    


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်