သိုး၊ ဆိတ် မွေးမြူရေးနှင့် ပြည်သူ့ကျန်းမာရေးအတွက် အရေးကြီးသည့် သန်လည်ရောဂါ

08/12/2022 17:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

သိုး၊ ဆိတ် မွေးမြူသူအတော်များများ သန်လည်ရောဂါကို သိကြပါသည်။ မိမိမွေးမြူထားသော သိုး၊ သို့မဟုတ် ဆိတ်သည် လက်ယာရစ်၊ သို့မဟုတ် လက်ဝဲရစ် စက်ဝိုင်းပုံလည်ကာ လမ်းလျှောက်နေခြင်းမှာ သန်လည်ရောဂါ၏ ထင်ရှားသော လက္ခဏာဖြစ်သည်။ မွေးမြူသူအများစုမှာ သန်လည်ရောဂါ ဘာကြောင့်ဖြစ်သလဲ၊ ဘယ်လိုဖြစ်သလဲ၊ ဘယ်လို ထိန်းချုပ်ရမလဲ ဟူသည့်အချက်များကို သိရှိလိုကြပေလိမ့်မည်။ 

သန်လည်ရောဂါသည် တေးနီးယား မာလ်တီဆပ်စ် (Taenia multiceps) ဟုခေါ်သော တိပ်ပြားသန်ကောင်ကြောင့် ဖြစ်ပွားသည့်ရောဂါတစ်ခုဖြစ်သည်။ လူအများစုက သန်ကောင်ဟုဆိုလျှင် သန်လုံးကောင်များကိုသာ မျက်စိထဲ ပြေးမြင်တတ်ကြသည်။ တကယ်တော့ သန်လုံးကောင် (Round worm) များအပြင် သစ်ရွက်ပုံစံရှိသည့် ရွက်ပြားသန်ကောင် (Flukes) များနှင့် တိပ်ခွေကဲ့သို့ ခပ်ပြားပြား ပုံစံရှိသည့် တိပ်ပြားသန်ကောင် (Tape worm) များလည်း ရှိပါသေးသည်။ 

Taenia multiceps သည် တိပ်ပြားသန်ကောင် တစ်မျိုးဖြစ်သည်။ ၎င်း၏ လက်ခံကောင် (host) မှာ ဝံပုလွေ၊ ခွေး အစရှိသည့် အသားစားသတ္တဝါအုပ်စု ဖြစ်သည်။ လက်ခံကောင်ဆိုသည်မှာ ကပ်ပါးကောင်ကို ၎င်း၏ ခန္ဓာကိုယ်ထဲတွင် နေထိုင်ခွင့်ပေးထားရပြီး ၎င်းထံမှ အာဟာရများကို ကပ်ပါးကောင်အား မျှဝေပေးရသည့်သတ္တဝါကို ဆိုလိုခြင်းဖြစ်သည်။ 

အရွယ်ရောက်ပြီး Taenia multiceps သက်ကြီးသန်ပြားကောင်တစ်ကောင်သည် အရှည်အားဖြင့် ၄၀၀ မီလီမီတာ (၁၅ လက်မ ဝန်းကျင်) မှ ၁၀၀၀ မီလီမီတာ (၄၀ လက်မ ဝန်းကျင်) ခန့်အထိ ရှိတတ်ပြီး၊ ဗျက် ၅ မီလီမီ တာ (၀.၂ လက်မ ဝန်းကျင်) ရှိတတ်သည်။ ဦးခေါင်းပိုင်းက သေးငယ်ပြီး၊ ခန္ဓာကိုယ်နောက်ပိုင်းတွင် တဖြည်းဖြည်း ဗျက် ကျယ်လာသည်။ ဦးခေါင်းတွင် စုပ်ခွက် (sucker) ပါဝင်ပြီး ၄င်း စုပ်ခွက်ဖြင့် လက်ခံကောင် (ခွေး) ၏ အူနံရံကို တွယ်ချိတ်ကာ ခွေးထံမှ အာဟာရများကို စုပ်ယူစားသုံးသည်။ 

   

 

ခန္ဓာကိုယ်အနောက်ပိုင်းတွင် အဆစ်ပိုင်းများ ပါဝင်သည်။ အဆစ်ပိုင်းတစ်ခုချင်းစီထဲတွင် အဖိုနှင့် အမ မျိုးပွားအင်္ဂါ နှစ်မျိုးစလုံးပါဝင်ပြီး ၎င်းတို့က သန်ဥများကို ထုတ်လုပ်သည်။ သန်ကောင်၏ နောက်ဆုံးပိုင်းရှိ အဆစ်ပိုင်းများ ရင့်မှည့်လာသည့်အခါ ၎င်းတို့ကို ဖြုတ်ချလိုက်သည်။ ထို့ကြောင့် ယင်းအဆစ်ပိုင်းများမှာ ခွေး၏ မစင်နှင့်အတူ ပြင်ပသို့ ရောက်ရှိလာသည်။ 

   

 

ခွေး၏ မစင်ထဲတွင် ပါဝင်သည့် သန်ကောင်ဥများကို ခွာကွဲသတ္တဝါများ (အထူးသဖြင့် သိုးနှင့်ဆိတ်) များက စားမိတတ်သည်။ ထိုသတ္တဝါများကို ကြားခံလက်ခံကောင် (intermediate host) ဟု ခေါ်သည်။ ကြားခံလက်ခံကောင် ဆိုသည်မှာ လက်ခံကောင် (host) တစ်ကောင်မှ အခြားလက်ခံကောင် (host) သို့ မရောက်မီကြားတွင် ကပ်ပါးကောင်၏ သားလောင်းအဆင့်ကို ယင်း၏ ခန္ဓာကိုယ်ထဲတွင် ခေတ္တနေထိုင်စေပြီး အဆင့်ဆင့် ဖွံ့ဖြိုးခွင့်ပေးရသည့် သတ္တဝါဖြစ်သည်။ 

Taenia multiceps ဥကလေးများသည် သိုး၊ ဆိတ်များ၏ အစာလမ်းကြောင်း (အူ)ထဲသို့ ရောက်ရှိသည့်အခါ ဥမှ သားလောင်းများ ပေါက်လာသည်။ ထိုသားလောင်းလေးသည် သိုး၊ ဆိတ်၏ အူနံရံကို ထိုးဖောက်ကာ သွေးကြောထဲသို့ ဝင်ရောက်ပြီး ၎င်းတို့အတွက် ယာယီနေထိုင်စရာ နေရာကို ရှာဖွေကြသည်။ ၎င်းတို့၏ ယာယီနေထိုင်စရာ အဆင်အပြေဆုံးနေရာမှာ သိုး၊ ဆိတ်များ၏ ဦးနှောက်နှင့် အာရုံကြောမကြီးတို့ပင် ဖြစ်သည်။ သွေးကြောများမှတဆင့် လှည့်ပတ်သွားလာရင်း ဦးနှောက်သို့ရောက်သောအခါ အရည်အိတ် (cyst) ကလေး ဖန်တီးကာ လနှင့်ချီ၍ ဆက်လက်နေထိုင်သည်။ 

 

သိုး၊ ဆိတ်များ၏ ဦးနောက်တွင် အရည်ကြည်အိတ်ဖြစ်ပေါ်လာသဖြင့် ယင်းအရည်ကြည်အိတ်က ဦးနှောက်၏ အစိတ်အပိုင်းများကို ဖိအားဖြစ်ပေါ်လာစေပြီး ဦးနှောက်၏ ပုံမှန်လုပ်ငန်းများကို မလုပ်နိုင်အောင် ဖျက်ဆီးပစ်လိုက်သည်။ ထို့ကြောင့် သိုး၊ ဆိတ်များတွင် အာရုံကြောလက္ခဏာများ ပေါ်ပေါက်လာသည်။ ခန္ဓာကိုယ်ကို ဟန်ချက်မထိန်းနိုင်တော့ဘဲ တစ်ဖက်ဖက်သို့ စောင်းသွားသည်။ ထို့ကြောင့် သိုး၊ ဆိတ်များသည် လက်ဝဲရစ်၊ လက်ယာရစ်ပုံစံ လမ်းလျှောက်သွားလာနေတော့သည်။ ယင်းကိုပင် သန်လည်ရောဂါဟု အရပ်ထဲတွင် ခေါ်ဆိုကြခြင်း ဖြစ်သည်။ 

တောရိုင်းသဘာဝတွင် ဝံပုလွေများက သိုး၊ ဆိတ်များကို ဖမ်းယူစားသောက်လေ့ရှိရာ Taenia multiceps ကြောင့် ဦးနှောက်တွင် အရည်အိတ်တည်နေသည့် သိုး၊ ဆိတ်များကို ဝံပုလွေများက ဖမ်းယူစားသောက်သည့်အခါ ယင်းအရည်အိတ်ထဲရှိ သားလောင်းကလေးမှာ ဝံပုလွေ၏ အစာလမ်းကြောင်း (အူ) ထဲသို့ ပြန်လည်ရောက်ရှိသွားပြီး သက်ကြီး တိပ်ပြားသန်ကောင် အဖြစ် ဆက်လက်ကြီးထွားလာပြန်သည်။ ထို့နောက် အထက်တွင် ပြောခဲ့သည့်အတိုင်း အဆစ်ပိုင်းများ ထပ်မံထုတ်လုပ်ကာ နောက်ထပ်သန်ကောင်မျိုးဆက်တစ်ခုအတွက် သန်ဥများကို ဆက်လက် ထုတ်လုပ်ပေးသည်။ 

အိမ်မွေး သိုး၊ ဆိတ်များကိုမူ သားသတ်ရုံများတွင် အသားအဖြစ် ထုတ်လုပ်ကြသည်။ အသားပေါ်ရာမှ ထွက်ရှိလာသည့် ဦးခေါင်းခွံများထဲတွင် Taenia multiceps သားလောင်း အရည်ကြည်အိတ်များ ပါဝင်နေနိုင်သည်။ ယင်းဦးခေါင်းခွံများကို စနစ်တကျ မစွန့်ပစ်ပါက သားသတ်ရုံအနီးရှိ ခွေးများထံသို့ ရောက်ရှိသွားပြန်သည်။ ခွေးများက မစင်စွန့်သည့်အခါ သန်ဥပါသော အဆစ်ပိုင်းများ ပြန်လည်၍ ပါလာသဖြင့် ယင်းတို့သည် မွေးမြူထားသော သိုး၊ ဆိတ် များထံသို့ ပြန်လည်ရောက်ရှိလာစေပြန်သည်။ ထို့ကြောင့် သန်လည်ရောဂါမှာ အမြစ်မပြတ်ဘဲ ဆက်လက် ဖြစ်ပေါ်လာတော့ သည်။ 

 

ပုံ - ဆိတ်၏ ဦးနှောက်တွင် Taenia multiceps ကြောင့် အရည်အိတ် ဖြစ်ပေါ်နေပုံ

အကယ်၍ ခွေး၏ မစင်တွင် ပါဝင်လာသည့် သန်ဥများမှာ အကြောင်းအမျိုးမျိုးကြောင့် လူသို့ ရောက်ရှိသွားပါက လူတွင်လည်း အလားတူ ဖြစ်ပေါ်နိုင်သည်။ အထူးသဖြင့် သားလောင်းသည် လူ၏ မျက်လုံး၊ ဦးနှောက်နှင့် အရေပြားအောက်ရှိ တစ်သျှူးများသို့ ရောက်ရှိကာ အရည်အိတ်များ ဖြစ်ပေါ်စေနိုင်သည်။ 

ထို့ကြောင့် သန်လည်ရောဂါကို ထိန်းချုပ်ရေးမှာ တိရစ္ဆာန်မွေးမြူရေးအတွက်သာမကဘဲ၊ လူသားတို့၏ ကျန်းမာရေးအတွက်ပါ အရေးကြီးသည့် လုပ်ငန်းဖြစ်သည်။ 

 

သန်လည်ရောဂါမဖြစ်စေရန် Taenia multiceps ၏ ဘဝစက်ဝန်းကို ဖြတ်တောက်ပစ်ရန် လိုအပ်သည်။ အထက်တွင် ဖော်ပြခဲ့သော Taenia multiceps ၏ ဘဝစက်ဝန်းအရ ယင်းကို ဖြတ်တောက်ရန် နည်းလမ်းနှစ်ခု ရှိပါသည်။

ခွေးများကို တိပ်ပြားသန်ကောင် မတွယ်ကပ်နိုင်စေရန်အတွက် တိပ်ပြားသန်ချဆေးများ ပုံမှန်တိုက်ကျွေးရန် လိုအပ်ပါသည်။ ခွေးတွင် တိပ်ပြားသန်ကောင် မရှိပါက သန်ဥသည် သိုး၊ ဆိတ်နှင့် လူများ ထံသို့ ရောက်ရှိနိုင်မည်မဟုတ်ပါ။

သိုး၊ ဆိတ်များကို အသားပေါ်ပြီးသည့်အခါ ကျန်ရှိသည့် အကြွင်းအကျန်များကို သေချာစွာ ဖျက်ဆီးခြင်း၊ စွန့်ပစ်ခြင်း ပြုလုပ်ရန် လိုအပ်ပါသည်။ Taenia multiceps ကြောင့် သိုး၊ ဆိတ်များ၏ ဦးနှောက်တွင် အရည်အိတ် ရှိနေပြီး၊ ယင်းကို စနစ်တကျ မစွန့်ပစ်ပါက ခွေးလေခွေးလွင့်များက ယင်းတို့ကို စားသုံးကာ တိပ်ပြားသန်ကောင် ထပ်မံကူးစက်ခြင်း ခံရမည် ဖြစ်သည်။

ခွေးလေခွေးလွင့်များက မစာနိုင်အောင် စနစ်တကျ စွန့်ပစ်ခြင်းဖြင့် တိပ်ပြား သန်ကောင်များ ခွေး၏ အူထဲတွင် ထပ်မံ ပေါ်ပေါက်မလာတော့ဘဲ ထိန်းချုပ်နိုင်မည် ဖြစ်သည်။ 

အထက်ပါနည်းလမ်းနှစ်လမ်းကို ပူးတွဲလုပ်ဆောင်မှသာလျှင် အောင်မြင်သော ရောဂါထိန်းချုပ်မှုကို ရရှိနိုင်မည် ဖြစ်ပါသည်။ 

ဒေါက်တာသက်ခိုင်

('စက်ဝိုင်းပုံပတ်နေတဲ့ သိုးအုပ်ရဲ့ ပဟေဠိ' ဆောင်းပါးနောက်ဆက်တွဲအဖြစ် ယခုရောဂါအကြောင်းကို ဆက်လက်ဖော်ပြခြင်းဖြစ်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်