လက်ဖက်ပင်စတင်စိုက်ပျိုးခြင်းနှင့် အပင်ပြုစုစောင့်ရှောက်ခြင်း

10/02/2023 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

လက်ဖက်ပင်များ စစိုက်မည်ဆိုပါက မိုးဦးကျကာလ ဇွန်၊ ဇူလိုင်လများတွင် စိုက်ပျိုးရမည်ဖြစ်သည်။ ပြောင်းရွှေ့စိုက်ပျိုးခြင်းကိုလည်း ယင်းကာလတွင်သာ ပြုလုပ်ရမည်ဖြစ်သည်။ ယခုအချိန်သည် လက်ဖက်စိုက်ချိန်နှင့်အတန်ငယ်ကွာသေးသော်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် နိုင်ရန်အလို့ငှာ လက်ဖက်စတင်စိုက်ပျိုးနည်းနဲ့ စိုက်ပြီးအပင်စောင့်ရှောက်နည်းများကို ဖော်ပြပေးလိုက်ပါသည်။

တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်း 

တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်းကို ပျိုးခင်းထူထောင်ရန်မဖြစ်နိုင်သော ပျိုးခင်းမပြုလုပ်လိုသော အခြေအနေတွင် အသုံးပြုသည်။ လက်ဖက်မျိုးစေ့ရင့်မှည့်ချိန်ဖြစ်သော နိုဝင်ဘာ၊ အောက်တိုဘာလတွင် တိုက်ရိုက်အစေ့ချစိုက်ပျိုးလျှင် မအောင်မြင်ပါ။ မျိုးစေ့သည် ခြောက်သွေ့သောအချိန်ကို ဖြတ်ကျော်ရမည်ဖြစ်သောကြောင့် မျိုးစေ့များကို သိုလှောင်ထားပြီး ဇွန်၊ ဇူလိုင်လများတွင်သာ စိုက်ပျိုးရမည်။ စိုက်ကျင်းတွင် မျိုးစေ့အနည်းဆုံး ၃-၄ စေ့ခန့်ထည့်၍ မြေဆွေးတစ်လက်မခန့် ဖုံးပေးရမည်။ အပင်ပေါက်လာလျှင် လိုချင်သော ပင်ကြားတန်းကြားရရန် အပင်မှုန်းခြင်းများ သို့မဟုတ် အပင် ပေါက်ဖာခြင်းများကို ပြုလုပ်ပေးရမည်။

ပြောင်းရွှေ့စိုက်ပျိုးခြင်း

လက်ဖက်ပင်များကို ပြောင်းရွှေ့မစိုက်ပျိုးမီ စိုက်ကျင်းအနီးရှိပေါင်းပင်များကို ရှင်းလင်းပေးရမည်။ စိုက်ကျင်းအနက် ၂ ပေနှင့် အကျယ် ၁ ပေ တူးပြီး အပင်အတွက် လိုအပ်သော အာဟာရဓာတ်များပါဝင်သည့် မြေဆွေးကိုထည့်ထားရမည်။ ပြောင်းရွှေ့စိုက်ပျိုးချိန်တွင် ပျိုးအိတ်အတွင်းရှိမြေသည် စိုစွတ်နေရမည်။ လုံလောက်သောအစိုဓာတ်မရှိပါက မစိုက်ပျိုးမီတွင် ရေလောင်းရမည်။

အပင်များကို ကိုင်တွယ်ရာနှင့် ပျိုးအိတ်ခွံများကိုဖယ်ရှားရာတွင် မြေလုံးမကွဲစေရန်နှင့် အမြစ်များပြတ်တောက်မှုမရှိစေရန် ဂရုတစိုက်ကိုင်တွယ်ရမည်။ စိုက်ကျင်းထဲ၌ အပင်ထည့်စိုက်ပြီးပါက ကျင်းတူးစဉ်ဖယ်ရှားထားသောမြေဖြင့် ပြန်ဖုံးပြီးဖိပေးရမည်။ ပင်စည်ပတ်လည်ရှိမြေသည် မြင့်သွားပါက သစ်ပုပ်နာဖြစ်စေနိုင်၍ ထိုသို့မပြုလုပ်မိစေရန် သတိထားရမည်။ 

အစေ့ပင်ပေါက်ဘေးရှိမြေသည် ကျန်စိုက်ခင်းမြေထက်နိမ့်နေပါက ရေဝပ်ခြင်းဖြစ်စေနိုင်ပြီး ပုံမှန်အမြစ်၏ လုပ်ဆောင်ချက်များကို အဟန့်အတားဖြစ်စေသည်။ ပင်စည်ပတ်လည်ရှိမြေသည် ပိုမြင့်ပါက အမြစ်များသည် ၎င်းတို့အတွက် လိုအပ်သောရေ ရရှိနိုင်ရန်ခက်ခဲလိမ့်မည်။ ထို့ကြောင့် စိုက်ကျင်းသည် စိုက်ခင်းမြေနှင့် အမြင့်တစ်ညီတည်းရှိရမည်။ လက်ဖက်ပျိုးပင် ပြောင်းရွှေ့စိုက်ပျိုးခြင်းကို ဇွန်လနှင့်ဇူလိုင်လတို့တွင် ပြုလုပ်လေ့ရှိသည်။

စိုက်ပြီးအပင်ပြုစုစောင့်ရှောက်ခြင်း

ပြောင်းရွှေ့စိုက်ပျိုးပြီးချိန်တွင် အပင်ငယ်သည် ကောင်းစွာအမြစ်တွယ်ရန်လိုအပ်ပြီး အသေအပျာက်နည်းစေရန် ပြုစုစောင့်ရှောက်ခြင်း နည်းလမ်းများသည်အရေးပါသည်။ အမြစ်များကောင်းမွန်စွာဖွံ့ဖြိုးရန်နှင့် အပင်တစ်ပင်လုံး ဖွံ့ဖြိုးရန်အတွက် သင့်တော်သည့် ရေပမာဏရရှိရန် အရေးကြီးသည်။

အမြစ်များကို ရေရရှိစေပြီး  အောက်ခြေအမြစ်အုံဖွံ့ဖြိုးမှုကို မြှင့်တင်ပေးသော မြေအောက်ဆည်ရေသွင်းစနစ်သည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ဤရေသွင်းစနစ်သည် မျက်နှာပြင်အစိုဓာတ်များခြင်းကြောင့် ဖြစ်ပွားသော ရောဂါပိုးမွှားများကျရောက်ခြင်းကိုလည်း အနည်းဆုံးဖြစ်စေသည့်အပြင် အခြားရေသွင်းနည်းစနစ်များထက် ပေါင်းပင်ပေါက်ရောက်မှု လျော့နည်းစေပါသည်။

ပြောင်းရွှေ့စိုက်ပျိုးပြီးပါက လူ၊ တိရစ္ဆာန်များ မဖျက်စီးစေရန်နှင့် လေဒဏ်ခံနိုင်ရန် ဝါးလုံး၊ သစ်လုံးများဖြင့် ညှပ်၍ထိန်းထားပေးရမည်။  မြေကြီးအစိုဓာတ်ထိန်းရန်အတွက် မြေမျက်နှာပြင်ကို သစ်ရွက်သစ်ခက်များ၊ ကောက်ရိုး၊ မြက်ပင်ခြောက်များဖြင့် ဖုံးအုပ်ပေးခြင်းဖြင့် ပေါင်းပင်ပေါက်ရောက်ခြင်းကိုလျှော့ချပေးသည့်အပြင် မြေကြီးထဲရှိ အော်ဂဲနစ်ပစ္စည်းများကိုလည်း တိုးစေပြီး မြေတွင်းအပူချိန်ကိုလည်း ထိန်းညှိပေးပါသည်။

စိုက်ပျိုးပြီး ပထမနှစ်တွင် အပင်ကောင်းစွာကြီးထွားသန်မာပြီး အမြစ်ကောင်းစွာဖွံ့ဖြိုးရန် အပင်အတွက် လိုအပ်သော အာဟာရဓာတ်နှင့် မြေဩဇာများအတွက် ဓာတ်မြေသြဇာ (သို့) သဘာဝမြေသြဇာများ ထည့်ပေးရန် လိုအပ်ပါသည်။  မြေဩဇာကျွေးရာတွင် ပေါင်းပင်ကင်းရှင်းနေရန်နှင့် မြေအစိုဓာတ် လုံလောက်စွာရှိရန် လိုအပ်သည်။ အာဟာရများ ထည့်သည့်အခါ အပင်များကို ထိခိုက်မှုမရှိစေရန် လုံလောက်သော ပြုစုမှုလိုအပ်သည်။ မြေထဲသို့တိုက်ရိုက်ရောက်စေရန် မြေဖုံးပစ္စည်းများကို ခဏဖယ်ပြီးမှ ထည့်ပေးပြီး ပြန်ဖုံးထားပါ။

ဓာတ်မြေဩဇာများသည် အပင်ကိုမထိရပါ။ အပင်ခြေမှအနည်းဆုံး ၁၀ စင်တီမီတာခွာပြီး ပတ် လည်တွင်ကျွေးပါ။ ရိတ်သိမ်းခူးဆွတ်ချိန် နီးကပ်လာလျှင် အော်ဂဲနစ်မြေဩဇာထည့်သွင်းခြင်းကို လျှော့ချရမည်။ တိရစ္ဆာန်အညစ်အကြေးပုံများနှင့် သဘာဝမြေဆွေးပုံများကိုလည်း မြစ်၊ ချောင်းများ၊ ရေသိုလှောင်ကန်များနှင့် ဝေးရာတွင်ထားရမည်။

အပင်ဖာခြင်း

လက်ဖက်စိုက်ခင်းများတွင် အပင်များကျဲနေပြီး နေရာလွတ်များရှိနေလျှင်သော်လည်းကောင်း၊ အပင်အသေပျောက်များ ရှိနေလျှင်သော်လည်းကောင်း အပင်ဖာပေးရမည်။ အပင်ဖာခြင်းကို မြေကြီးအစိုဓာတ်ရှိချိန် ဇွန်၊ ဇူလိုင်လတို့တွင် ပြုလုပ်နိုင်ပြီး ရေမဝပ်စေရန် သတိထားရမည်။ လက်ဖက်ပင်အုံသစ်များ နေရောင်နှင့် ကောင်းစွာထိတွေ့နိုင်ရန် ကိုင်းဖြတ်သည့်နှစ်တွင် အပင်ဖာသင့်ပါသည်။ ကိုင်းဖြတ်သည့်နှစ်တွင် မလုပ်ဆောင်နိုင်ပါက ဘေးကပ်လျှက်ရှိ အရွယ်ရောက်ပြီးလက်ဖက်ပင်အုံ၏ ဘေးဘက်အကိုင်းများကို ဖြတ်ပေးရမည်။

(Myanseed Agri Business Consultancy မှ ထုတ်ဝေသည့် ' လက်ဖက်စိုက်ပျိုးမှုဆိုင်ရာနည်းလမ်းကောင်းများ' စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်