ကမ္ဘာကလေးစားအတုယူရမယ့် ထိုင်းနိုင်ငံက ဖူလုံလုံလောက်တဲ့ အမီအခိုကင်းကျေးရွာ

12/02/2025 11:00 AM တွင် သိမ့်ဇာ သိမ့်ဇာ မှ ရေးသား

ကျွန်မက ထိုင်းနိုင်ငံ မြောက်ပိုင်းက ရွာလေးတစ်ရွာမှာ နေပါတယ်။ ဒီမှာတော့ ငွေကြေးမပါတဲ့ ရောင်းဝယ်ဖောက်ကားမှုတွေအများဆုံးလုပ်ကြပါတယ်၊ အစားအစာတွေကို ကိုယ်တိုင်စိုက်ပျိုးတယ်၊ နေ့စဉ် လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို မျှဝေခွဲယူကြတယ်၊ အပြန်အလှန် လုပ်အားပေးတဲ့ ပုံစံနဲ့ အလုပ်လုပ်ကြတယ်၊ ကိုယ်တိုင် ရေရှည်ရပ်တည်နိုင်မယ့် ရိုးရှင်းတဲ့ ဘဝပုံစံကို ပုံဖော်ပြီး နေထိုင်ကြပါတယ်။

ဒီရွာလေးက 500 ဟက်တာ ၊ (၁၂၃၅ ဧက) လောက် ကျယ်ပါတယ်။ ရွာသူရွာသားတွေက ဟင်းသီးဟင်းရွက်၊ သစ်သီး ဝလံမျိုးစုံကို လတ်လတ်ဆတ်ဆတ်ရအောင် တစ်နှစ်ပတ်လုံး သူ့ရာသီနဲ့သူစိုက်ပျိုးကြပါတယ်။တစ်ချို့ စပါးစိုက်တယ်၊ တစ်ချို့က ရာသီပေါ် သီးနှံတွေ စိုက်ကြပါတယ်။

မိသားစုတစ်စုက ဟင်းနုနွယ်စိုက်တယ်ဆိုရင် ‌အိမ်နားနီးချင်း မိသားစုတွေက ခရမ်း၊ ကြက်သွန် ၊ ဂေါ်ဖီထုပ်၊ အခြားအိမ်တွေက အာလူး၊ ငှက်ပျော၊ သခွား၊ ပဲ ဒီလိုစိုက်ကြတာပါ။

ကျွန်မတို့ရဲ့ တစ်နှစ်ပတ်လုံးစာ ဆန် လိုအပ်ချက်ကို‌ ဖြည့်ဖို့ ရွာရဲ့ လယ်ကွင်းတွေမှာ စပါးစိုက်ထားကြပါတယ်။ အလုပ်ချိန်ရောက်ပြီဆိုတာနဲ့ တာဝန်တွေကို ခွဲဝေ လုပ်ကြတယ်၊ တစ်ချို့က အပင်စိုက်နေချိန်၊ တစ်ချို့က အပင်ပြုစုတာ ၊ တစ်ချို့က ရိတ်သိမ်းတာ လုပ်ကြတယ်။

မိသားစုတိုင်း၊ အိမ်ထောင်စုတိုင်းက သူတို့ လိုအပ်တာထက်ပိုမယူကြတာမို့ ရွာမှာ ဆန် ဆီ စားသောက်ကုန်တွေက ရွာကလူတိုင်းအတွက် အမြဲလုံလုံလောက်လောက်ဖြစ်ပါတယ်။

ရွာရဲ့ ဒေသထုတ်ကုန်ဆိုင်လေးမှာ ကျွန်မတို့ လိုအပ်တဲ့ မရှိမဖြစ် ကုန်ပစ္စည်းတစ်ချို့ကို စိတ်ချယုံကြည်ရတဲ့ ဖောက်သည်တွေ ဆီကနေ ထုတ်လုပ်မှု ကုန်ကျစရိတ်အတိုင်းရပါတယ်။ အပ်ချုပ်ဆိုင်ဆိုလည်း ရွာက ကူညီ လုပ်ကိုင်သူတွေနဲ့ပဲ ရွာကလူတွေ လိုအပ်တာကို ချုပ်လုပ်ပေးကြတာပါ။

ရွာကထွက်တဲ့ အမှိုက်တွေကို စနစ်တကျစီစဉ်ဖို့ နေရာတစ်ခုလည်းဆောက်ထားတယ်။ အဲ့နေရာမှာ အမှိုက်တွေကို အမျိုးအစားခွဲခြားပြီး စွန့်ပစ်ကြတယ်။ စားကြွင်းစားကျန်အမှိုက်တွေကို မြေဆွေးလုပ်ပြီး ဟင်းသီးဟင်းရွက် စိုက်ပျိုးဖို့အတွက် သုံးပါတယ်။

ရွာမှာ ရေသန့်စင်တဲ့ နေရာလည်းရှိတယ်။ အဲ့နေရာမှာဆို မြေအောက်ရေကို သန့်စင်ပြီး သောက်သုံးရေသန့်ရပါတယ်။ ဒါ့အပြင် စေ့တနာ့ဝန်ထမ်း ဆရာဝန်တွေက ဆေးပေးခန်းနဲ့ ကျောင်းကို တွဲပြီး လုပ်ဆောင်ပေးပါတယ်။ စိတ်ဝင်စားသူတိုင်း ထိုင်းဘာသာ၊ တရုတ်ဘာသာ၊ဗီယက်နမ်ဘာသာ၊ အင်္ဂလိပ်ဘာသာတွေကို အခမဲ့ လေ့လာလို့ရပါတယ်။

ကျွန်မတို့က သစ်ပင်ခုတ်လှဲတာကို အနည်းဆုံးဖြစ်အောင်နေထိုင်တယ်၊ ဓာတု‌ဓာတ်မြေဩဇာသုံးစွဲတာ၊ သားသတ်ရုံလုပ်ငန်းတွေကိုရှောင်ကြတယ်လို့ သူမက ပြောပြပါတယ်။ အခုလိုမျိုး ရွာမှာ တင်းတင်းကြပ်ကြပ်ချမှတ်ထားတဲ့ ဥပဒေတွေလည်း မရှိပါဘူး  ဘာခိုးဆိုးလုနှိုက်မှုမှမရှိဘဲ တည်တည်ငြိမ်ငြိမ် ငြိမ်းငြိမ်းချမ်းချမ်းရှိနေတာက ကျွန်မလို သတင်းသမားတစ်ယောက်ကို အံ့ဩစေပါတယ်လို့လည်း Hong Phuc ဆိုတဲ့ ဗီယက်နမ်ဂျာနယ်လစ်ကရေးသားထားပါတယ်။ တင်းကြပ်တာဆိုလို့ အမှိုက်ခွဲပစ်ရမယ်ဆိုတဲ့ နေရာမှာပဲရှိပါတယ်တဲ့။

သစ်ရွက်တွေ လမ်းမှာ ရှုပ်နေရင် တွေ့တဲ့တစ်ယောက်ယောက်က လှဲလိုက်တာပဲ။

ခြုံနွယ်ပိတ်ပေါင်းတွေ ထူနေတာမြင်ရင် ၊ မြင်တဲ့တစ်ယောက်ယောက်ကရှင်းသွားတာပါပဲ။

လမ်းခင်းမယ်၊ ကျောင်း‌ဆောက်မယ်၊ ရေကန်ဖော်မယ်၊ အိမ်ဆောက်မယ် ဆို လူတိုင်းက တက်တက်ကြွကြွနဲ့ ပါပြီးသားပဲ။

ရွာသူရွာသားအားလုံးက ဘယ်အလုပ်မဆို စေတနာ့ဝန်ထမ်း လုပ်လိုစိတ်ရှိကြတယ်။ ဒီရွာရဲ့ နည်းဥပဒေသကတော့ နေ့တဒူဝ လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို မျှဝေသုံးစွဲကြဖို့၊ အစားအစာထုတ်လုပ်တဲ့အခါ၊ ရရှိဖို့ လုပ်ဆောင်ကြတဲ့အခါမျိုးမှာလည်း မျှဝေလုပ်ကြ မျှဝေယူကြဖို့ ၊ အိမ်အသုံးအဆောင်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုက အစ ဘုံပိုင်ဆိုင်မှုတစ်ခုလို သဘောထားပြီး အချင်းချင်းကြားမှာ မျှဝေသုံးစွဲကြဖို့ပဲ ဖြစ်ပါတယ်။

ဒီလို လူနေမှုဘဝ ပုံစံကို အမြစ်တွယ်စေခဲ့တာကတော့ ထိုင်းဘုရင် ဘူမိဘောရဲ့ “ Sufficiency Economy” “ဖူလုံ လုံလောက်သော စီးပွားရေး” ပုံစံပဲဖြစ်ပါတယ်။

ကမ္ဘာမှာ စက်မှုထွန်းကားရေး၊ မှုထွန်းကားရေးတွေအတွက် အနောက်တိုက်းရင်းနှီးမြှုပ်နှံမှုတွေနောက် အပြိုင်အဆိုင်လိုက်နေကြတဲ့ အချိန်မှာ ကျွန်မတို့ကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ထိုင်းဘုရင် ဘူမိဘောရဲ့ဒီ “sufficient economy” model ဖူလုံ လုံလောက်သော စီးပွားရေစနစ်းပုံစံက အခြေခံ ကိုယ်ကျင့်တရား (၃) ခုနောက်ကို လိုက်ပါတယ်။

ပထမဆုံး တစ်ခုကတော့ 

 အစိုးရသည် လူတိုင်းလူတိုင်း စားရေရိက္ခာ လုံလောက်စွာ ဖြင့် အသက်ရှင် ရပ်တည်နိုင်ရေးအတွက် သေချာအောင် ဖော်ဆောင်ပေးသင့်သည်ဆိုတဲ့ သဘောတရား ဖြစ်ပါတယ်။

ဘုရင် ဘူမိဘောက  “ ငါတို့အတွက် အရေးကြီးဆုံးအရာက ဖူလုံလုံလောက်တဲ့ စီးပွားရေးပုံစံရှိဖို့ပဲ။ဒီ ဖူလုံလုံလောက်တဲ့ စီးပွားရေးစနစ်ဆိုတာက ငါတို့အတွက် ဖူလုံလုံလောက်ဖို့ ငါတို့ဘာသာ ထောက်ပံ့ပေးရမယ်လို့ ဆိုလိုတယ်” လို့ ပြောခဲ့ဖူးပါတယ်။ 

မြို့နယ်၊ ပြည်နယ်က မြို့သူမြို့သားတွေ၊ ကျေးရွာတွေက ရပ်မိရပ်ဖတွေ   အားလုံး“ဖူလုံလုံလောက်တယ်”ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို နားလည်လာဖို့ တစ်ယောက်ချင်းစီတိုင်း ရဲ့ အခြေခံ လိုအပ်ချက် အတွက်ဘယ်လို ဆက်စပ်တယ်။ လူမှုရေး၊ ရိုးရာဓလေ့ ထုံးတမ်း လိုအပ်ချက်တွေအတွက်တော့ ဘယ်လိုစပ်ဆက်တယ်၊ သဘာဝပတ်ဝန်းကျင်ရေးရာ လိုအပ်ချက်တွေမှာလည်း ဘယ်လိုဆက်စပ်နေတယ်ဆိုတာကို နားလည်လာဖို့ လမ်းညွှန်ချက်တွေနဲ့ ရှင်းပြခဲ့တာလို့ သူမက ဗီယက်နမ်ဂျာနယ်လစ်ကို ပြောပြလာခဲ့တာဖြစ်ပါတယ်။

ဆက်ပါဦးမည်...

 reference link>> https://e.vnexpress.net/news/perspectives/thailand-s-self-sufficient-villages-inspire-the-world-4816459.html

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်