ပိုးသတ်ဆေးဖျန်းလို့ ပိုးမျိုးတွေ ပိုတိုးလာတာလား... (သာအောင် - သာမောင်,ဆွေးနွေးခန်း)

25/05/2023 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

ဦးသာအောင် = လယ်သမား

ကိုသာမောင် = လယ်စိုက်ရှင်း(ငြိမ်း)

မုတ်သုံမိုး​လေး​တွေ...စတင်ရရှိလာတာနဲ့အမျှ ဦးသာ​အောင်တို့ လယ်သမား​တွေလည်း မိုးစပါးအတွက် ပျိုးကြဲ​နေကြရပြီဖြစ်ပါတယ်။

မုတ်သုံမိုးသောက်ရတဲ့ ပဲတီခင်း​လေး​တွေ..လှသ​လောက်... အပွင့်ထဲဝင်ပြီး ဖျက်ဆီးတတ်တဲ့ ပွင့်​ထွေးပိုးနဲ့ ​လှေးသရစ်တွေကလည်း ​ဆေးပတ်​ကျော်လို့မရ​အောင် ဖြစ်​နေပါတယ်။

ဆေးကုမ္ပဏီဝန်ထမ်းဖြစ်တဲ့ ကိုသာမောင်တယောက် ပဲတီစိမ်းခင်း ကွင်းဆင်းကြည့်ရင်းနဲ့ ဦးသာမောင်ရဲ့ လယ်တဲလေးထဲ  စကားစမြည်ပြောရင်း ခဏနားကြပါတယ်။

ဦးသာအောင်။  ။ ဆရာလေး..ဘယ်လာရင်းတုန်း..ဗျ။

ကိုသာမောင်။   ။ ကိုမောင်ညို... ပဲတီစိမ်းခင်း ပွင့်ထွေးပိုးမနိုင်ဘူးဆိုလို့...လာကြည့်ရင်း..ဦးလေးတဲကို လှည့်လာတာပါဗျာ..။

ဦးသာအောင်။   ။ ဟုတ်တယ်..ဆရာ​ရေ။ မုန်တိုင်းမိုး​လည်းကြောက်ရ၊ ပိုးလည်း​ကြောက်ရပါပဲဗျာ..၊ ဒီပိုး​တွေကလည်း..ဆေးပက်သလောက်  ပိုးထွက်နေသလားမသိ၊ စိတ်ပျက်မိပါတယ်ဆရာရယ်။

ပြောရင်းနဲ့... မေးစရာပေါ်လာပြီ၊ တဲထဲကြွပါဦးဆရာ..လက်ဖက်သုတ်စားပါဦး။

ကွပ်ပျစ်လေးပေါ် ထိုင်မိတယ်ဆိုရင်ပဲ..

ကိုသာမောင်။   ။ ဆိုပါဦး... ဦးလေးက မေးစရာရှိတယ်ဆိုတော့..

ဦးသာအောင်။    ။ ဒီလိုပါဆရာ..။ ကျနော့အသက် ၆၀ ကျော်ပြီ ပိုးဆေးဖျန်းလာတာ နှစ် ၂၀ ကျော်ရော့မယ်... ဆေးတွေသာ တမျိုးပြီးတမျိုး ပြောင်းဖျန်းနေရတယ်..

ပိုးတွေက... လျော့မသွားတဲ့အပြင် ပိုပိုများလာသလိုပဲ..ဆရာ။

တခုခုတော့..လွဲနေသလားလို့... အဲဒါ ရှင်းပြပါဆရာ..။

ကိုသာမောင်။    ။ ဒီပြဿနာက ကျနော်တို့ တနိုင်ငံတည်းမဟုတ်ဘူးဗျ။ ကမ္ဘာနဲ့တဝန်း ကြုံတွေ့နေရတဲ အခက်အခဲပါ။

ဖြေရှင်းစရာနည်းလမ်းလည်း ရှိပါတယ်။ သို့သော် ရေတိုနဲ့မရဘူး၊ ရေရှည်သွားမှ ရနိုင်မှာပါ။

  • ရာသီဥတုတွေ ပြောင်းလဲလာခြင်း၊
  • ပိုးတွေကိုယ်တိုင် ပိုးသတ်ဆေးကို ခံနိုင်ရည်ရှိလာခြင်း၊
  • မိတ်ဆွေပိုးတွေ၊ ရန်သူပိုးတွေရယ် သီးနှံတွေရဲ့သဘာဝညီမျှချေ ပျက်စီးသွားခြင်း၊
  • ဓာတုပိုးသတ်ဆေး ai အမြင့်တွေ သုံးစွဲမှု များလာခြင်း၊
  • စိုက်ပျိုးသူတွေရဲ့ နည်းပညာလေ့လာမှု အားနည်းခြင်း/စနစ်ကျမှုအားနည်းခြင်း၊
  • စီးပွားရေးသမားတွေရဲ့ လောဘဇောအောက်မှာ ပိုးသတ်ဆေးရောင်းချသူများ၊ စိုက်ပျိုးရေးသမားများ မလွန်ဆန်နိုင်ခြင်း..

စတဲ့ အခြေခံအကြောင်းတရားတွေကြောင့် ဒီပြဿနာကြီးထွားစေပါတယ်ဗျာ..

ဦးသာအောင်။   ။ ဆရာလေးပြောတာ  သိပ်တော့မရှင်းဘူးဗျ။ ကျနော်သိချင်တာက ပိုးသတ်ဆေးတွေက မစွမ်းလို့ ပိုးတွေ များလာသလား?

ပိုးသတ်ဆေးထဲကများ ပိုးပွားဆေးတွေ ပါလေသလား..သိချင်တာဆရာ...။

ကိုသာမောင်။   ။ ဟုတ်ပါပြီ.. ဦးလေးရယ်။

ဦးလေး နားလည်အောင် ဘယ်လိုရှင်းပြရမလဲ..မသိဖြစ်နေလို့..စဉ်းစားနေတာ..

ဒီလို.. ဦးလေးရဲ့..။

ပိုးတွေကို နှိမ်နင်းရာမှာ ပိုးသတ်ဆေးဖျန်းရုံနဲ့ ပြီးပြည့်စုံတဲ့ ကာကွယ်နည်းမဟုတ်ဘူး..

ထယ်ရေးထွန်ရေးနည်း

စိုက်စနစ်နဲ့ကာကွယ်နည်း

ဇီဝနည်းနဲ့ ကာကွယ်နည်းတွေအသုံးပြုပြီး

မနိုင်တော့မှ..နောက်ဆုံး

ဓာတုနည်းနဲ့ ဖြေရှင်းရတယ်..

ဓာတုဆေးတွေမှာလည်း...

ပိုးတွေကို ၁၀၀% သတ်နိုင်တဲ့အဆိပ် မရှိပါဘူး

LD-50 လို့ခေါ်တဲ့ သေနှုန်း၅၀ ပမာဏနဲ့ ထုတ်လုပ်ရပါတယ်။

လူ၊ သွေးနွေးသတ္တဝါတွေ ဘေးဥပါဒ် မဖြစ်အောင်လို့ပါ။

ဦးသာအောင်။   ။ သြော်..ဒါကြောင့်  ပိုးတွေ မရှင်းတာကိုး ဆရာရဲ့။ ပိုးတွေကို အပြတ်ရှင်းဖို့ထက် မဆိုးရွားအောင် ကာကွယ်တဲ့သဘောပေါ့နော်ဆရာ။

ကိုသာမောင်။   ။ မှန်လိုက်လေ..ဦးလေးရယ်... ဒါတင်မကသေးဘူး။ ပိုးအမျိုးအစားလိုက်ပြီး ပိုးသတ်ဆေးအုပ်စုတွေကို နားလည်ရသေးတယ်။

စိုက်ခင်းကျနေတဲ့ပိုးနဲ့ ဖျန်းရမယ့်ဆေးအုပ်စု မှန်ကန်ရမယ်.. ဆေးထည့်မယ့် နှုန်းထားမှန်ရမယ်၊

ဆေးဖျော်နည်း/ဖျန်းနည်းစနစ်မှန်ကန်ရမယ်၊ တဧက ဖျန်းရမယ့် ဆေးပုံးအရေအတွက် မှန်ကန်ရမယ်။

ဆေးဖျန်းရမယ့်... အချိန်မှန်ကန်ရမယ်..

ဒီအချက်တွေကလည်း... ပိုးတွေကို များပြားလာစေတဲ့ အခြေခံအကြောင်းတရားတွေပဲ ဦးလေးရဲ့။

ဦးသာအောင်။  ။ နောက်ပြီး..ပိုးသတ်ဆေးတွေမှာ ၁၀ % အီးစီ/ ၄၀ % အီးစီ ဆိုတာတွေလည်း သိချင်ပါတယ်ဆရာ။

နံပါတ်ကြီး/ဂဏန်းများရင် ပိုပြင်းတာလား??

ဂဏန်းနည်းတာက ပိုပြင်းတာလား..??

EC, SP, WP, WDG... ဆိုတာ.. ဘာတွေကွာလို့လဲ..ဆရာ။

ကိုသာမောင်။    ။ဦးလေးက, မေးမယ့်မေးတော့လည်း မေးခွန်းတွေများလှချည်ရဲ့။

ကျနော်ဖြည်းဖြည်းရှင်းပြပါမယ်။

နားမရှင်းရင် ဖြတ်မေးနိုင်ပါတယ်။

အရင်ဆုံး... သိရမှာက..

ဓာတုဆေးတမျိုးမှာ ဖော်မြူလာရှိရပါတယ်။

(အစွမ်းရှိအာနိသင်+ အစွမ်းမဲ့ပစ္စည်း= ဖော်မြူလာ)

ai + inert   = Formula လို့ခေါ်တယ်။

ဥပမာ..ဆိုက်ပါ ၁၀% အီးစီ..ဆိုပါစို့.

ဆေးရည် ၁၀၀ မှာ ဆေးအစစ်(ဆိုက်ပါ) ၁၀ ပဲ ပါတယ်။

ကျန် ၉၀ က အစွမ်းမဲ့ပစ္စည်းပါ။

ဆေးအေအိုင်တူ၊ ဖော်မြူလာ အတူတူဆိုရင်...

ဂဏန်းများလေ ဆေးပြင်းလေပါပဲ။

(ဥပမာ... ဆိုက်ပါ ၁၀% အီးစီထက် ဆိုက်ပါ ၁၅% အီးစီက ပိုပြင်းပါတယ်)

ဖော်မြူလာမတူရင်... ဂဏန်းအနည်းအများနဲ့... အပြင်းအပျော့ယှဉ်လို့မရပါဘူး။

နောက်တခုက..

EC = Emulsifiable concentrates

(ရေဖျော်အဆီရည်)

WP = Wettable powder

(ရေဖျော်ဆေးမှုန့်)

SP = Solvent  powder

(ရေပျော်ဆေးမှုန့်)

WDG = Water Dispersible Granule

(ရေပျော်ဆေးခဲ)

ဆိုတာတွေက ပိုးသတ်ဆေးတွေရဲ့ ထုတ်လုပ်မှုဖော်မြူလာတွေပါ။

ဦးသာအောင်။    ။ နေဦးဆရာ။ ရှေ့ကျော်မတက်နဲ့ဦး..

ဆရာပြောတဲ့ ဆေးဖော်မြူလာတခုမှာ...

ဆေးအစစ်(ai) နဲ့ အစွမ်းမဲ့ပစ္စည်း ပေါင်းထားတာဆိုတော့...

ဆေးအစစ်ကနည်းပြီး အစွမ်းမဲ့က... အတော်များတာပဲ။

အဲဒီ အစွမ်းမဲ့ဆိုတာရော..ဘာတွေတုန်းဆရာ..။

ကိုသာမောင် ။    ။တကယ့်လျှို့ဝှက်ချက်မှ... လာမေးသကိုး  ဦးလေးရဲ့။

ဒါတွေက..ကုမ္ပဏီတွေရဲ့ မြှုပ်ကွက်တွေဗျ။

ဘယ်သူမှ ပေးမသိဘူး။

အကြမ်းအားဖြင့် Inert ဆိုတာ ဆေးအစစ်တွေ ရေထဲမှာပျော်ဝင်လွယ်အောင် လျင်မြန်စွာပျံ့နှံလွယ်အောင် ဓာတ်ကူပစ္စည်းအနေနဲ့ ထည့်ရတဲ့သဘောပါ။

EC. ဖော်မြူလာမှာ Inert အနေနဲ့ ..

Benzene, toluene, and xylene လို့ခေါ်တဲ့ ရေဖျော်ဓာတုပစ္စည်းတွေရဲ့ အစိတ်အပိုင်းတွေပါပဲ။

ဒါကြောင့်  EC ဖော်မြူလာတွေကို ဆေးပူတွေများရင် အပွင့်ထိခိုက်တတ်တယ်လို့ ပြောကြတာပါ။

တကယ်တော့ Xylene လို Inert အကောင်းစားသုံးထားရင် လောင်ကျွမ်းမှုမရှိတဲ့အပြင် အပင်တွေ၊ အရွက်တွေ စိမ်းလာစေပါသတဲ့။

ဦးသာအောင်။     ။ နားထောင်လို့ ကောင်းလိုက်တာ ဆရာရယ်...။

ဗဟုသုတတွေ အများကြီးရပါတယ်။

ကျေးဇူးလဲ တင်ပါတယ်ဗျာ...

ကိုသာမောင်။      ။ ပြောခွင့်ရတာကိုပဲ ဝမ်းသာလှပါပြီဗျာ..။

ဟောပြောပွဲတွေမှာ ပြောချင်ပေမယ့်...

အများစု စိတ်မဝင်စားကြဘူးလေ...

လက်ဆောင်တွေ၊ ကံစမ်းမဲတွေနောက် လိုက်နေကြတယ်ထင်ပါရဲ့ဗျာ..။

ဦးသာအောင်။    ။ ဆရာတို့ကုမ္ပဏီတွေကလည်း...

ရောင်းအားကောင်းအောင် နိုင်ငခြားခေါ်သွားလိုက်၊ ကားတွေ၊ ဆိုင်ကယ်တွေ မဲဖောက်လိုက် ဆိုတော့..

တောင်သူတွေ အပြစ်ပြောလို့ မရဘူးဆရာရေ...။

ဟုတ်ဘူးလား..နော်။

ကိုသာမောင်။     ။ ဦးလေးက..နောက်ဆုံးကျမှ တချက်တည်း ခွပ်ချလိုက်တာပေါ့လေ..ဟဲဟဲ..။

ကျနော့တို့ရွာက ကိုသာဉာဏ် ကြက်ဖကြီး အတိုင်းပဲ။

ဦးသာအောင်။     ။ လုပ်ပါဦး  ကိုသာဉာဏ် ကြက်ဖကြီးအကြောင်း..ဘယ်လိုတုန်း..ပွဲဟောဆရာကြီးရဲ့။

ကိုသာမောင်။    ။ ကိုသာဉာဏ် ကြက်ဖကြီးက... အကောင်ကြီးပေမယ့် မခွပ်တတ်ဘူးတဲ့ဗျ။

ဒါပေမဲ့.တနေ့တော့..

ရွာနားတဝိုက်မှာ ပွဲတိုင်းနိုင်နေတဲ့ ကိုဖိုးတုတ်ရဲ့တိုက်ကြက်ကို..

သာဉာဏ်က စိန်ခေါ်သတဲ့ဗျ။

တရွာလုံးက စိတ်ဝင်စားပြီး လာကြည့်ကြတာပေါ့။

သာဉာဏ်ကြက်ပဲရှုံးမှာပေါ့...

တကယ်တမ်း ကြက်တိုက်တော့လဲ..သာဉာဏ်ကြက်ဖကြီး သွေးတွေကိုရဲနေတာပဲတဲ့။

ဒါပေမဲ့..ကြက်ဖကြီးက စည်းဝိုင်းထဲထွက်မပြေးဘဲ ပေခံနေသတဲ့..ဗျ။

ဒုတိယ တချီ..ချချချင်းမှာပဲ.. မထင်မှတ်ဘဲ..

ကိုသာဉာဏ် ကြက်ဖကြီးက... ဖိုးတုတ် တိုက်ကြက်ကို အမောက်ဆိတ်တဲ့ပြီး..

တောင်ပံကားရင်း ကျောပေါ် ကွတ်ကွတ်..ကွတ်ကွတ်နဲ့ တက်ပါလေရော...

ဘာပြောကောင်းမလဲ..

ဖိုးတုတ်..တိုက်ကြက် ထွက်ပြေးလိုက်တာ..တန်းနေတာပဲ..တဲ့ဗျ။

ပွဲသိမ်းတိုက်ကွက်ကတော့..အောင်လ,ကတောင်ဆရာခေါ်ရမယ်..ဦးလေးရေ..

ကဲ.. စကားကောင်းနေတာနဲ့..ဦးလေးတို့..အလုပ်ပျက်နေပါဦးမယ်..

နောက်တခေါက်မှ..ဆုံကြဦးစို့..

စေတနာများစွာဖြင့်..

ဒို့ဦးလေး

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်