ငါးပူတင်းငါး

03/11/2020 12:45 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

     ငါးပူတင်းငါးကို အင်္ဂလိပ်လို - Tidal puffer fish ဟု ခေါ်ကြပြီး သိပ္ပံအမည်မှာ - Chelonodon  potoca ဟုသိရပါသည်။ ရခိုင်လို 'ပဂျင်း'ဟု ခေါ်ကြပြီး မွန်ပြည်နယ်တွင် 'ငါးပူတင်း'ဟု ခေါ်ကြပါသည်။ ကမ္ဘာပေါ်တွင် ငါးပူတင်းမျိုးစိတ်ပေါင်း (၁၂၀)ထက်မနည်း ရှိကြောင်း မှတ်တမ်းများအရ သိရပါသည်။ 

      မြန်မာတွင်ဒေသအခေါ်အရ ငါးပူတင်းဝါနှင့် ငါးပူတင်းဖြူ ဟူ၍ (၂)မျိုးရှိကြပြီး ပင်လယ်ငါးဖြစ်သော ငါးပူတင်းမှာ ကျားပိုက်(Bagnet) တွင် ပါလာတတ်ကြပါသည်။

 

      ငါးပူတင်းငါးမှာ ပါးစပ်နှင့် မေးရိုးတွင် ကြွက်သွားကဲ့သို့ ကိုက်အားကောင်းသော၊ ထက်ရှသောသွားများ ရှိကြပါသည်။ ဝမ်းဗိုက်မှာ သိသာစွာကြီးမားလျက်ရှိပြီး အဆိပ်ဆူးများနှင့် ပြည့်နှက်နေပါ၏။ အမြင့်ဆုံးခန္ဓာကိုယ်အလျား (၄၅)cm ထိရှိကြပြီး ကိုယ်ထည်မှာ ဘေးတိုက်ပြားသည်။ သွားများပူးကပ်လျက်ရှိပြီး နှုတ်သီးကဲ့သို့ ဖြစ်နေပါသည်။ အရေပြားမှာ သားရေကဲ့သို့ ထူထဲသည်။ ကိုယ် အစိမ်းရင့်ရောင်၊ အစိမ်းနုရောင်ရှိကြသည်။ ဘေးဘက်တွင် အဝါနှင့် မီးခိုးရောင်ရှိပြီး ဝမ်းဘက်ပိုင်းမှာ အဖြူရောင်ဖြစ်ပြီး အမြီးစွန်းမှာ အနီရောင်အကန့်ရှိကြသည်။ 

      ငါးပူတင်း(၂)မျိုးအနက် အဝါရောင်ငါးပူတင်းကို အူ၊ အသဲ၊ ကလီစာများထုတ်ပြီး ပင်လယ်သားတို့ ဟင်းချက်စားကြပါသည်။ အဖြူရောင် ငါးပူတင်းမှာ ငါးပူတင်းဝါထက် ပိုမိုအဆိပ်ပြင်းသဖြင့် စားလေ့မရှိကြဘဲ မတို့ထိရဲကြပေ။ ငါးပူတင်းဖြူ၏ အရေပြားကို တစ်စုံတစ်ခုနှင့် ထိတွေ့လိုက်သည်နှင့်တပြိုင်နက် သူ၏အရေပြားမှ အစူးများသည် ထောင်မတ်လာပြီး ကုန်းပေါ်တွင်ရှိသော "ဖြူ"သတ္တဝါများကဲ့သို့ ရန်သူကို ပြန်လည်ခုခံရန် အဆင့်သင့်အနေအထားကို ဖြစ်ပေါ်စေပြီး ခန္ဂာကိုယ်တစ်ခုလုံးလည်း ဘောလုံးကဲ့သို့ လုံးဝိုင်းသွားစေပါသည်။ လုံးဝန်း၍ ချစ်စဖွယ်ကောင်းသည်ဟူ၍လည်းကောင်း၊ မျက်နှာအမူအရာနှစ်လိုဖွယ်၊ သနားစဖွယ်ကောင်းသည် ဆို၍လည်းကောင်း ပါးစပ်ပေါက်နားသို့ လက် ရောက်မသွားစေရန် အထူးတလည် အရေးကြီးလှပါသည်။ ကိုင်မိ၊ ထိမိပါက အန္တရာယ်ကြီး၍ ဖြစ်ပါသည်။ သို့သော် ငါးပူတင်းဖြူ၏ အရေပြားအခြောက်မှာ တန်ဖိုးရှိပြီး အသုံးဝင်ကြသည်ဟုလည်း ဆိုကြပြန်ပါသည်။ 

      နှစ်စဥ်ငါးပူတင်းစားမိပြီး သေဆုံးသူများ ကမ္ဘာနဲ့အဝန်းတွင်လည်း ရှိကြပါသည်။ ငါးပူတင်း၏ သည်းခြေတွင် ပါသည့် တက်ထရိုဒေါက်ဇင်(Tetrodo toxin)ဓါတ်ပစ္စည်းမှာ ဆိုင်ရာနိက်(Cyanide)ထက်အဆ ၁၂၀၀ ပိုပြင်းကြောင်း ကျွမ်းကျင်သူများက ဆိုကြသည်။ 

       ငါးပူတင်းစားပြီးနောက် မိနစ်(၃၀)အတွင်း အော့အန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်းများ စဖြစ်ပြီ ဆိုပါက ဤအဆင့်မှာပင် ကုသမှုကို အမြန်ဆုံးခံယူရပါမည်။ ကျောက်မီးသွေးမှုန့်ကို ရေဖျော်သောက်ခြင်း၊ အစာအိမ်ကို ဆေးကြောခြင်းများသည် ပုံမှန်ကုထုံးတစ်ခုဖြစ်ပါသည်။ ကိုယ်ထဲရောက်နှင့်ပြီးသော အဆိပ်ကို ဖြေလျှော့ရန် antidote မရှိသေးကြောင်း သိရပါသည်။ ထို့ကြောင့် ငါးပူတင်းအလွန်ကြိုက်သူများမှာ ငါးပူတင်းကို ဈေးကဝယ်သောအခါတွင် တခါတည်း ဗိုက်ကို လှီးခိုင်း၍ သည်းခြေထုတ် ခိုင်းကြပါသည်။ 

      ငါးပူတင်းကို ဂျပန်နှင့် တရုတ်မှာ အထူးအစားအစာအဖြစ် ဈေးကြီးပေးစားရကြောင်း သိရသည်။ ဂျပန်တွင် ငါးပူတင်းကို ဖူဂူ(Fugu)ဟု ခေါ်ကြပြီး ထိုဟင်းချက်ပြုတ်သူများမှာ သင်တန်းသီးသန့်တက်ရပြီး သီးသန့်သင်တန်းဆင်းလက်မှတ်ကို ကိုင်ဆောင်သူသာ ချက်ပြုတ်ခွင့်ရသည်ဟု သိရသည်။ ငါးပူတင်းတစ်ကောင်တွင် ဆူးတောင်၊ ရေယက်၊ မျက်လုံး၊ နှုတ်သီး၊ အရေပြားနှင့် အသဲ၊ ကလီစာများမှာ အဆိပ်၈၀%ပါရှိကြပြီး ကျန်သည့် ၂၀%မှာ သွေးထဲတွင် ပါဝင်နေခြင်း ဖြစ်သည်။ ထိုအစိတ်အပိုင်းများ အကုန်ဖယ်ထုတ်ပြီးပါက ကျန်သည့်အစိတ်အပိုင်းများကို ရေပန်းထဲတွင် ပြောင်စင်နေစေရန် (၁၅-၃၀)မိနစ်ခန့် ဆေးကြော၍ သွေးစ၊ သွေးနများ အကုန်ပြောင်သွားပြီဆိုမှသာ ချက်ပြုတ်ကြပါသည်။ 

      လူအများစုမှာ ငါးပူတင်းဟင်းကို စားဖူးသူအလွန်နည်းပါသည်။ သည်းခြေကို ကြောက်၍ မစားကြပေ။ စားဖူးသူအနည်းစုသည်သာ ငါးပူတင်းကို ခံတွင်းတွေ့သောကြောင့် မရမက ကြိုးစားရှာဝယ်လေ့ရှိကြပါသည်။ 

      အကြောင်းမှာ ငါးပူတင်း၏ ဆူဖြိုးပြီး အလွန်နူးညံ့လှသော အရသာလေးလေးပင်ပင်ရှိနေခြင်းက တခြားမည်သည့်ငါး၊ အသားတွင်မှ မရနိုင်သောကြောင့်ဖြစ်သည်။ ထိုသာမက ငါးပူတင်းငါးမှာ ပင်လယ်ငါးတစ်မျိုးဖြစ်သောကြောင့် ပင်လယ်ငါးများမှာ ရေချိုငါးထက် Omegaပိုများသည့်အတွက် ပို၍ ကျန်းမာ အသက်ရှည်စေသည်ဟု ဆိုကြပါသည်။

       ငါးပူတင်းကို ဆီပြန်ဟင်း၊ အချဥ်ဆီပြန်ရေကျန်ဟင်း အပြင် ငါးပူတင်းငါးတို့ဖူး၊ ငါးပူတင်းခြောက်၊ ကျပ်တိုက်စသဖြင့် လည်း စားသုံးကြပါသည်။ 

      ထိုကဲ့သို့ ကောင်းကျိုး၊ ဆိုးကျိုးများ ဒွန်တွဲနေသော ငါးပူတင်းငါးကို 'တန်ဆေး၊ လွန်ဘေး'ဆိုသကဲ့သို့ စဥ်းစားချင့်ချိန်စားသုံးသင့်ပါကြောင်း လေ့လာရေးသားတင်ပြလိုက်ရပါသည်။ 

ပင်လယ်ပြာ (ငါးဦးစီး)


ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်