ခရမ်းချဥ်ပင်မှာ ရောဂါကျရောက်နေတဲ့အခါ တွေ့ရတတ်တဲ့ လက္ခဏာ ၈ ခု အပိုင်း (၁) 

22/08/2022 18:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ခရမ်းချဥ်ဟာ စားသုံးမှုများပြီး အခြေခံကျတဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်တာကြောင့် စိုက်ခင်းတွေမှာသာမက နေအိမ်ခြံဝန်းအတွင်းမှာလည်း အိုးတွေနဲ့ တနိုင်တပိုင် စိုက်ပျိုးကြလေ့ရှိပါတယ်။ သို့ပေမယ့် ခရမ်းချဥ်ပင်တွေကို စိုက်ပျိုးရာမှာ ကျရောက်နိုင်တဲ့ ရောဂါတွေကလည်း အများအပြားရှိနေပြန်ပါတယ်။ 

အဲ့ဒီလို ခရမ်းချဥ်ပင်တွေမှာ ရောဂါကျရောက်တဲ့အခါ ကိုင်တွယ်ဆောင်ရွက်ဖို့ ခက်ခဲတယ်ဆိုတာကို တောင်သူဦးကြီးတွေ အသိဆုံးဖြစ်ပါလိမ့်မယ်။ အပင်တွေမှာ ရောဂါကျရောက်တဲ့အခါ ‘ရောဂါဒဏ် ခံနိုင်ရည်ရှိတဲ့မျိုးကို စိုက်ပျိုးပါ’ ဆိုပြီး အကြံပြုကြလေ့ရှိပါတယ်။ သို့ပေမယ့်လည်း ခံနိုင်ရည်ရှိခြင်း (resistant) ဆိုတာဟာ ခုခံအားရှိခြင်း (immune) ကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ရောဂါတစ်မျိုးကို ခံနိုင်ရည်ရှိပေမယ့်လည်း အခြားအမျိုးအစား မတူတဲ့ ရောဂါတွေလည်း ကျရောက်နိုင်တာ ဖြစ်ပါတယ်။ 

ရောဂါကျရောက်တဲ့အခါမှာ သီးနှံတစ်ပင်စလုံး မဆုံးရှုံးသွားစေဖို့ အရေးကြီးပါတယ်။ စိုက်ပျိုးတဲ့သူ အများစုဟာ ခရမ်းချဥ် အသီးပေါ်မှာ ရောဂါကျရောက်တာကို မတွေ့ရမချင်း ရောဂါကျရောက်နေတယ်ဆိုတာကို သတိမထားမိဘဲ ဖြစ်လေ့ရှိတတ်ပါတယ်။  ဒါ့ကြောင့် ယခုဆောင်းပါးမှာတော့ ခရမ်းချဥ်ပင်တွေမှာ ရောဂါကျရောက်နေတာကို ကြိုတင်သတိပြုမိစေဖို့အတွက် အပင်မှာတွေ့ရတတ်တဲ့ လက္ခဏာတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

(၁) အရွက်ပေါ်မှာ အစက်အပြောက်များ တွေ့ရခြင်း 

ခရမ်းချဥ်အပင်မှာမှ မဟုတ်ပါဘူး။ မည်သည့်အပင်မှာပဲဖြစ်စေ အရွက်ပေါ်မှာ အမည်းရောင် အစက်အပြောက်တွေ ပေါ်လာတာဟာ ကောင်းမွန်တဲ့ လက္ခဏာတစ်ခု မဟုတ်တာ သေချာပါတယ်။  အရွက်ပေါ်မှာ အစက်အပြောက်တွေပေါ်လာတာကို ပထမဆုံး စဥ်းစားရမယ့် အချက်က အပူဒဏ်ကြောင့်လား ဆိုတာဖြစ်ပါတယ်။ 

အပူချိန် များတဲ့ကာလတွေမှာ အရွက်တွေလောင်နိုင်ပြီး အမည်းရောင် အစက်အပြောက်တွေ ပေါ်လာနိုင်သလို အရွက်တွေရဲ့ ဘေးနှုတ်ခမ်းသားတွေဟာလည်း အညိုရောင်ပြောင်းလာပြီး ကြွပ်ရွနေတတ်တာကို အလွယ်တကူတွေ့မြင်နိုင်ပါတယ်။ သို့ပေမဲ့ အပူဒဏ်ကြောင့် ထိခိုက်ခြင်းဟာ အပင်ရဲ့ အပေါ်ဘက် အစိတ်အပိုင်းတွေမှာ တွေ့ရတတ်တာဖြစ်ပြီး ရောဂါကျရောက်တဲ့ လက္ခဏာအများစုကတော့ အပင်ခြေမှာရှိနေတဲ့ အရွက်တွေမှာ တွေ့ရှိရမှာ ဖြစ်ပါတယ်။ အပူဒဏ်ကြောင့် ဖြစ်ပေါ်မှုကို ခဏဖယ်ထားပြီး အရွက်တွေပေါ်မှာ အညိုရောင်နဲ့ အမည်းရောင် အစက်အပြောက်တွေ ဖြစ်ပေါ်လာတာကို တွေ့ရမယ်ဆိုရင် ရောဂါကျရောက်နေတာ ဖြစ်နိုင်တယ်လို့ ယူဆနိုင်ပါတယ်။ 

ခရမ်းချဥ်အရွက်ပေါ်မှာ အစက်အပြောက်တွေ ဖြစ်ပေါ်လာတာဟာ စောပင်နာကျရောဂါ (early blight)၊ နှောင်းပင်နာကျရောဂါ (late blight)၊ စက်ပ်တိုးရီးယားအစက်ပြောက်ရောဂါ (septoria leaf spot)၊ ဘက်တီးရီးယား ရွက်စက်ပြောက်ရောဂါ (bacterial spot) နဲ့ အစက်ပြောက်ပင်ညှိုးရောဂါ (spotted wilt) တို့ကြောင့် ဖြစ်နိုင်ပါတယ်။ 

ဒီရောဂါတွေဟာ တစ်ခုနဲ့ တစ်ခု ဆင်တူပြီး ခွဲခြားဖို့ ခက်ခဲနိုင်ပါတယ်။ ဥပမာအားဖြင့် စောပင်နာကျရောဂါနဲ့ စက်ပ်တိုးရီးယားအစက်ပြောက်ရောဂါ တွေဆိုရင် အရွက်ရဲ့ အောက်မျက်နှာပြင်မှာ အညိုရောင် အစက်အပြောက်တွေ စတင်ဖြစ်ပေါ်တာ ဖြစ်ပါတယ်။ ဘက်တီးရီးယား ရွက်စက်ပြောက်ရောဂါနဲ့ အစက်ပြောက်ပင်ညှိုးရောဂါတွေ ကျရောက်မယ်ဆိုရင်တော့ အသီးတွေပေါ်မှာပါ အစက်ပြောက်တွေ ပေါ်လာတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။    

ခရမ်းချဉ်ရောဂါအချို့နဲ့ပတ်သက်ပြီး ကာကွယ်နှိမ်နင်းနည်းတွေ သိရှိလိုရင်တော့ အောက်ပါလင့်တွေကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

https://greenwaymyanmar.com/posts/Tomato_Bacterial_speck_Disease

https://greenwaymyanmar.com/posts/early_blight_of_tomato_disease

https://greenwaymyanmar.com/posts/Tomato_Wilt_Causes_and_Protection_1

https://greenwaymyanmar.com/posts/Tomato_Wilt_Causes_and_Protection

(၂) အရွက်များ အဝါရောင် ပြောင်းလာခြင်း 

အရွက်တွေ အဝါရောင်ပြောင်းလာခြင်းဟာလည်း ခရမ်းချဥ်အပင်မှာ ရောဂါကျရောက်နေခြင်းရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။

သို့ပေမဲ့ အာဟာရဓာတ်ချို့တဲ့ခြင်း၊ ပေါင်းသတ်ဆေးအသုံးပြုခြင်းနဲ့ မြေဆီလွှာထဲမှာ သတ္တုဓာတ်တွေ ပိုလျှံနေတဲ့အခါမျိုးမှာလည်း အရွက်တွေ ဝါလာတာမျိုး တွေ့ရတတ်ပါတယ်။

ခရမ်းချဥ်အပင်တွေမှာ ကျရောက်တတ်တဲ့ မှိုနဲ့ ဘက်တီးရီးယားရောဂါအများစုကတော့ အရွက်တွေကို ဝါလာစေတဲ့ လက္ခဏာရှိကြတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် စောပင်နာကျရောဂါ ကျရောက်တဲ့အခါ အရွက်တွေကို အဝါရောင်ပြောင်းလာစေပြီး နောက်ပိုင်းမှာ အစက်ပြောက်ငယ်တွေနဲ့ ဒဏ်ရာတွေကို တဖြည်းဖြည်း ကြီးထွားလာစေတာ ဖြစ်ပါတယ်။

ထို့နည်းတူ ခရမ်းချဥ် ရွက်ကွေးရောဂါ (Leaf curl) နဲ့ မိုစိတ်ရောဂါ (mosaic) ကဲ့သို့  ဗိုင်းရပ်စ်ရောဂါတွေ ကျရောက်တဲ့အခါမှာလည်း အရွက်တွေကို အဝါရောင်ပြောင်းစေနိုင်တာ ဖြစ်ပါတယ်။    

(၃) အရွက်ပေါ်မှာ မှိုမျှင်များတွေ့ရခြင်း 

အရွက်ပေါ်မှာ မှိုမျှင်တွေ တွေ့ရတာဟာ မှိုရောဂါကျရောက်နေခြင်းရဲ့ လက္ခဏာ တစ်ခုဖြစ်ပါတယ်။ ရာသီဥတုအေးမြပြီး စိုစွတ်ထိုင်းမှိုင်းတဲ့ ပတ်ဝန်းကျင်အခြေအနေတွေမှာ မှိုရောဂါတွေ အများဆုံး ကျရောက်လေ့ရှိပါတယ်။ အဖြစ်များတဲ့ မှိုရောဂါတွေကတော့ ဖားဥမှိုရောဂါ (powdery mildew) နဲ့ နှောင်းပင်နာကျရောဂါ (late blight) တွေ ဖြစ်ပါတယ်။ 

မှိုရောဂါတွေ ကျရောက်တဲ့အခါ အရွက်တွေအပေါ်မှာ အဖြူရောင်ခပ်မှိုင်းမှိုင်း မှိုတွေကို မြင်တွေ့ရမှာ ဖြစ်ပြီး အရွက်တွေ အဝါရောင်ပြောင်းကာ အရောင်ပျက်ပြယ်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။  မှိုရောဂါကျရောက်တာကို သတိပြုမိတာတဲ့တပြိုင်နက် ရောဂါကျရောက်နေတဲ့ အပင်ကိုချက်ချင်း ဖယ်ရှားလိုက်ခြင်းဟာ ထိရောက်ဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ 

သတိပြုရမယ့် အချက်တစ်ချက်က မှိုရောဂါကျရောက်နေတဲ့ စွန့်ပစ်အပင်အစိတ်အပိုင်းတွေကို မြေဆွေးပြုလုပ်တဲ့အခါ ထည့်သွင်း အသုံးမပြုမိစေဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မှိုရောဂါတွေဟာ နောက်ရာသီမှာ ထပ်မံစိုက်ပျိုးမယ့် သီးနှံတွေအထိ ကူးစက်ပျံ့နှံ့နိုင်တာကြောင့် ဖြစ်ပါတယ်။

မှိုရောဂါတွေကို ကုသ ကာကွယ်နိုင်ဖို့အတွက် သင့်တော်တဲ့ မှိုသတ်ဆေးတွေ အသုံးပြုနိုင်သလို သဘာဝနည်းလမ်းနဲ့ဆိုရင်တော့ မုန့်ဖုတ်ဆိုဒါကို အသုံးပြုနိုင်ပါတယ်။ ပြုလုပ်ပုံတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ 

  • ရေ ၁ ဂါလံ 
  • မုန့်ဖုတ်ဆိုဒါ ထမင်းစားဇွန်း ၁ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ ထမင်းစားဇွန်း ၃ ဇွန်း 
  • ဆပ်ပြာအရည် လက်ဖက်ရည်ဇွန်း ဇွန်း တဝက် 

၎င်း ပါဝင်ပစ္စည်းတွေကို နှံ့စပ်အောင် ရောမွှေပြီးနောက် ရောဂါကျရောက်နေတဲ့ ခရမ်းချဥ်အရွက်တွေကို ဖျန်းပေးနိုင်ပါတယ်။

အပင်ထိခိုက်မှု မရှိစေဖို့အတွက် အပင်ကို ဆေးဖျော်ရည် မဖျန်းခင်မှာ နမူနာအနေနဲ့ အပင်ရဲ့ သတ်မှတ်ထားတဲ့ အစိတ်အပိုင်းတွေကိုပဲ စမ်းသပ်ဖျန်းကြည့်ပြီး ၄၈ နာရီစောင့်ကြည့်ကာ စိတ်ချရပြီဆိုမှ အပင်တစ်ပင်လုံးကို အသုံးပြုမယ်ဆိုရင် ပိုကောင်းပါတယ်။ စိတ်ချရပြီဆိုရင်တော့ ၁ ပတ်လျှင် ၁ ကြိမ်ဖျန်းနိုင်ပြီး မနက်စောစောနဲ့ ညနေခင်းတွေမှာ အသုံးပြုတာ အသင့်တော်ဆုံး ဖြစ်ပါတယ်။ မုန့်ဖုတ်ဆိုဒါ မှိုသတ်ဆေးဖျော်ရည်ကို တမာဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့နဲ့ ရောစပ်ကာ သခွားမွှေးမှာ ကျရောက်လေရှိတဲ့ ဂျပိုးများ 

ခရမ်းချဉ်ရောဂါဖြစ်ရင် တွေ့ရနိုင်တဲ့ နောက်ထပ်လက္ခဏာတွေအကြောင်းကိုတော့ အပိုင်း (၂) မှာ ဆက်လက်ဖော်ပြပေးသွားပါ့မယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်