ခရမ်းချဥ်အပင်ညှိုးရခြင်းအကြောင်းရင်းများနှင့် ထိန်းသိမ်းနည်းများ(၂)

24/03/2022 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

ခရမ်းချဉ်ပင်တွေညှိုးလာပြီဆိုရင် ပိုးကြောင့် ဒါမှမဟုတ် ရောဂါကြောင့်ဆိုပြီး အများဆုံး တွေးမိ ကြမှာပါ။ ဒါပေမဲ့ တကယ်ကတော့ ဒီ့ထက်ပိုတဲ့အကြောင်းအရာတွေ အများကြီးရှိပါသေးတယ်။ ဒါတွေကိုသိပြီး ဆောင်ရန်၊ ရှောင်ရန်တွေလုပ်ဖို့ အပိုင်း(၁) မှာ တချို့ကို ဖော်ပြပြီးဖြစ်ပါတယ်။ အခု အပိုင်း(၂) မှာလည်း ကျန်နေသေးတဲ့အကြောင်းရင်းအချို့နဲ့ ထိန်းသိမ်းနည်းတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

၆။ ဘက်တီးရီးယားရောဂါကြောင့် အပင်ညှိုးခြင်း

ခရမ်းချဉ် စိုက်ပျိုးရေးသမားတွေကတော့ ဒီရောဂါကို “ စိမ်းညှိုးရောဂါ” လို့ ခေါ်ကြပါတယ်။

Bacterium Ralstonia solanacearum (formerly known as Pseudomonas solanacearum)

ဆိုတဲ့ ဘက်တီးရီးယားကြောင့်ဖြစ်ပြီး ကော့ပါး၊ ကာဆူကာမိုင်စင် ဖျန်းရုံနဲ့ မရပါဘူး။

ဘက်တီးရီးယား ဟုတ်မဟုတ်စမ်းသပ်ဖို့ကတော့ ဖန်ခွက်အကြည်ထဲကို ရေထည့်ပြီး ညှိုးနေတဲ့ ခရမ်းချဉ်အညွန့်ကို ဘရိတ်ဓါးနဲ့ ဖြတ်ပြီး စိမ်ကြည့်ပါ။ မီးခိုးငွေ့ ကဲ့သို့ ဘက်တီးရီးယားစိမ့်ထွက်ရည်လေးတွေ မြင်ရမှ ဘက်တီးရီးယားရောဂါ ဖြစ်ပါလိမ့်မယ်။

ဘက်တီးရီးယားပင်ညှိုးရောဂါဟာ ကူးစက်ချိန်ကလည်း အရမ်းမြန်လို့ ကုသဖို့ထက် ရောဂါမဖြစ် အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာ အရင်သိဖို့ ကြိုတင်လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။

ရေများခြင်း၊ မြေသြဇာများ ကျွေးခြင်း(height rate fertilized)၊ ယူရီးယား နှုန်းထားများခြင်း၊ မြေချဥ်ငန်ကိန်းနိမ့်ခြင်း၊ ပေါင်းမြက်နဲ့ပိုးမွှားကျရောက်မှုတွေက နောက်ဆက်တွဲဘက်တီးရီးယား ရောဂါဝင်ရောက်နိုင်လို့ စနစ်တကျပေါင်းရှင်း ပိုးကင်းဖို့ အရေးကြီးပါတယ်။

 

၇။ ပိုးမွှားကျရောက်မှုကြောင့် အပင်ညှိုးရခြင်း

ဥပမာအားဖြင့်.. 

- မြေအောင်းပိုး အမြစ်ကိုက်ဖြတ်ခံရခြင်း/ပင်စည်ရစ်ခြင်း

- Stalk borer(အညွန့်ထိုးပိုး)ကျခြင်း

- Root knot(မြစ်ဖုနီမတုတ်)

- လှေး(thrips) နောက်ဆက်တွဲ TSWV(tomato spotted wilt virus) ပင်ညှိုး ဗိုင်းရပ်ရောဂါ ကျ ရောက်ခြင်း။

စတာတွေဟာ ပိုးမွှားရောဂါကြောင့် ခရမ်းပင်ချဉ်တွေ ညှိုးရခြင်းအကြောင်းရင်းတွေ ဖြစ်ပါတယ်။

 

၈။ သီးနှံပင်ဓါတ်မတည့်မှု (Allilopathy)ကြောင့် အပင်ညှိုးခြင်း

ခရမ်းချဉ်ခင်းအနီးတွင် သစ်ကြားပင်မျိုးနွယ်ပင်(Walnut family)ရှိပါက ၄င်းအပင်ရဲ့ အရွက်၊အသီး၊ အခေါက် နဲ့ အမြစ်ကျရောက်မှုတွေကြောင့် ဓါတ်မတည့်မှုတွေဖြစ်ပြီး အပင်တွေ ညှိုးတတ်တာလည်း ရှိပါတယ်။

အလီလိုပသီ ဖြစ်စဉ်နဲ့ ဆက်စပ်နေတာဖြစ်ပါတယ်။

 

#ဒါတွေကို ကာကွယ်ဖို့ဆိုရင်..

- စိုက်ခင်းနဲ့ သစ်ကြားပင်မျိုးတွေနဲ့ အနည်းဆုံးပေ ၅၀-၆၀ ကွာ ရှိရပါမယ်။

- စိုက်ခင်းထဲကို အရွက်တွေမကျအောင်၊ မြေဆွေးထဲမှာ အရွက်၊ အခေါက်မပါရအောင်တွေကို ဂရုစိုက်ပေးရပါမယ်။ 

အထူးသဖြင့် တောင်ပေါ် ဒေသ၊ သစ်တောစိုက်ခင်း ဝန်းကျင်တွေအတွက် သတိပြုစရာပါ။

ဖော်ပြပါ အကြောင်းအရာတွေ လေ့လာပြီးပြီဆိုရတော့ ခရမ်းချဉ် စိုက်ပျိုးရေးသမားများအနေနဲ့

အပင်ညှိုးလက္ခဏာကိုကြည့်ပြီး ဘာကြောင့် ညှိုးတာ ဖြစ်နိုင်သလဲ.? ဆိုတာ၊သိရှိနိုင်လောက်ပြီ..လို့ယူဆပါတယ်။

 

မလိုအပ်ပဲ မှိုသတ်ဆေး၊ ပိုးသတ်ဆေးတွေ မဖျန်းမိစေအောင်နဲ့ မိတ်ဆွေတောင်သူများ စိုက်ပျိုးရေးဗဟုသုတရစေရန် ရည်ရွယ်ပြီးရေးသားတင်ပြလိုက်ပါတယ်။

စေတနာများစွာဖြင့်..

ဒို့ဦးလေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
County 24 SC ( ကောင်တီ ၂၄ အက်စ်စီ) Active Ingredient : Chlofenapyr 24% သီးနှံခင်းများရှိ လှေး ၊ ငမြောင်တောင်၊ သီးလုံးဖောက် ၊ စိန်ကွက်ဖလံ ၊ ရွက်ထွင်း ၊ မွှားပင့်ကူကဲ့သို့ ပိုးများစွာကို နှိမ်နင်းနိုင်သည်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်