ဗာတီစီလီယမ် ပင်ညှိုးရောဂါဟာ ရွက်ပြတ်ရွက်ကြွေပင်တွေ (deciduous trees)၊ ဟင်းသီးဟင်းရွက်ပင်တွေ၊ အလှစိုက်ပင်တွေ၊ ပန်းပင်တွေနဲ့ ဘယ်ရီသီးပင် အပါအဝင် အပင်မျိုးစိတ်ပေါင်း ၃၀၀ ကျော်အထိကို ကျရောက်နိုင်တာ ဖြစ်ပါတယ်။
ဒီရောဂါဟာ Verticillium dahlia လို့ခေါ်တဲ့ မြေဆောင်မှိုတစ်မျိုးကြောင့် ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်။ ဒီရောဂါကို မတ်တပ်သေ (သို့မဟုတ်) ထောင်လျက် ပင်ညှိုးရောဂါဆိုပြီးတော့လည်း ခေါ်ဆိုကြပါသေးတယ်။ အပင်မှာ ဗာတီစီလီယမ်ရောဂါ ကျရောက်ပြီဆိုတာနဲ့ ကုသနိုင်ဖို့ခက်ခဲတာကြောင့် ရောဂါမကျရောက်အောင် ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ထားနိုင်ဖို့က အရေးကြီးတာ ဖြစ်ပါတယ်။
ဗာတီစီလီယမ် ပင်ညှိုးရောဂါကျရောက်နေတာကို ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ကလည်း ခက်ခဲတယ်လို့ ပြောရမှာပါ။ ဘာ့ကြောင့်လဲဆိုတော့ ဒီရောဂါဟာ ၎င်းကျရောက်တတ်တဲ့ အပင်မျိုးစိတ်တိုင်းမှာ ရောဂါလက္ခဏာပုံစံ ကွဲပြားမှုရှိတာကြောင့်ဖြစ်ပြီး ဒီလိုအပင်ညှိုးခြင်းဟာဆိုရင် ဖျူစေရီယမ် ပင်ညှိုးရောဂါ (fusarium wilt)၊ ဘက်တီးရီးယားပင်ညှိုးရောဂါ (bacterial wilt)၊ အမြစ်ပုပ်ရောဂါ (root rot)၊ အပင်ရေငတ်ခြင်းနဲ့ မြေဆီလွှာအစိုဓာတ် လွန်ကဲခြင်းကဲ့သို့သော အခြေအနေတွေနဲ့လည်း မှားယွင်းနိုင်တာကြောင့် ဖြစ်ပါတယ်။
အတိအကျ သိချင်တယ်ဆိုရင်တော့ ဓာတ်ခွဲခန်းစမ်းသပ်မှုနဲ့မှသာလျှင် အပင်မှာ ဗာတီစီလီယမ်ရောဂါ ကျရောက်ခြင်း ရှိ မရှိကို သေချာဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။
ဗာတီစီလီယမ်ရောဂါ ဖြစ်စေတဲ့ ဒုတိယသက်ရှိတစ်မျိုးကတော့ Verticillium albo-atrum ဖြစ်ပြီး သူကတော့ တဆေးနွယ်ပင် (hops)၊ အယ်လ်ဖာဖာ (alfalfa) နဲ့ ဝါပင် (cotton) ကဲ့သို့ အပင်အမျိုးအစား အနည်းငယ်ပေါ်မှာပဲ ကျရောက်တာဖြစ်ပါတယ်။
ရောဂါကျရောက်တဲ့ အပင်များ
ဗာတီစီလီယမ်ရောဂါဟာ မေပယ်ပင်၊ redbud၊ တတိုင်းမွှေးပင်၊ weigela ကဲ့သို့ အမျိုးမျိုးသော အလှစိုက်ပန်းပင်တွေ၊ အရိပ်ရသစ်ပင်တွေနဲ့ ချုံပုတ်ပင်တွေမှာပါ ကျရောက်နိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် မေမြို့ပန်း၊ ဒေစီပန်း၊ စိန်ခြယ်ပန်း၊ ဒေလီယာ၊ စာကလေးပန်း၊ bleeding heart၊ peonies နဲ့ သရက်ထည်ပန်းကဲ့သို့သော နှစ်ရှည်ပန်းပင်တွေမှာလည်း ကျရောက်နိုင်တာ ဖြစ်ပါတယ်။
ဟင်းသီးဟင်းရွက်ပင်တွေမှာဆိုရင်တော့ ငရုတ်၊ ခရမ်းချဉ်၊ အာလူး၊ ခရမ်းသီး စတဲ့အပင်တွေမှာ အဖြစ်အများဆုံး ဖြစ်ပါတယ်။ ဒီရောဂါကို စတော်ဘယ်ရီသီးတွေမှာလည်း တွေ့ရတတ်ပြီး အထူးသဖြင့် အမည်းရောင် ရက်စ်ဘယ်ရီသီးတွေမှာဆိုရင် ရောဂါကျရောက်မှု အကန့်အသတ်ရှိတာ ဖြစ်ပါတယ်။
ဗာတီစီလီယမ် ပင်ညှိုးရောဂါရဲ့ လက္ခဏာများ
အပင်အမျိုးအစားပေါ် မူတည်ပြီး ရောဂါလက္ခဏာပုံစံတွေ ကွဲပြားမှုရှိနိုင်ပါတယ်။
သစ်ပင်တွေမှာဆိုရင် ရောဂါလက္ခဏာ အချိန်မရွေးပေါ်လာတတ်တာဖြစ်ပြီး ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုအခြေအနေရှိနေမယ်ဆိုရင် ရောဂါကျရောက်ဖို့ အခွင့်အလမ်းပိုများပါတယ်။ ရောဂါကျရောက်တဲ့အခါ အရွက်တွေရဲ့ ဘေးအနားသတ်တွေဟာ အညိုရောင်ဖြစ်လာပြီး အရွက်တွေ အပူ လောင်ထားသလိုမျိုး တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အရွက်တွေဟာ ပုံမှန်ထက်ကို သေးငယ်နေမှာလည်း ဖြစ်ပါတယ်။ အပင်ရဲ့ အချို့သော အကိုင်းအခက်ထိပ်ဖျားမှာရှိတဲ့ အရွက်တွေရော တစ်ပင်လုံးမှာရှိနေတဲ့ အရွက်တွေပါ ညှိုးနွမ်းကြွေကျသွားနိုင်တာ ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ အရွက်တွေသာမက အကိုင်းအခက်တွေပါ ခြောက်သွေ့သေဆုံးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အပင်ဟာ ပုံမှန်ထက် အစေ့များစွာ ထုတ်ပေးမှာလည်း ဖြစ်ပါတယ်။
အကယ်လို့ ရောဂါကျရောက်နေတဲ့ အပင်မှ အကိုင်းအခက်တွေရဲ့ အခေါက်ကို ခြစ်ကြည့်မယ်ဆိုပါက အပင်သားရဲ့ အရောင်ဟာ ပုံမှန်ထက်ကို ဖျော့တော့ပြီး အရောင်ပျက်ပြယ်နေတာမျိုး သတိပြုမိပါလိမ့်မယ်။ ရောဂါကျရောက်တဲ့အခါ တွေ့ရတတ်တဲ့ အရောင်တွေဟာ အမျိုးမျိုးကွဲပြားနိုင်ပြီး မေပယ်ပင်တွေမှာဆိုရင် အစိမ်းရောင်ကနေ အနက်ရောင် ပြောင်းသွားနိုင်ပြီး အခြားသစ်ပင်တွေမှာဆိုရင် အညိုရောင်ကနေ အနက်ရောင်အထိ ပြောင်းသွားမှာ ဖြစ်ပါတယ်။ ဒီရောဂါရဲ့ လက္ခဏာတွေဟာ အမြဲတမ်း ကိုက်ညီမှုမရှိတာလည်း ဖြစ်ပါတယ်။ အချို့သော သစ်ပင်တွေမှာတော့ ရောဂါလက္ခဏာ ပြပြီးတဲ့နောက် ပုံမှန်ပြန်လည်ကောင်းမွန်လာတာမျိုးရှိသလို အချို့သစ်ပင်တွေမှာတော့ လက္ခဏာပြပြီးသိပ်မကြာခင်မှာဘဲ သေဆုံးသွားတာမျိုးလည်း ရှိနိုင်တာ ဖြစ်ပါတယ်။
အာလူးနဲ့ အခြားသော ဟင်းသီးဟင်းရွက်ပင်တွေမှာတော့ ပထမဆုံး တွေ့ရှိရမယ့်လက္ခဏာဟာ များသောအားဖြင့် အောက်ဘက်ပိုင်းအရွက်တွေ အဝါရောင်ပြောင်းလာတာနဲ့ တဆက်တည်း ညှိုးနွမ်းလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အရွက်တွေပေါ်မှာ အရွယ်အစားကြီးမားတဲ့ အဝါရောင်အကွက်တွေကနေ သေဆုံးနေတဲ့ အညိုရောင်တစ်သျှူးတွေကို ဝန်းရံထားတဲ့ပုံစံမျိုး တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒီလက္ခဏာပုံစံကိုတော့ တစ်ပင်စလုံးမှာ မတွေ့ရတတ်ဘဲ အပင်ရဲ့တစ်ဖက်ခြမ်းတည်းမှာသာ တွေ့ရတတ်တာလည်း ဖြစ်ပါတယ်။
ဟင်းသီးဟင်းရွက် အပင်တွေရဲ့ ပင်စည်အတွင်းမှာတော့ အညိုရောင်ပြောင်းလာမှာဖြစ်ပြီး ပင်စည်ကိုလှီးဖြတ်ပြီး အလျားလိုက်ခွဲကာ စစ်ဆေးကြည့်မယ်ဆိုရင်တော့ ပုံမှန်မဟုတ်ဘဲ ရောဂါကျရောက်နေတဲ့ အခြေအနေကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
စတော်ဘယ်ရီပင်တွေမှာဆိုရင်တော့ အပင်အုံရဲ့ အပြင်ဘက်မှာရှိတဲ့ အရွက်ရင့်တွေဟာ ညှိုးနွမ်းခြောက်သွေ့လာပြီး အရွက်ရဲ့ဘေးအနားသတ်နဲ့ ရွက်ကြောတွေကြားမှာ နီဝါရောင် (သို့မဟုတ်) အညိုရင့်ရောင် ဧရိယာတွေ ဖြစ်ပေါ်လာတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ အရွက်သစ်တွေ ထွက်ရှိလာတာလည်း ပုံမှန်ထက်နည်းပါးမှာဖြစ်ပြီး အကယ်လို့ အရွက်သစ်တွေ ထွက်ရှိလာခဲ့မယ်ဆိုရင်လည်း လှီပြီးတွန့်လိမ်သွားနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အညိုရောင်အစင်းကြောင်းတွေကို အမြစ်ဆုံ၊ အပင်သားတက်နဲ့ ရွက်ညှာတွေပေါ်မှာ ပေါ်လာတာကို တွေ့ရမယ်ဆိုရင်တော့ ၎င်းအခြေအနေဟာ ဆိုးဆိုးရွားရွား ရောဂါကူးစက်ခံနေရတာဖြစ်ပြီး အပင်ပါ သေဆုံးသွားမှာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ထွက်ရှိလာမဲ့ အမြစ်သစ်တွေဟာလည်း ကြီးထွားမှုရပ်တန့်သွားပြီး အမည်းရောင်ပြောင်းသွားမှာ ဖြစ်ပါတယ်။
အပင်တွေမှာ ဗာတီစီလီယမ် ပင်ညှိုးရောဂါ ဘယ်လိုကူးစက်သလဲ
ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိမှိုတွေဟာ မြေဆီလွှာထဲမှာ ဆယ်စုနှစ်တစ်ခု (သို့မဟုတ်) ၎င်းထက်ပိုပြီး မြေကြီးထဲမှာ ရှိနေနိုင်တာ ဖြစ်ပါတယ်။ ၎င်းဟာ microsclerotia လို့ခေါ်တဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ရှိနေနိုင်တာဖြစ်ပြီး ပူပြင်းခြောက်သွေ့ဒဏ်နဲ့ အအေးဒဏ်တွေကိုပါ ခံနိုင်ရည်ရှိတာ ဖြစ်ပါတယ်။
microsclerotia တွေအတွက် အလားအလာကောင်းတဲ့ လက်ခံပင်တွေကို သူ့ရဲ့အနီးအနားမှာ စိုက်ပျိုးလိုက်တဲ့အခါ ထိုအပင်ရဲ့ အမြစ်တွေဟာ microsclerotia တွေကို အသက်ပြန်ဝင်လာစေပြီး မှိုစပိုးတွေထွက်လာစေဖို့ လှုံ့ဆော်ပေးတာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ၎င်းသက်ရှိတွေဟာ အမြစ်ကနေတဆင့် ဝင်ရောက်ကြပြီး အပင်ကိုတိုက်ခိုက်ကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အမြစ်တွေမှာ ထိခိုက်မှုအများဆုံးဖြစ်တာ တွေ့ရပါတယ်။
အပင်အတွင်း ရောက်ရှိတဲ့အခါ မှိုတွေဟာ အပင်တလျှောက် အထက်ဘက်ကို ရွေ့လျားသွားပြီး ရေသယ်ယူပို့ဆောင်ရာမှာ အဓိကကျတဲ့ စနစ်တွေကို ပိတ်ဆို့ထားလိုက်တာ ဖြစ်ပါတယ်။ ၎င်းအခြေအနေကြောင့် အပင်တွေကို ညှိုးနွမ်းသွားစေပြီး နောက်ဆုံးမှာ သေဆုံးသွားစေနိုင်တာ ဖြစ်ပါတယ်။
ဒီမှိုရောဂါဟာ ရောဂါပိုးရှိသော်လည်း ရောဂါလက္ခဏာမပြတဲ့ ပျိုးပင်တွေ၊ အာလူးကဲ့သို့ ဥတွေနဲ့ ရောဂါကျရောက်ထားတဲ့ အပင်အစိတ်အပိုင်းတွေကို မြေဖုံးရာမှာ ပြန်လည်အသုံးပြုတာမျိုးတွေကနေ စိုက်ခင်းမြေကို ကူးစက်နိုင်တာ ဖြစ်ပါတယ်။ ရောဂါဖြစ်စေနိုင်တဲ့မှိုတွေဟာ စိုက်ခင်းအတွင်း တစ်နေရာတည်းမှာ ရှိနေတတ်ပေမယ့် မြေယာ ထွန်ယက်ခြင်း၊ တူးဆွခြင်း၊ မြေဆီလွှာ ရွှေ့ပြောင်းခြင်းတို့အပြင် ရေ၊ လေ စသည်တို့ကြောင့်လည်း အလွယ်တကူ ပျံ့နှံ့နိုင်တာ ဖြစ်ပါတယ်။
ဗာတီစီလီယမ် ပင်ညှိုးရောဂါကို ထိန်းချုပ်ကာကွယ်ခြင်းနဲ့ စီမံခန့်ခွဲခြင်း
ဗာတီစီလီယမ်ရောဂါ ဖြစ်တာနဲ့တစ်ပြိုင်နက် အပင်ကိုပျောက်ကင်းစေနိုင်မဲ့ မှိုသတ်ဆေး မရှိပေမဲ့လည်း ကာကွယ်ဖို့အတွက် လုပ်ဆောင်နိုင်တဲ့ အဆင့်တွေ များစွာရှိနေပါသေးတယ်။
အချို့သော အပင်တွေဟာ ဗာတီစီလီယမ်ရောဂါကို သဘာဝအတိုင်း ခံနိုင်ရည်ရှိပြီး ခုခံနိုင်စွမ်းရှိကြတာ ဖြစ်ပါတယ်။ အကယ်လို့ အပင်တစ်ပင်ဟာ verticillium ဗာတီစီလီယမ် ပင်ညှိုးရောဂါကြောင့် ထိခိုက်သေဆုံးသွားတယ်ဆိုရင် တူညီတဲ့ အပင်မျိုးစိတ်တွေကို ၎င်းနေရာမှာပဲ (သို့မဟုတ်) အနီးအနားမှာပါ ပြန်လည်စိုက်ပျိုးတာမျိုး မပြုလုပ်သင့်ပါဘူး။
အကယ်လို့ အပင်တစ်ပင်ဟာ အနည်းငယ်သာ ရောဂါကူးစက်ခံရတယ်ဆိုရင် ကူးစက်ခံရတဲ့ အကိုင်း အခက်တွေကို ဖြတ်တောက်ဖယ်ရှားပြီး အပင်ရဲ့ ကျန်းမာသန်စွမ်းမှုအတွက် မြေသြဇာနဲ့ ရေကို စနစ် တကျ ကျွေးခြင်းဖြင့် ကုသနိုင်ပါတယ်။ သို့ပေမဲ့လည်း ရောဂါလက္ခဏာတွေဟာ အချိန်မရွေး ပြန်လည်ပေါ်လာတတ်တယ်ဆိုတာကိုတော့ ကြိုတင်သတိပြုသင့်ပါတယ်။ ထို့ကြောင့် ရောဂါဟာ အနီးအနားမှာရှိတဲ့ မြေဆီလွှာကိုလည်း ပျံ့နှံ့သွားနိုင်တယ်ဆိုတာ သိရှိထားသင့်ပါတယ်။
စတော်ဘယ်ရီပင်တွေ အတွက်ဆိုရင်တော့ 'Allstar' (သို့မဟုတ်) 'Earliglow' ကဲ့သို့သော ရောဂါဒဏ်ကို ခံနိုင်ရည်ရှိတဲ့ မျိုးတွေကို ရွေးချယ်စိုက်ပျိုးနိုင်ပါတယ်။ ရောဂါကျရောက်တတ်တဲ့ စိုက်ခင်းတွေမှာ သီးလှည့်စိုက်ပျိုးနည်းကိုလည်း ကျင့်သုံးကြည့်နိုင်ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း စိုက်ပျိုးခဲ့တဲ့ သီးနှံတွေထဲကမှ ရောဂါဒဏ်ခံနိုင်ရည်မရှိတဲ့ သီးနှံပင်တွေ၊ နှစ်ရှည်ပန်းပင်တွေနဲ့ ရောဂါဒဏ်ခံနိုင်ရည်မရှိတဲ့ စတော်ဘယ်ရီမျိုးတွေကို တူညီတဲ့မြေမှာ စိုက်ပျိုးတာမျိုးလည်း မပြုလုပ်သင့်ပါဘူး။
အပင်စိုက်ပျိုးမဲ့ မြေဆီလွှာဟာ အာဟာရဓာတ် ကြွယ်ဝပြီး မြေသားဖွဲ့စည်းတည်ဆောက်မှုကောင်းကာ ရေစိမ့်ဝင်မှုလည်း ကောင်းနေသင့်တာ ဖြစ်ပါတယ်။ မြေဆီလွှာမှာ ရေစိမ့်ဝင်မှု ညံ့ဖျင်းခြင်းဟာ အမြစ်တွေကို ဖိစီးမှုဖြစ်စေပြီး ရေငတ်ဒဏ်ခံရကာ အပင်တွေ မှိုရောဂါကျရောက်မှုဒဏ်ကိုလည်း ခံနိုင်ရည်မဲ့စေပါတယ်။ ဒါ့ကြောင့် နိုက်ထရိုဂျင်ပါဝင်မှု မြင့်မားတဲ့မြေသြဇာတွေကို အသုံးမပြုသင့်ဘဲ ကွန်ပေါင်းကဲ့သို့ အာဟာရမျှတတဲ့ ဓာတ်မြေသြဇာတွေ (သို့မဟုတ်) ဖော့စဖရပ်ပါဝင်မှု ရာခိုင်နှုန်းပိုများတဲ့ မြေသြဇာတွေကိုသာ အသုံးပြုသင့်ပါတယ်။
ဟင်းသီးဟင်းရွက် စိုက်ခင်းတွေမှာဆိုရင် မြေဖုံးပေးခြင်း (mulching) ဟာ ပေါင်းပင်တွေကို လျော့နည်းစေပြီး သီနှံတွေစိုက်ပျိုးတဲ့အခါ အမြစ်တွေရဲ့ ပျက်စီးနိုင်ခြေကို နည်းပါးစေနိုင်တာ ဖြစ်ပါတယ်။ သို့ပေမဲ့ ရောဂါကျရောက်ထားတဲ့ အပင်အစိတ်အပိုင်းတွေနဲ့ ၎င်းအနီးအနားက အပင်အစိတ်အပိုင်းတွေကိုတော့ မြေဖုံးရာမှာ အသုံးမပြုသင့်ပါဘူး။
ဗာတီစီလီယမ် ပင်ညှိုးရောဂါကြောင့် သေဆုံးသွားတဲ့အပင်တွေဆိုရင် ချက်ချင်းဖယ်ရှားသင့်ပြီး ၎င်းတို့ရဲ့ အမြစ်စနစ်ကိုပါ ဖယ်ရှားရှင်းဖျက်ဆီးသင့်တာ ဖြစ်ပါတယ်။ ရောဂါကျရောက်ထားတဲ့ အပင်ရဲ့ အစိတ်အပိုင်းတွေကိုတော့ စနစ်တကျစွန့်ပစ်ရမှာ ဖြစ်ပါတယ်။
Zin Htoo Naing
Ref: https://www.thespruce.com/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။