ဟူးမစ်အက်ဆစ်ဆိုတာဘာလဲ ?

05/11/2019 09:30 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကောင်းသောနေ့လေးဖြစ်ကြပါစေနော်

ဒီကနေ့တော့ ဟူးမစ်အက်ဆစ်ဆိုတာ ဘာလဲဆိုတဲ့အကြောင်းကို  တင်ဆက်ပေးမှာဖြစ်ပါတယ်။ ဦးလေးကြီးတို့ စားသောက်နေတဲ့အစားအစာတွေမှာ အချဉ် အငန်ကို မျှတအောင်စားပေးမှ ကောင်းမွန်တဲ့ကျန်းမာရေးကို ရနိုင်သလိုပဲ အပင်တွေလည်း အဲ့လိုပဲဆိုတော့ကာ ဦးလေးကြီးတို့က သူတို့ကို အချဉ်ပေါင်း အဲ့လေ ချဉ်တာလေးလည်း ထည့်ပေးရပါတယ်။ အဲ့တော့ ဆက်သွားမယ်။

ဟူးမစ်အက်ဆစ်ဆိုတာဘာလဲ (What is Humic Acid?)

အပင်နဲ့ သတ္တဝါတွေရဲ့ သဘာဝအတိုင်းကြေပျက်ဆွေးမြေ့ပြီးတော့ နောက်ဆုံးကျန်တဲ့အရာကို ဆိုလိုတာပါ။ အဲ့လိုဖြစ်တာလည်းရှိတယ်။ ဟူးမစ်ပစ္စည်းတွေက မြေထဲမှာရှိတဲ့ အဏုဇီဝသက်ရှိတွေနဲ့ သက်ရှိသတ္တဝါတွေကြောင့်လည်း ဖြစ်လာပါတယ်။ သူတို့က ဘယ်နားမှာ ရနိုင်မလဲဆိုတော့ မြေတွေနဲ့ ရေတွေထဲမှာ ပင်လယ်တွေမှာလည်း တွေ့နိုင်ပါတယ်။ များများစားစားတွေ့ရတဲ့ အရင်းအမြစ်ကတော့ မြေကြီးထဲက လီယိုနာဒိုက်အလွှာပဲဖြစ်ပါတယ်။ အဲ့တော့ ဟူးမစ်တွေကို လီယိုနာဒိုက်(Leonardite) အလွှာမှာ အများဆုံးတွေ့ရပါတယ်။

စိုက်ပျိုးရေးမှာ ဘာကြောင့်သုံးတာလဲ?

ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ

၁။ မြေသားဖွဲ့စည်းပုံကို တိုးတက်ကောင်းမွန်စေပါတယ်။ သဲဆန်တဲ့မြေမှာဖြစ်တတ်တဲ့အာဟာရတွေဆုံးရူံးတာကို ကာကွယ်ပေးတယ်။ တစ်ခြားမြေတွေမှာကျတော့ မြေတိုက်စားတာခံရတာကနေ နောက်ပြီး အစိုဓာတ်တွေကို ထိန်းသိမ်းပေးပါတယ်။ ဒါကြောင့် စိုက်ဖို့ပျိုးဖို့အတွက် ကောင်းတာပေါ့။

၂။ မြေအက်ကွဲတာတွေ၊ မြေပေါ်ရေမတင် မြေထဲရေမစိမ့်တာတွေ၊ မြေသားကို တိုက်စားခံရတာတွေ စတဲ့အချက်တွေကိုလည်း ပြုပြင်ထိန်းသိမ်းပေးနိုင်ပါတယ်တဲ့ဗျာ။

၃။ မြေသားကိုကောင်းစေလို့ တအားကြီး သိပ်သည်းသွားတာမျိုးမဟုတ်ပဲနဲ့ မြေသားကိုလည်း လေဝင်ပြီးတော့ လေဝင်လေထွက်ကောင်းစေပါတယ်တဲ့။

၄။ ရေလောင်းလိုက်တဲ့အခါ ရေတွေက မြေသားထဲကနေ မြန်မြန်ထွက်မပြေးအောင် ဆွဲထားပေးပါတယ်နော်။

၅။ သူရှိတဲ့မြေက တဖြည်းဖြည်းနဲ့ အနက်ရောင်ကိုပြောင်းသွားပြီးတော့ နေရောင်ခြည်စုပ်ယူမှုကို ပိုမိုကောင်းမွန်စေပါတယ်။

ဓာတုဆိုင်ရာပြောင်းလဲချက်တွေ

၁။ မြေချဉ်တာဖြစ်ဖြစ်၊ မြေငန်တာဖြစ်ဖြစ် အဲ့ဒါကိုပြင်ဆင်ပေးနိုင်ပါတယ်။ ချဉ်ငံကိန်းကိုပြောင်းလဲပေးနိုင်တဲ့ အစွမ်းပေါ့။

၂။ အပင်စိုက်လိုက်ရော အပင်တွေကနေ ရေနဲ့ အာဟာရတွေစုပ်ယူမှုကိုလည်း အကောင်းဆုံးဖြစ်အောင်လုပ်ပေးပါတယ်။

၃။ ထိန်းရသိမ်းရခက်တဲ့ မြေတွေရှိတယ်လေ။ နည်းနည်းလေး အပြောင်းအလဲလုပ်လိုက်တာနဲ့ ချဉ်သွားတာ ငန်သွားတာတွေကိုမဖြစ်အောင် ထိန်းပေးပါတယ်။

၄။ အာဟာရတွေကို အပြင်ကနေ အုပ်ထားပေးတာကြောင့် ငန်နေတဲ့မြေတွေမှာ ဖြစ်တတ်တဲ့ အာဟာရအဆိပ်သင့်မှုတွေ မဖြစ်တော့ပါဘူး။

၅။ အပင်တွေအတွက် လိုအပ်တဲ့အာဟာရတွေကို အများကြီးရနိုင်လာအောင် ကူညီပေးပါတယ်။

၆။ မြေကြီးထဲက ဓာတ်ဖိုဖလှယ်တဲ့နှုန်းကို တက်လာစေပါတယ်။ အပင်တွေအများကြီးစားတဲ့အရာက ဓာတ်ဖိုလေးတွေပါ။

၇။ ရေမှာပျော်ဝင်လွယ်တဲ့ မြေသြဇာတွေထည့်တဲ့အခါ ဆုံးရူံးမှုတွေ မဖြစ်အောင်လို့ သူက ထိန်းထားပေးပါတယ်။

၈။ ကဲ ထည့်တဲ့ NPK အပြင်ကို သံဓာတ်နဲ့ သွပ်ရယ် အခြားဓာတ်တွေကို အပင်တွေစားသုံးလို့ရတဲ့ပုံစံကို ပြောင်းပေးပါတယ်။ ဦးလေးကြီးတို့ထည့်လိုက်တဲ့အရာတွေကိုလည်း စားသုံးနိုင်အောင် လုပ်ပေးနိုင်ပါတယ်။

၉။ အပင်တွေမှာ အများကြီးရှိနေရင် အပင်တွေကို အဆိပ်အတောက်ဖြစ်စေတဲ့ အာဟာရတွေကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။

ကဲ ဇီဝနည်းအားဖြင့် ဘာတွေကူညီသလဲ ဆိုတော့

၁။ အပင်တွေရဲ့အင်ဇိုင်းတွေကို လှုံဆော်ပေးပြီးတော့ သူတို့တွေထုတ်လုပ်မှုကိုလည်း အားပေးပါတယ်။

၂။ ဇီဝဖြစ်စဉ်တွေအများကြီးအတွက်လည်း သူက ဇီဝဓာတ်ပစ္စည်းအဖြစ် ပါဝင်လုပ်ဆောင်ပေးပါတယ်။

၃။ မြေထဲက အဏုဇီဝသက်ရှိတွေရဲ့ ထိုးဖောက်ဝင်ရောက်နိုင်မှုနဲ့ ရှင်သန်နိုင်ဖို့အတွက် ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးပါတယ်။

၄။ အပင်တွေမှာရှိတဲ့ မူလခံနိုင်ရည်အားကို တိုးတက်ကောင်းမွန်စေပါတယ်။

၅။ မြေထဲက အမြစ်တွေရဲ့ကြီးထွားမှုကို အားပေးပြီးတော့ အမြစ်အသစ်တွေဖြစ်ပေါ်ဖို့အတွက် အားပေးတယ်။ အဲ့အမြစ်ကလေးတွေကနေ အာဟာရစုပ်ယူမှုကိုလည်း အားပေးထောက်ကူပေးပါတယ်။

၆။ အာဟာရတွေ များများစုပ်ယူလေလေ အပင်တွေမှာ အာဟာရတွေပြည့်လေလေ လူတွေအတွက် ပိုကောင်းလေလေပါပဲနော်။

၇။ အသီးတွေမှာ ဆဲလ်နံရံတွေ ထူပြီးတော့ ပိုပြီးတော့ အထားခံပါတယ်။

၈။ မျိုးစေ့တွေမှာ အပင်ပေါက်ပိုကောင်းစေပါတယ်။ မျိုးစေ့အောင်နှုန်း ပိုကောင်းစေပါတယ်။

၉။ အချုပ်ကတော့ အပင်တွေအတွက် အထွက်ရော၊ ရုပ်ပိုင်ဆိုင်ရာအရည်အသွေးတွေကို တိုးတက်ကောင်းမွန်စေပြီး အာဟာရတန်ဖိုးတွေကိုလည်း မြှင့်တက်ကောင်းမွန်စေပါတယ်။

ဂေဟစနစ်အတွက် အထောက်အကူပြုသလား?

သဘာဝကဖြစ်တဲ့အရာကတော့ အကျိုးပြုတာပေါ့လေ။ ပတ်ဝန်းကျင်မှာ ဦးလေးကြီးတို့ ကြုံနေရတဲ့ ပြဿနာတွေ၊ စိုက်ရေးပျိုးရေးမကောင်းတာ၊ မြေပျက်တာ စတဲ့ပြဿနာတွေကို သူကဖြေရှင်းပေးနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေမရှိပဲနဲ့ပေါ့။

မြေထဲမှာဟူးမစ်အက်ဆစ်တွေများလေလေ နိုက်ထရိုဂျင်တွေ ဆုံးရူံးတာတွေကို ကာကွယ်နိုင်လေလေပါပဲ။ တကယ်တော့ နိုက်ထရိုဂျင်ဆုံးရူံးတယ်လို့သာ ပြောပါတယ်။ တကယ်တမ်းကျတော့ မြေထဲစိမ့်၊ ရေထဲပျော်ဝင်၊ လေထဲအငွေ့ပျံတာ အဲ့ဒါတွေပါ။ ပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။ ဟူးမစ်သာရှိနေရင် အဲ့လိုညစ်ညမ်းမှုတွေကို ကာကွယ်နိုင်မှာပါ။

နောက်တစ်ခုအနေနဲ့ ရေမှာပျော်ဝင်တဲ့မြေသြဇာတွေကို အသုံးများတာကြောင့်ဖြစ်တဲ့ မြေပျက်စီးတာတွေကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ဟူးမစ်အက်ဆစ်က မြေထဲမှာရှိတဲ့ ဆားတွေကို လျော့ချပေးနိုင်တာကြောင့် အဆိပ်အတောက်ဖြစ်တာတွေကိုလည်း သက်သာစေပါတယ်။ မြေသြဇာတွေ များပြီး ဆားတွေစုတာကြောင့်ဖြစ်တတ်တဲ့ အမြစ်တွေပုတ်တာမျိုး၊ အပင်တွေလောင်တာမျိုးကိုမဖြစ်စေတော့ပါဘူး။

နောက်ဆုံးအနေနဲ့ ဟူးမစ်အက်ဆစ်ရှိနေတဲ့မြေတွေမှာ ပေါင်းစပ်စွမ်းအားပိုမိုကောင်းမွန်တာကြောင့် မြေသားတိုက်စားခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။

ထွန်းဝင်းကျော်

Reference

1. “Where Does Humic Acid Come From?” - prepared by Mesa Verde Resources, based on an article in BioScientific 2010 authored by John Olivas.

2.“What are Humic Acids and Their Sources?” - a summary report, by committee for Veterinary Medicinal Products Humic Acids and Their Sodium Salts.


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်