လိပ်များကိုသနားကြင်နာပါ..

23/05/2023 11:00 AM တွင် ဒေါက်တာမြင့်သိန်း(B.V.S) ဒေါက်တာမြင့်သိန်း(B.V.S) မှ ရေးသား

 

#ကမ္ဘာပေါ်တွင် တောရိုင်းတိရစ္ဆာန်မျိုးစိတ်ကွဲပေါင်းမြောက်မြားစွာရှိသည့်အနက်မှ လူသိထင်ရှား အများဆုံးသောတောရိုင်းတိရစ္ဆာန်တစ်မျိုးမှာ လိပ်များပင်ဖြစ်ပါသည်။ အဘယ်ကြောင့် ထိုသို့ လူသိများ ထင်ရှားကျော်ဇောရသနည်းဟုဆိုလျှင် ထိုလိပ်တို့၏ နှေးကွေးခြင်းဆိုသည့် ထင်ရှားသော လက္ခဏာတစ်ရပ်ကြောင့်ပင်ဖြစ်သည်ဟု စစ်တမ်းများက ဖော်ပြကြသည်။                                 

#လိပ်များသည် မြေပြင်တွင်ဗိုက်နှင့်ကပ်၍တွားသွားသောအကောင်ဖြစ်ခြင်း၊ ဟန်ပန်မရှိခြင်းနှင့်နှေးကွေးစွာ သွားလာတတ်ခြင်း စသည့်ညှိုးမှိန်သောဂုဏ်ထူးများကိုပိုင်ဆိုင်ထားသော်ငြားလည်း သူ၏ နောက်ကွယ်တွင်အလွန်ထူးခြားသော ဂုဏ်အင်များကို ပိုင်ဆိုင်ထားသော သတ္တဝါတစ်ကောင် ဖြစ်နေပြန်သည်။ 

#ထိုသို့ နှေးကွေးပင်နှေးကွေးနေပါသော်ငြားလည်း စိတ်ဝင်စားဖွယ်ကောင်းသော သူ၏နောက်ခံ ရာဇဝင်ကြောင်းမှာ ထိုလိပ်တို့၏ဘိုးဘွားဘီဘင်ခေတ်အဆက်ဆက်တို့သည် လွန်ခဲ့သော နှစ်သန်းပေါင်း နှစ်ရာကျော်က ဤကမ္ဘာမြေပေါ်တွင်ရှင်သန်ခဲ့ကြသော ဒိုင်နိုဆောများနှင့် တစ်ခေတ်တည်း နေခဲ့ကြသူများဖြစ်သည်ဟု မှတ်တမ်းများကဖော်ပြထားခြင်းဖြစ်သည်။

ထိုဒိုင်နိုဆောများ မည်ကဲ့သို့ မျိုးပျက်သုဉ်းသွားခဲ့ကြသည်ကိုလည်း မြင်တွေ့သိရှိခဲ့ရသူများ ဖြစ်ကြသည်ဟု မှတ်သားရပါသဖြင့် ခေတ်စကားအရဆိုရလျှင်ရှေ့မီနောက်မီလိပ်များဖြစ်ကြသည်ဟု ဆိုလျှင်ဖြင့် လွန်အံ့ဟုမထင်မိပေ။ 

# ဤကဲ့သို့ လိပ်များ နှစ်ပေါင်းများစွာ ဘေးမသီရန်မခဘဲ ယခုထက်တိုင် အသက်ရှင်သန်ကျန်ရစ် နေရခြင်းမှာ ၎င်းတို့၏ မွေးရာပါဗီဇအရည်အချင်းဖြစ်သော ကျွမ်းကျင်လိမ္မာစွာ ပုန်းခိုနေထိုင် တတ်ခြင်း၊ တိတ်ဆိတ်ငြိမ်သက်စွာ စူးစမ်းလိုစိတ်ဖြင့် တစ်ဖက်သူကို ငေးစိုက်၍ကြည့်နေတတ်ခြင်း နှင့် ပရိယာယ်ကြွယ်ဝခြင်း စသည်တို့ကြောင့်ဖြစ်သည်ဟုလည်း လေ့လာသိရှိရပါသည် ။

လိပ်တို့၏မူလသဘာဝမှာလည်း ၎င်းတို့၏ကျောခွံအား တစုံတစ်ခုနှင့်ထိကပ်ထိတွေ့နေရမှသာ ၎င်းတို့ဘဝအတွက် လုံခြုံမှုရှိကြသည်ဟု မှတ်ယူကြောင်းကို လိပ်များနှင့်ပတ်သက်သည့် သင်တန်းတစ်ခုတွင် ကြားနာမှတ်သားရဖူးပါသည်။

#တဖန် လိပ်များနှင့်ပတ်သက်၍ သတိထားဖွယ်တစ်ခုကို တင်ပြလိုသည်မှာ လိပ်တစ်ကောင်ကိုမြင်တွေ့ ရလျှင် ကျောက်ခဲတုံးတစ်တုံးအလား ဘောလုံးတစ်လုံးသဖွယ်ကန်ကြောက် ကစားတတ်ကြသည့်အချက်ဖြစ်သည်။ တစ်ခါတရံတွင်အပျော်သဘောဖြင့် လိပ်ကိုပက်လက်ပင် လှန်ထားတတ်ကြသေးသည်။

အမှန်တကယ်တော့ဖြင့် မြင်တွေ့နေရသော လိပ်၏ကျောခွံ ရင်ခွံတို့သည် ကန်ကျောက်ခံရခြင်းဒဏ်ကို တောင့်ခံနိုင်သော အရိုးခွံမာများ လားလားမျှမဟုတ်ကြချေ။ သူတို့တွေ၏ရင်ခွံလေးများသည် လူသားတို့၏နံရိုးများကဲ့သို့ဖြစ်ပြီး ကျောခွံသည် လူသားတို့၏ ကျောရိုးများနှင့် အလားသဏ္ဌာန်တူပါသည်။ ထိုနံရိုးကျောရိုးများသည် ရှေ့သို့နောက်သို့အသီးသီး စူထွက်လာသောအခါ ထိုလိပ်ကို အလုံးသဏ္ဌာန်အနေဖြင့် မြင်တွေ့ ကြရခြင်းဖြစ်ပါသည်။

လူတစ်ဦးအား ရင်ဝသို့ဆောင့်ကန်ခြင်း၊ ကျောကို အားဖြင့်ထုခြင်းတို့ကို ပြုလုပ်ခံရသောအခါ အလွန်နာကျင်မှုကို အသက်ရှူမှားမတတ်ခံစားရသကဲ့သို့ လိပ်များအား ကန်ကျောက်ခြင်း၊ ကျောကိုထုခြင်း လိပ်ကျောခွံပေါ် တက်ထိုင်ခြင်းတို့ကို ဆော့ကစားသည့်သဖွယ် ပျော်စေပျက်စေသဘောမျိုး လူသားများက ပြုလုပ်ခြင်းကလည်း လိပ်များအဖို့ အသက်ထွက်မတတ် နာကျင်မှုကို သေလုမျောပါး ခံစားကြရပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုလိပ်ခွံများအောက်တွင် သွေးကြောများနှင့်အာရုံခံစားနိုင်သော နဗ်ကြောများရှိနေသောကြောင့်ဖြစ်ပြီး ထိုသို့လိပ်များအား ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမှုများကိုရှောင်ရှားသင့်ပါသည်ဟု ရိုးသားစွာဆိုချင်ပါသည်။      

#ထို့အပြင် လိပ်များအတွက် အဆိုးဝါးဆုံးအချက်တစ်ခုကို ဤနေရာတွင် ဖော်ပြရလျှင် လိပ်တစ်ကောင် ထိခိုက်အနာတရ ရရှိခဲ့လျှင် ထိုဒဏ်ရာပျောက်ကင်းရန် အနည်းဆုံး တစ်နှစ်ခန့် အချိန်ယူရခြင်းဖြစ်ပြီး ဒုက္ခကြီးစွာကြာရှည်ခံစားကြရခြင်းဖြစ်ပါသည် ။

ထပ်မံ၍ဖေါ်ပြလိုသည်က လိပ်တို့သည် တစ်ထွာတစ်မိုက်သာသာဖြစ်လင့်ကစား လူသားမျိုးနွယ်တစ်စုအတွက်သာမက အခြားသောဇီဝသက်ရှိများအတွက်ပါ အစားအစာအလျှံပယ်ပေါများကြွယ်ဝရေးအတွက် တစ်ထောင့်တစ်နေရာမှ မည်သို့အကျိုးပြုလျှက်ရှိသလဲဆိုသည့်အချက်းပင်ဖြစ်ပါသည်။

# လိပ်များကို ကုန်းလိပ် ရေလိပ် ကုန်းနေရေနေလိပ် ဟူ၍ အကြမ်းအားဖြင့်သုံးမျိုးသုံးစားခွဲခြားနိုင်သည်။ ထူးခြားသည်က ၎င်းတို့သည် သွားများပါရှိသောသတ္တဝါများမဟုတ်ကြချေ။ သွားများအစား ၎င်းတို့တွင် သန်မာသောသွားဖုံးများ ပါရှိကြသည်။ ထိုသွားဖုံးများဖြင့် အစာကို(အထူးသဖြင့်မြက်နှင့်အပင်ငယ်အမျိုးမျိုးတို့ကို) ကြိတ်ချေဝါးပြီးမျိုချကြသည်။ ထိုသို့ဝါးမျိုလိုက်သောအစာတွင် သစ်စေ့မြက်စေ့ အမျိုးပေါင်းများစွာနှင့် အစေ့ပေါင်းများပြားစွာ ပါဝင်သွားကြပါသည်။

ထိုလိပ်ကျင်လည်ကျက်စားရာကျွန်း သို့မဟုတ် နေထိုင်ကျက်စားရာဒေသတခွင် လှည့်လည်သွားလာရာခရီးတလျှောက်၌ မစင်စွန့်သောအခါ အထက်ပါအစေ့များပြန်လည်ပါရှိလာပြီး အပင်သစ်များကို နေရာအနှံ့အပြားတွင် တဖန်ပွားများပေါက်ရောက်လာစေခြင်း( Seed dispersal ) အားဖြင့် လိပ်တို့သည် သဘာပတ်ဝန်းကျင်ကို ဥယျာဉ်မှူးတစ်ဦးသဖွယ်စောင့်ရှောက်ပေးကြပြီး အခြားသောသက်ရှိများအတွက်လည်း အစာရေစာကို ဖူလုံမှုဖြစ်စေခြင်းဖြစ်ပါသည် ။

တဖန် ရေနေလိပ်များသည်လည်း ၎င်းတို့စားသောက်ခဲ့သည့်အစာများကို မစင်အဖြစ် ရေကန် အင်းအိုင်မြစ်ချောင်းများအတွင်း ပြန်လည်စွန့်ထုတ်ချိန်တွင် ရေထဲရှိမစင်များက ရေနေသတ္တဝါများအတွက်(ငါးများအတွက်) အစာတန်းကြီးသဖွယ် အာဟာရပြည့်ဝသော အစာများဖြစ်စေသည့်အတွက် ငါးသားပေါက်နှုန်းကို ပိုမိုမြင့်တက်လာစေကာ မြစ်ချောင်းများအတွင်း ငါးကောင်ရေတိုးပွားလာစေနိုင်ပါသည်။

တနည်းဆိုရသော် လိပ်များသည်အစာကွင်းဆက် ( food chain )ကို ဖန်တီးဖြစ်ပေါ်စေသော လူသားများအား အကျိုးပြုသတ္တဝါများဖြစ်ပါသည်။ ထို့ပြင် ကုန်းလိပ်များကဲ့သို့ပင် ရေလိပ်များ သည်လည်း မြစ်ကမ်းပါးတလျှောက် ပေါက်ရောက်ရှင်သန်ကြသော သစ်ပင်ကြီးငယ်လတ်တို့မှပြုတ်ကျသည့် အသီးမှည့်များကို သွားဖုံးများဖြင့်ကြိတ်ချေဝါးမျိုချကြသည့်အတွက် အချိန်တန်၍ မစင်စွန့်ကြသောအခါ အပင်အစေ့များ ပြန်ပါရှိလာပါသည်။ ထိုအစေ့များသည် နောက်နေရာအသစ် ကမ်းပါးမြစ်ရိုးတလျှောက် ပေါက်ရောက်ရှင်သန်ကြီးထွားလာကြပြီး ထိုနေရာတို့သည် ငါးမှုန် ငါးမွှားများအတွက် အစာရေစာရရှိရာနေရာ ဖြစ်လာစေပါသည် ။ 

# ထိုမျှပင်မကသေးပါ။ လိပ်များသည်ရေကန်များ၊ မြစ်ချောင်းအင်းအိုင်များကို အမြဲသန့်ရှင်း လတ်ဆတ်မှုရှိစေရန် ရေကန်များထဲရှိ မလိုလားအပ်သောရေညှိရေမှော်များကို စားပေးကြသည်။ ငါးအသေကောင်များ၊ ပုပ်နေသောငါးများ၊ ရောဂါဖြစ်နေသောငါးများကိုလည်း စားသုံးပစ်ခြင်းဖြင့် ရေကန်၏ ရေအရည်အသွေး ကျဆင်းမှုကို ထိန်းသိမ်းပေးသည်။ သို့အတွက် ရေကန်ကို ထိန်းသိမ်းစောင့်ရှောက်ပေးသူဟူ၍လည်း အမွှမ်းတင် ခေါ်ဆိုကြသေးပါသည်။

ဤနေရာတွင် စာရှုသူများမှတဆင့် ထပ်မံ၍ အများပြည်သူသို့ ဗဟုသုတဖြစ်ဖွယ်များ  ဖြန့်ဝေပေးစေလိုသည့်အချက်မှာ ကုန်းလိပ်များကို ရေထဲသို့ မလွှတ်မိစေဖို့ကိစ္စ ဖြစ်ပါသည်။

#လူအများစုမှာလိပ်ဟုဆိုလိုက်သည်နှင့် ရေထဲတွင်သာ ကျင်လည်ကျက်စားကြသည်ဟု တစ်ထစ်ချ စွဲမြဲယူဆကြပြီး လိပ်တစ်ကောင်ရရှိလာလျှင်ပင် မဆိုင်းမတွ ရေထဲသို့သာပြန်လွှတ်ရန်အားသန် တာစူကြပါသည်။ ကုန်းလိပ်တို့မည်သည် လိပ်မျိုးစိတ်ပင် ဖြစ်သော်ငြားလည်း ရေမကူးတတ်ပါ။ ကုန်းပေါ်တွင်သာ အသက်ရှင်ရပ်တည်နိုင်ပါသဖြင့် ထိုလိပ်အား အသက်ကယ်လိုသည့်စိတ်ဆန္ဒဖြင့်ရေထဲလွတ်လိုက်လျှင် ဇီဝိတဒါနမဟုတ်ဘဲ ရေနစ်သေစေသည့်သဘော သက်ရောက်သွားစေနိုင်ပါသဖြင့် ရေမကူးတတ်သည့်မြန်မာနိုင်ငံရှိကုန်းလိပ် (၄) မျိုးကို ကြီးစွာ သတိထားရန်လိုအပ်ပါကြောင်း တိုက်တွန်းလိုပါသည် ။

တဖန်ဆက်လက်ဖေါ်ပြလိုသည်က လိပ်များကိုအိမ်မွေးတိရစ္ဆာန်အဖြစ်မွေးမြူခြင်းမှ ရှောင်ရှားရန် ကိုလည်း ပညာရှင်များက တိုက်တွန်းနှိုးဆော်ထားသည့်အချက် ဖြစ်ပါသည် ။                 

# လိပ်များသည်အိမ်မွေးတိရစ္ဆာန်အမျိုးအစားများမဟုတ်ကြပါ။ သို့ပါ၍မိမိသဘောဆန္ဒအလျှောက်တောထဲမှလိပ်များကို ယူဆောင်ခြင်းသည် ထိုဒေသရှိ ထိုလိပ်မျိုးစိတ်တို့၏ ကောင်ရေ အရေ အတွက်ကို လျော့ပါးစေသည့် ဆိုးကျိုးသက်ရောက်မှုများနှင့် အခြားသောထိခိုက်မှုများကို ဖြစ်စေပြီး လိပ်များနေထိုင်မကောင်းဖြစ်ခြင်းနှင့် ဒဏ်ရာအနာတရမဟုတ်လျှင် ထိုသို့မပြုလုပ်သင့်ဟုအကြံပြုကြသည်။ ထို့ပြင် မိမိမွေးမြူထားသောလိပ်များကိုလည်း မိမိဆန္ဒအရ တောထဲသို့အလွယ်တကူ မလွှတ်သင့်ကြောင်းကိုပါ ထပ်လောင်းအကြံပြုကြပါသည်။

အကယ်၍ ထိုသို့ပြုလုပ်ခဲ့လျှင်အဆိုးဝါးဆုံး ဆိုးကျိုးရိုက်ခတ်မှုဖြစ်စဉ်မှာ ဌာနေရင်းလိပ်များ၏ အသက် ဆက်လက်ရှင်သန်ခွင့်ကို ကြီးစွာအနှောင့်အယှက်ပြုမှာ ဖြစ်သည့်အပြင် လိပ်မျိုးစိတ်မတူဘဲ မိတ်လိုက်မှာဖြစ်သည့်အတွက် သဘာဝပတ်ဝန်းကျင် ဖရိုဖရဲ ပြိုကွဲခြင်းသို့ ဦးတည်သွားမည်ဖြစ်ပြီး ပြန်လည်ကုစားရန်မှာအလွန်တရာပင် ခက်ခဲပါလိမ့်မည် ။                    

#ထို့ပြင် လူသားတို့သည် လိပ်များနှင့် အချို့သောအရပ်ဒေသတို့တွင် အတူယဉ်တွဲနေထိုင်ရမှုများ ရှိလျှက်ရှိနေရာ (ဥပမာ သဲသောင်ပြင်များ ၊ ရေအရင်းအမြစ်ရရှိရာနေရာများနှင့် လိပ်များကျင်လည် ကျက်စားရာနေရာများ) ယင်းနေရာများတွင် အမှိုက်သရိုက်များကိုကောင်းစွာစွန့်ပစ်စေခြင်းဖြင့် သန့်ရှင်းစေခြင်း၊ အခြားသူများ စွန့်ပစ်ခဲ့သောအမှိုက်များကို ကောက်ယူခြင်း စသည်တို့အားဖြင့်လည်း လိပ်မျိုးစိတ်များကို ကောင်းစွာရှင်သန်စေရန်ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရမည် ဖြစ်ပေသည် ။

ဤနေရာတွင်အလျင်းသင့်ဖွယ်တင်ပြလိုသည်က မြန်မာနိုင်ငံမှလိပ်များအကြောင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ကုန်းလိပ်နှင့် ရေချိုလိပ် မျိုးစိတ်ပေါင်း (၂၆) မျိုးရှိပြီးအာရှတိုက်တွင်စတုတ္ထအများဆုံး နိုင်ငံဖြစ်ကာ တစ်ကမ္ဘာလုံးအတိုင်းအတာအရဆိုပါကလည်း သတ္တမနေရာတွင်ရှိကြောင်းကိုမှတ်သားသိရှိရသည်။ သို့ပါသော်လည်းဝမ်းနည်းဖွယ်ကောင်းသည်က မြန်မာနိုင်ငံအပါအဝင် အာရှတိုက်တစ်တိုက်လုံးရှိ ရေချိုလိပ်အများစုမှာ မျိုးသုဉ်းရန်အန္တရာယ် အလွန်နီးကပ်နေပြီဟုအပြည်ပြည်ဆိုင်ရာသဘာဝနှင့် သဘာဝအရင်းအမြစ်များထိန်းသိမ်းကာကွယ်ရေးအဖွဲ့အစည်း (IUCN) Red List ၏ ထုတ်ပြန်မှုကို မြန်မာ့ရေချိုလိပ်နှင့် ကုန်းလိပ်များ လက်စွဲစာအုပ်တွင်ဖတ်သားရမိခြင်းဖြစ်ပါသည် ။

#သို့ပါ၍ ဒိုင်နိုဆောများမပေါ်ပေါက်ခင်ကတည်းက ယခုထက်တိုင် မျိုးမသုဉ်းသေးဘဲ ရှင်သန်ဆဲ ရှိနေကြသောလိပ်တို့၏ နှစ်သန်းပေါင်းများစွာကြာမြင့်သည့်တိုင် လက်ဆင့်ကမ်း  သယ်ဆောင်လာခဲ့ကြသော တိတ်ဆိတ်ငြိမ်သက်စွာ ပုန်းခိုအောင်းနေနိုင်ခြင်း အရည်အသွေးတို့သည်လည်းကောင်း၊  အတွေ့အကြုံရင့်သန်သော ရှေးပဝေသဏီ မျက်လုံးများဖြင့် စူးစမ်းပြီး တဖက်သူကိုငေးစိုက်၍ ကြည့်နေတတ်သည့် အရည်အသွေးတို့သည်လည်းကောင်း ယခုပစ္စုပ္ပန်ကာလဝယ် လူသားတို့၏ ပယောဂအောက်မှာ ပျက်ပြယ်သွားခဲ့ရသည့်နှယ် ဖြစ်ခဲ့ရပါပြီ။

အာရှနိုင်ငံများရှိ လိပ်ကောင်ရေသည် စားသောက်ဆိုင်များနှင့်တိရစ္ဆာန်အရှင်များ၏ စျေးကွက်ဝယ်လိုအား အဆမတန်တောင်းဆိုမှုကြောင့်အလွန်အကျွံစုဆောင်းမှုများ ခံယူနေရပြီး ထိုမှတဖန် တဆင့်တက်၍ မျိုးသုဉ်းလုနီး လိပ်များကိုပါမကျန် ဖမ်းဆီးသတ်ဖြတ်မှုများ ရှိလာခဲ့ပါသည်။ 

# သို့ပါသောကြောင့် အကောင်ငယ်ပင် ငယ်ငြားသော်လည်း သဘာဝမဲတင်းမှုများကို မပျက်စီးစေရေး၊ ဂေဟစနစ်၏ ချိန်ခွင်လျှာကို တိမ်းစောင်းခြင်းမဖြစ်ရလေအောင်နှင့် ဖော်ထုတ်နိုင်စွမ်းမရှိသေးသည့် ကောင်းကျိုးရလဒ်များကိုပေးနေသော လိပ်အပေါင်းစုအား မျိုးပျက်သုဉ်းမသွားစေရေးတို့အတွက် ပြည်သူအပေါင်းမှဝိုင်းဝန်းကူညီထိန်းသိမ်းစောင့်ရှောက်ပေးကြပါရန် တိုက်တွန်းလိုက်ရပါသည် ။ 

ကမ္ဘာ့လိပ်များနေ့ အမှတ်တရ...

ဒေါက်တာ မြင့်သိန်း ( B . V . S )

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်