ကင်ဆာရောဂါ ဆိုသည်မှာ..

29/03/2024 18:00 PM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

ဆဲလ် (Cell) တွေဟာ ခန္ဓာကိုယ်ကို ဖွဲ့စည်းတည်ဆောက်ထားတဲ့ အခြေခံအကျဆုံး အစိတ်အပိုင်းလေးတွေ ဖြစ်ပါတယ်။ ဆဲလ်တွေဟာ ခန္ဓာကိုယ်က လိုအပ်သလို ကြီးထွားကြ၊ ပွားများနေကြရပါတယ်။ ပုံမှန်အားဖြင့် ဆဲလ်တွေဟာ သူတို့ရဲ့ အသက်အရွယ်ကြီးလာတဲ့အခါ ဒါမှမဟုတ် ထိခိုက်ပျက်စီးတဲ့အခါ သေဆုံးသွားကြရပါတယ်။ ဆဲလ်တွေသေဆုံးတဲ့အခါ သူတို့နေရာကို ဆဲလ်အသစ်တွေနဲ့ အစားထိုးရတာပါပဲ။ 

အဲဒီလို ပုံမှန်ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်အတွင်းမှာ မျိုးဗီဇပိုင်းချွတ်ယွင်းချက်တွေ ဖြစ်ပေါ်တဲ့အခါ ပုံမှန် မဟုတ်တဲ့ ဆဲလ်တွေ ပေါ်ပေါက်လာပြီး သဘာဝက တားဆီးထိန်းချုပ်လို့မရအောင် ပွားများလာတဲ့အခါ ကင်ဆာ (cancer) ရောဂါ စတင်ဖြစ်ပေါ်လာတာပါ။ အဲဒီလို ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ စုဝေးလာပြီး ကျူမာ(tumor) လို့ လူသိများတဲ့ အဖုအကျိတ်တွေ ဖြစ်ပေါ်လာပါတယ်။ အဖုအကျိတ်တွေကို မလစ်ဂနန့် (malignant) နဲ့ ဘီနိုင်း (benign) ဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။

Malignant အဖုအကျိတ်တွေဟာ ကင်ဆာရောဂါ ဖြစ်စေတဲ့ အမျိုးအစား ဖြစ်ပါတယ်။ သူတို့ဟာ နေရာတစ်နေရာ (ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခု) မှာ စတင်ပေါ်ပေါက်ပြီးနောက် ကြီးထွားလာပြီး အဲဒီနေရာကနေ ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေကို ပြန့်နှံ့သွားနိုင်တဲ့ အဖုအကျိတ်တွေ ဖြစ်ပါတယ်။ Benign ကတော့ တစ်နေရာတည်းမှာ ကြီးထွားလာပေမယ့် အဲဒီနေရာကနေ နောက်တစ်နေရာကို ဆက်ပြီး ပျံ့နှံ့သွားတာမျိုး မရှိပါဘူး။ 

ဒါပေမယ့် အဖုအကျိတ်မဖြစ်တဲ့ကင်ဆာအမျိုးအစားတွေလည်း ရှိပါတယ်။ လူကီးမီးယား (Leukemia) လို့ခေါ် ကြတဲ့ သွေးကင်ဆာ၊ lymphoma ကင်ဆာ အမျိုးမျိုးနဲ့ myeloma ကင်ဆာတွေ ပါဝင်ပါတယ်။

ကင်ဆာရောဂါ အမျိုးအစား

ကင်ဆာရောဂါ အမျိုးအစားပေါင်း ၁၀၀ ကျော်ရှိပြီး ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမှာမဆို ကင်ဆာ ဖြစ်ပွားနိုင်ပါတယ်။ 

ဆရာဝန်တွေကတော့ ကင်ဆာဟာ ဘယ်ကနေ စဖြစ်လာသလဲ ဆိုတာပေါ်မူတည်ပြီး ကင်ဆာရောဂါ အုပ်စုတွေ ပြန်ခွဲထားပါတယ်။ အဓိကအားဖြင့် ကင်ဆာရောဂါ အုပ်စု ၄ စု ရှိပါတယ်။ 

Carcinomas (ကာဆီနိုးမားစ်) - အရေပြား၊ ဒါမှမဟုတ် ခန္ဓာကိုယ်တွင်းက ကလီစာတွေနဲ့ စစ်ထုတ်ရည်ဂလင်း (glands) တွေကို ကာကွယ်ဖုံးအုပ်ထားတဲ့ တစ်သျှူး (ဆဲလ်အစုအဝေး) တွေ မှာ စတင်ဖြစ်ပေါ်တဲ့ ကင်ဆာအမျိုးအစားတွေကို Carcinomas လို့ ခေါ်ပါတယ်။ အတွေ့ရ အများအဆုံးကင်ဆာအုပ်စုလည်း ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် မာခဲတဲ့ အဖုအကျိတ်အဖြစ် တွေ့ရပါတယ်။ ဥပမာအားဖြင့် ဆီးကျိတ် ကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမ ကြီးကင်ဆာတွေဟာ Carcinomas တွေဖြစ်ပါတယ်။

Sarcomas (ဆာကိုးမားစ်) - ခန္ဓာကိုယ်ကို ထောက်ပင့်ထားတဲ့ တစ်သျှူးတွေ၊ ဒါမှမဟုတ် ခန္ဓာ ကိုယ်ထဲက အစိတ်အပိုင်းတွေကို ဆက်သွယ်ပေးထားတဲ့ တစ်သျှူးတွေမှာ ဖြစ်တဲ့ ကင်ဆာ အမျိုးအစားတွေကိုတော့ Sarcomas အဖြစ် အုပ်စုခွဲပါတယ်။ အဆီ၊ ကြွက်သား၊ အာရုံကြော၊ အရွတ်၊ အဆစ်အမြစ်၊ သွေးကြော၊ ပြန်ရည်ကြော၊ အရိုးနုနဲ့ အရိုးတွေမှာဖြစ်တဲ့ ကင်ဆာအမျိုးအစားတွေ ဖြစ်ပါတယ်။ 

Leukemias (လူကီးမီးယားစ်) - သွေးမှာဖြစ်တဲ့ ကင်ဆာအမျိုးအစားတွေကို ခြုံငုံပြီး Leuke -mias လို့ အုပ်စုခွဲထားပါတယ်။ သွေးထဲက ဆဲလ်တွေဟာ ပုံမှန်အနေအထားကနေ ပြောင်းလဲလာပြီး အထိန်းအချုပ်မရှိ ပွားများလာတဲ့ ကင်ဆာအမျိုးအစားတွေ ဖြစ်ပါတယ်။ အဓိကအား ဖြင့် Leukemias အုပ်စုထဲမှာ ကင်ဆာ အမျိုးအစား ၄ မျိုး ပါဝင်ပါတယ်။ acute lymphocytic leukemia ၊ chronic lymphocytic leukemia ၊ acute myeloid leukemia နဲ့ chronic myeloid leukemia တို့ပဲဖြစ်ပါတယ်။ 

Lymphomas (လန်ဖိုးမားစ်) - ခန္ဓာကိုယ်ရဲ့ ပြန်ရည်ကြောအဖွဲ့ (lymphatic system) မှာ ဖြစ်ပွားတဲ့ ကင်ဆာတွေကိုတော့ lymphomas လို့ အုပ်စုဖွဲ့ခေါ်ဆိုပါတယ်။ ပြန်ရည်ကြော အဖွဲ့အစည်းဆိုတာ စစ်ထုတ်ရည်ဂလင်းတွေနဲ့ ပြန်ရည်ကြောတွေ ပါဝင်တဲ့ အစုအဖွဲ့ဖြစ်ပြီး ခန္ဓာကိုယ်ထဲကို ပြင်ပက ရောဂါပိုးမွှားတွေ ကူးစက်ဝင်ရောက်လာတဲ့အခါ ပြန်လည်ခုခံတိုက်ခိုက်ဖို့အတွက် အရေးကြီးတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပါတယ်။ lymphomas အုပ်စုမှာ ကင်ဆာအမျိုးအစား ၂ ခု ပါဝင်ပါတယ်။ Hodgkin lymphoma နဲ့ non-Hodgkin lymphoma တို့ပဲဖြစ်ပါတယ်။ 

ကင်ဆာက ဘယ်လို ပြန့်နှံ့သလဲ?

ကင်ဆာအဖုအကျိတ်က ကြီးထွားလာတဲ့အခါ သွေးကြောနဲ့ ပြန်ရည်ကြောတွေက ကင်ဆာဆဲလ်တွေကို မူလနေရာကနေ ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေကို သယ်ဆောင်သွားပါတော့တယ်။ အဲဒီလို သယ်ဆောင်သွားရာတလျှောက်မှာ ကင်ဆာဆဲလ်တွေက ကြီးထွားလာပြီး အဖုအကျိတ် အသစ်တွေကို ထပ်မံဖြစ်ပေါ်စေပါတယ်။ အဲဒီလို ဖြစ်လာတာကိုတော့ မတ္တာစတေးစစ် (metastasis) လို့ ခေါ်ပါတယ်။ 

အများအားဖြင့် ကင်ဆာဆဲလ်စပြီး ပြန့်နှံ့တဲ့နေရာကတော့ ပြန်ရည်ဖု (lymph nodes) တွေဖြစ်ပါ တယ်။ ပြန်ရည်ဖုဆိုတာကတော့ ခန္ဓာကိုယ်ကို ဝင်ရောက်လာတဲ့ ရောဂါပိုးမွှားတွေကို ပြန်ပြီး တိုက်ထုတ်ရာမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတွေဖြစ်ပြီး သေးငယ်တဲ့ ပဲစေ့ပုံစံလေးတွေနဲ့ရှိနေတဲ့ အင်္ဂါအစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ လည်ပင်း၊ ပေါင်ခြံ၊ ချိုင်းစသည်ဖြင့် ခန္ဓာကိုယ်အနှံ့အပြားမှာ အစုလိုက်လေးတွေ ရှိနေပါတယ်။ 

ကင်ဆာဆဲလ်တွေဟာ သွေးကြောတွေကနေတဆင့်လည်း ခန္ဓာကိုယ်အနှံ့အပြားကို ပြန့်နှံ့နိုင်ပါတယ်။ အရိုး၊ အသည်း၊ အဆုတ်၊ ဦးနှောက် စသည်ဖြင့်ပါ။ ကင်ဆာဆဲလ်ဟာ တစ်နေရာကနေ နောက်ထပ်နေရာ အသစ်တစ်ခုကို ရောက်သွားပေမယ့် အဲဒီနေရာမှာလည်း နဂို စတင်ဖြစ်ပေါ်ခဲ့တဲ့ ကင်ဆာရောဂါအဖြစ်ပဲ သတ်မှတ်ပါတယ်။ ဥပမာအားဖြင့် ရင်သားကင်ဆာဟာ အဆုတ်ကို ပြန့်နှံ့သွားတဲ့အခါ အဆုတ်ကင်ဆာလို့ မခေါ်ပါဘူး။ တခြားအင်္ဂါကို ပြန့်နှံ့သွားတဲ့ ရင်သားကင်ဆာ (metastatic breast cancer) လို့ပဲခေါ်ပါတယ်။ 

ကင်ဆာရောဂါကို ရှာဖွေစစ်ဆေးခြင်း

လူတစ်ယောက်ဟာ ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာတွေနဲ့ ဆရာဝန်ဆီကို လာရောက်ပြသပြီဆိုကတည်းက ရောဂါရှာဖွေစစ်ဆေးမှုက စတင်ပြီ ဖြစ်ပါတယ်။ ဆရာဝန်က လူနာရဲ့ ဆေးကုသမှုမှတ်တမ်းတွေ၊ ရောဂါလက္ခဏာတွေကို မေးမြန်းမှာပါ။ အဲဒီနောက်မှာတော့ ဘာကြောင့် အဲဒီရောဂါလက္ခဏာတွေ ဖြစ်ပေါ်နေသလဲဆိုတာကို သိရှိနိုင်ဖို့အတွက် သင့်လျော်တဲ့ အခြားစမ်းသပ်စစ်ဆေးမှုတွေ များစွာကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ကင်ဆာဝေဒနာရှင်အတော်များများမှာ ကင်ဆာရောဂါလက္ခဏာတွေ ပြသနေလေ့ မရှိပါဘူး။ အဲဒီလိုလူတွေဟာ များသောအားဖြင့် အခြားရောဂါနဲ့ ဆေးခန်းလာပြရင်း အဲဒီရောဂါအတွက် ကျန်းမာရေး စစ်ဆေးမှုတဲ့လုပ်တဲ့အခါမှ ကင်ဆာရောဂါရှိနေတယ်ဆိုတာကို သိကြရတာဖြစ်ပါတယ်။ 

တခါတလေကျပြန်တော့လည်း ကျန်းမာနေတဲ့ လူတွေကို ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်တဲ့အခါ ကင်ဆာရောဂါရှာဖွေစစ်ဆေးမှုတွေ (colonoscopy ၊ mammography  နဲ့ Pap test လို စမ်းသပ်စစ်ဆေးမှုတွေ) ထည့်သွင်းပြုလုပ်လေ့ရှိပါတယ်။ အဲဒါတွေကို screening test တွေလို့ခေါ်ပါတယ်။ Screening test တွေမှာ ရရှိတဲ့ အချက်အလက်အရ ကင်ဆာရောဂါ ရှိနေတယ်လို့ သံသယ ဖြစ်တယ်ဆိုရင် အဲဒီအဖြေကို လက်ခံမယ်။ ဒါမှမဟုတ် ပယ်ချမယ်ဆိုတာကို ဆုံးဖြတ်ဖို့အတွက် အခြားလိုအပ်တဲ့ စစ်ဆေးမှု (test) တွေကို ဆက်လက်လုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်။ 

ကင်ဆာရောဂါအများစုအတွက် အသားစနမူနာစစ်ဆေးခြင်း (biopsy) သာလျှင် ကင်ဆာ ဟုတ်၊ မဟုတ်ကို  သေချာပေါက် အဖြေထုတ်ပေးနိုင်တဲ့ စစ်ဆေးမှု ဖြစ်ပါတယ်။ Biopsy ဆိုတာကတော့ ကင်ဆာဖြစ်ပွားတယ်လို့ သံသယရှိတဲ့ အစိတ်အပိုင်းကနေ နမူနာအဖြစ် အသားစအနည်းငယ်ကိုရယူပြီး စစ်ဆေးတာ ဖြစ်ပါတယ်။ 

[American Society of Clinical Oncology ၏ ကင်ဆာရောဂါအသိပညာပေး ဝဘ်ဆိုဒ်ဖြစ်သော Cancer.Net တွင် ဖော်ပြထားသည့် “What is Cancer?” ဆောင်းပါးကို ဆောင်းပါးရှင် ခိုင်ကြည်သစ်က ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ ခိုင်ကြည်သစ် သည် တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးဖြစ်ပြီး တစ်စုတည်းသောကျန်းမာရေး (One Health) အသိပညာပေးဆောင်းပါးများကို ရေးသားနေ သူ ဖြစ်ပါသည်။] 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်