အရွက်ပေါ်က တွန့်လိမ်ကောက်ကွေးနေတဲ့ လမ်းကြောင်းများ

22/03/2024 17:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

ကိုယ်စိုက်ထားတဲ့ အပင်လေးတွေမှာ လမ်းကြောင်းလေးတွေဖြစ်နေတယ်။ ပြီးတော့ အဲ့လမ်းကြောင်းမှာ အစိမ်းရောင်ခြယ်ပစ္စည်း (ကလိုရိုဖိးလ်) မရှိတော့ပဲအရောင်လေး ပြယ်နေမယ်ဆိုရင်တော့ သေချာတယ် ရွက်ထွင်းပိုး (Leaf Miner) ရှိနေတယ်လို့ ဖော်ပြနေတာပါပဲ။ 

ရွက်ထွင်းပိုးလို့ဆိုလိုက်ရင်တော့ သူတို့က သားလောင်းကောင် အဆင့်တွေဖြစ်ပါတယ်။ ကြီးလာရင် ကျိုင်းကောင်လည်းဖြစ်ချင်ဖြစ်မယ်။ ယင်အမျိုးအစားတွေထဲက တစ်ကောင်ကောင်လည်း ဖြစ်ချင်ဖြစ်မယ်။ အဲ့သားလောင်းကောင်လေးတွေက အရွက်ထဲမှာ နေကြတာပါ။ အရွက်အပြင်လွှာရဲ့ အောက်ထဲမှာနေကြတာပါ။ ဆိုတော့ အရွက်ရဲ့ တစ်သျှူးလေးတွေက သူတို့ကို ကာကွယ်ပေးထားသလိုဖြစ်နေပါတယ်။ ဆိုတော့အကောင်းဆုံးကတော့ နည်းလမ်းတစ်ခုတည်းထက်စာရင် ဘက်စုံပိုးမွှားရောဂါစီမံခန့်ခွဲတဲ့စနစ် (Integrated Pest Management- IPM) ကို သုံးတာက အကောင်းဆုံး ကာကွယ်နှိမ်နင်းလို့ရမှာဖြစ်ပါတယ်။ 

အကောင်ကြီးမဖြစ်ခင် ဘဝတစ်ဆစ်ချိုးဖြစ်တဲ့ ဒီသားလောင်းကောင်လေးတွေဟာဆိုရင်တော့ ခရင်ရောင်၊ အဝါရောင်ဖက်ရောတဲ့ အစိမ်းရောင်ကနေ အစိမ်းရောင်အထိ သူတို့မျိုးကွဲတွေအပေါ်လိုက်ပြီး အရောင်လေးတွေရှိနိုင်ပါတယ်။ မြင်ဖို့ခက်တယ်ဆိုတာက သူတို့က အရွက်ထဲမှာလည်းနေတယ်။ ပြီးတော့ အရွက်ထဲက အပေါ်လည်းမရောက် အောက်လည်းမဆင်းဆိုတော့ အပေါ်ဖက်ကနေကြည့်လည်း မြင်နိုင်ဖို့ခက်သလို အရွက်ရဲ့ အောက်ဖက်ကနေ ကြည့်ရင်လည်း မြင်နိုင်ဖို့ ခဲယဉ်းတာဖြစ်ပါတယ်။ 

ပြီးတော့ သူတို့က အရွက်ရဲ့ အစိမ်းရောင်ခြယ်ပစ္စည်းဖြစ်တဲ့ ကလိုရိုဖီးလ်ကို ကိုက်စား ထွင်းစားတာမျိုးလိုပါတယ်။ ဆိုတော့ သူတို့စားသွားတဲ့နောက်မှာ ကလိုရိုဖီးလ်းမရှိတော့တဲ့ လမ်းကြောင်းတွေ ဖြစ်လာပြီးတော့ သူတို့ရဲ့ စွန့်ပစ်ခဲ့တဲ့ မစင်အမဲတုံးလေးတွေပဲကျန်ခဲ့ပါတယ်။ တွန့်လိမ်ကောက်ကွေးနေတဲ့ လမ်းကြောင်းလေးတွေဖြစ်နေသလိုမျိုး၊ မဟုတ်ရင် အကွက်လိုက်မျိုးတွေဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေကျတော့ လက္ခဏာ (၂)မျိုးလုံး တွေ့ရမှာဖြစ်ပါတယ်။ 

ရွက်ထွင်းပိုး ဘယ်နှစ်မျိုးလောက်ရှိသလဲ?

တကယ်တော့ မျိုးစိတ်နဲ့ ကြည့်မယ်ဆိုရင်တော့ အများကြီးရှိပါတယ်။ ဒါပေမဲ့ စီးပွားရေးရအရေးကြီးတာနဲ့ အများဆုံးတွေ့ရတဲ့ ရွက်ထွင်းပိုးတွေကို အမျိုးအစားခွဲလိုက်ရင်တော့ (၄)မျိုးရှိပါတယ်။

  • ဟင်းနုနွယ် ရွက်ထွင်းပို Pegomya hyoscyami မျိုးစိတ်ဖြစ်တဲ့ ဒီရွက်ထွင်းပိုးလေးတွေက မုန်လာဥပုံစံဖြစ်ပြီးတော့ ခြေ၊ လက်မပါသလို ခေါင်းပိုင်းဆိုရင်လည်း သိသာထင်ရှားနေတာမျိုးမရှိပါဘူး။ သူတို့ က ယင် ဖြစ်လာပြီးတော့ တစ်လက်မရဲ့ လေးပုံ တစ်ပုံပဲရှိမှာပါ။ အကောင်ကြီးယင်ဟာဆိုရင် အမွှေးထူ၊ ခဲကနေ အညိုအထိရှိပါတယ်။ ဒီကောင်ရဲ့ သားလောင်းတွေဟာဆိုရင်တော့ ဟင်းနုနွယ်၊ ခရမ်းချဉ်၊ သခွား၊ နံနံ လိုမျိုး ဟင်းသီးဟင်းရွက် အစုံမှာ စားသောက်ဖျက်ဆီးနိုင်ပါတယ်။ 
  • ဟင်းသီးဟင်းရွက်စားတဲ့ နောက်တစ်မျိုးဖြစ်တဲ့ Lironyza sativae ကတော့ ဆလင်ဒါပုံစံရှိပြီးတော့ အဝါရောင်ဖက်သွားတဲ့အစိမ်း အရောင်မျိုးရှိပါတယ်။ သူတို့လည်းပဲ ခြေ၊ လက်တွေမရှိသလို ထင်ရှားတဲ့ ခေါင်းပိုင်းလည်းမရှိပါဘူး။ အရွယ်ရောက်လာရင်တော့ တစ်လက်မရဲ့ ၁၅ ပုံ ပုံမှ တစ်ပုံလောက်ပဲရှိတဲ့ အနက်ရောင် ဒါမှမဟုတ် အဝါရောင် ယင်လေးတွေဖြစ်လာပါတယ်။ သူကကျတော့ ဟင်းသီးဟင်းရွက်တော်တော်များများကို စားသောက်နိုင်ပါတယ်။ ပဲမျိုးစုံ၊ ဂေါ်ဖီအုပ်စု၊ ကြက်သွန်နီ နဲ့ မုန်လာဥလို့ အမြစ်စား သီးနှံတွေမှာ ကျရောက်ဖျက်ဆီးနိုင်ပါတယ်။ 
  • နောက်တစ်မျိုးကတော့ မြွေလိမ်မြွေကောက်သွားတတ်တဲ့ ရွက်ထွင်းအမျိုးအစား - Liriomyza trifilii ဖြစ်ပါတယ်။ အပူပိုင်းဒေသ နဲ့ သမပိုင်းဒေသ အပြင်ကို ဖန်လုံအိမ် (green house) နဲ့စိုက်တဲ့ ဟင်းသီးဟင်းရွက် တော်တော်များများမှာကျရောက်ဖျက်ဆီးတတ်တဲ့ မဲမဲယင်လေးတွေနဲ့ အဝါရောင်ယင်လေးတွေပဲဖြစ်ပါတယ်။ 
  • ရှောက်သံပရာ ရွက်ထွင်း- Phyllocnistis citrella ကတော့ အာရှမှာ အများဆုံးတွေ့ရပါတယ်။ အရေးကြီးတဲ့ ဖျက်ပိုးလို့တောင် ရှောက်၊ သံပရာ မျိုးရင်းဝင်စိုက် တောင်သူတွေက သတ်မှတ်ထားကြပါတယ်။ လ တိုတိုပဲရှိပေမဲ့လို့ ဖျက်ဆီးမှုကြီးလို့ပါ။ အကောင်ကြီးကတော့ တစ်လက်မရဲ့ (၄)ပုံ တစ်ပုံသာရှိပြီးတော့ အဝါဖျော့ရောင်ရှိပါတယ်။ ဒီ ရှောက်၊ သံပရာ ရွက်ထွင်းပိုးတွေက သူတို့ရဲ့ ပိုးရုပ်ဖုံးအဆင့်ကိုလည်း အပင်ပေါ်မှာပဲ အရွက်တွေကိုလိပ်ပြီး အထဲမှာ ကုန်ဆုံးလေ့ရှိပါတယ်။ 

ရွက်ထွင်းပိုးတွေရဲ့ ဘဝစက်ဝန်း

ဆောင်းခိုတဲ့အကောင်တွေဖြစ်ပြီးတော့ အရွက်ကျန်တွေ၊ စိုက်ခင်းထွက် အမှိုက်အကျန်တွေမှာ ဆောင်းခိုလေ့ရှိပါတယ်။ ရာသီဥတုတစ်ဖြည်းဖြည်းပူလာတဲ့အချိန်မှ ပြန်ထွက်လာကြပါတယ်။ မိတ်လိုက်ပြီးတာနဲ့ အမက အရွက်အောက်ခြေမှာ ဥ ဥချဖို့ အလုပ်တွေ ရှုပ်ပါတော့တယ်။ အရွက်သစ် တွေရဲ့ အောက်ဖက်နားမှာ ဥ ကြတာများပါတယ်။ အရွက်ကြီး အရွက်ဟောင်းတွေက ကြာရင် ရင့်ပြီးတော့ ပေါက်လာမဲ့အကောင်တွေအတွက် အစားအစာ ပိုမိုခက်ခဲမှာစိုးလို့ဖြစ်ပါတယ်။ 

ဥ အဆင့်ကတော့ ပူနွေးတဲ့ ရာသီမျိုးမှာဆိုရင်တော့ ရက်အနည်းငယ်ပဲဖြစ်ပြီးတော့ ဥ ကနေပေါက်တာနဲ့ သားလောင်းအဆင့်က အရွက်ကို အပေါ်လွှာကို ကိုက်ဖြတ်ပြီး အထဲကိုဝင်ပြီး ကိုက်စားပါတယ်။ တစ်ချို့ ရွက်ထွင်းပိုးတွေက သူတို့ သားလောင်းအဆင့်တစ်ခုလုံးကို အရွက်တစ်ရွက်ထဲမှာပဲ ကုန်ဆုံးပါတယ်။ တစ်ချို့ကတော့ မြေကြီးပေါ်ပြုတ်ကျပြီး ပိုးရုပ်ဖုံးအဆင့် ကို မြေကြီးထဲမှာ လုပ်ကြပါတယ်။ တစ်နှစ်ကို မျိုးဆက်အသစ် အတော်များများထုတ်လုပ်နိုင်ပြီးတော့ သားလောင်းကောင်တွေများများနဲ့ သီးပင်စားပင်တွေကို ပျက်စီးစေပါတယ်။ 

နောက်တစ်ပိုင်းမှာတော့ သူတို့တွေကို ဘယ်လိုထိန်းချုပ်ကာကွယ်ရမလဲဆိုတာကို ဆက်လက်ပြောပြပေးသွားပါ့မယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်