မြန်မာနိုင်ငံရှိ အရသာကောင်းသော ရေငန်ငါးများတွင် ငါးမုတ်ဖြူနှင့် ငါးမုတ်မဲလည်း ပါဝင်သည်။ ငါးမုတ်ကို ရခိုင်ကမ်းခြေနှင့် တနင်္သာရီကမ်းခြေတို့၌ အများအပြားဖမ်းဆီးရမိသည်။ ငါးမုတ်သည် Family Stromateidae အုပ်စုတွင်ပါဝင်ပြီး မျိုးစိတ်အားဖြင့် (၂၀) ခန့်ရှိရာ ငါးမုတ်ဖြူ (သို့) ငွေရောင် ငါးမုတ် Pampus argentenus နှင့် Parastromateus niger ငါးမုတ်မဲ နှစ်မျိုးစလုံးသည် ရခိုင်နှင့် တနင်္သာရီကမ်းရိုးတန်း ဒေသတို့တွင် အများဆုံးတွေ့ရှိရသည်။ ငါးမုတ်မျိုးသည် အရွယ်ငယ်ပြီး ကိုယ်ခန္ဓာပြားသောငါးမျိုး ဖြစ်သည်။
ငါးမုတ်ကို Indo West Pacific ဒေသ ပါရှန်းပင်လယ်ကွေ့မှ အင်ဒိုနီးရှားထိ၊ ဂျပန်နိုင်ငံ Hokkaido ဒေသထိ ပြန့်နှံရောက်ရှိသည်။ ငါမုတ်ငါးမျိုးများတွင် အထီးများမှာ အမထက် ဦးစွာအရွယ်ရောက်ကြ၍ အရွယ်အစားအားဖြင့် အရွယ်ရောက်မှု Maturity Length မှာ (၂၂-၂၆)စင်တီမီတာခန့်နှင့် အမများမှာ (၁၈-၂၅) စင်တီမီတာ ရှိတတ်သည်။ ငါးမုတ်ကို အမြင့်ဆုံးအလျားမှာ Maximum Length ၆၀ စင်တီမီတာ အထိတွေ့ရသည်။ အများဆုံးတွေ့ရှိရသည့် ငါးမုတ်များ၏အရွယ်အစားမှာ ၃၀ စင်တီမီတာခန့်ဖြစ်သည်။ သက်တမ်းမှာ ၇ နှစ်ခန့်ထိရှိပြီး ခန္ဓာကိုယ်ပြား၍ လုံးဝန်သည်။ အပေါ်အောက် အချိုးညီစွာ ခုံးလျက်ပုံသဏ္ဌာန်ရှိသည်။ ခန္ဓာကိုယ်၏ အပေါ်ဖက်ပိုင်းမှာ မီးခိုးရောင်သန်း၍နေပြီး တဖြည်းဖြည်း အောက်ဖက်တွင်ငွေရောင်သန်းကာ ဝမ်းဗိုက်ဖက်တွင် အဖြူရောင်ဖြစ်သည်။
ငါးမုတ်များကို ရေချိုရေငန်စပ်ရှိရာ ကမ်းနီးဒေသ ရွှံ့နွံပေါသည့် Esturaries မျိုးတွင်အုပ်စုလိုက် တွေရလေ့ရှိသည်။ အရွယ်ရောက်ပြီး ငါးမုတ်များသည် ctenophores, salps, medusae, jelly fish နှင့် Zooplankton များကို စားသုံးကြပြီး နွေဦးပေါက်ရာသီ ဧပြီ၊ မေ လများတွင်မိတ်လိုက်ကြသည်။ သားပေါက်ရာသီမှာ ဧပြီလမှ စက်တင်ဘာလအထိဖြစ်ပြီး မေ၊ ဇွန်၊ ဇူလိုင်လများသည် Peak Season သားပေါက်အကောင်းဆုံး လများဖြစ်သည်။ အမတစ်ကောင်လျှင် ပျမ်းမျှ ဥ အလုံးရေ ၅၀၀၀၀ မှ ၁၀၀၀၀၀ ခန့်ထိ ဥချလေ့ရှိသည်။ ငါးမုတ်ငါးမျိုး၏ ဥအလေးချိန် ၁ ဂရမ်တွင် ဥအလုံးရေ ၃၅၀ ခန့်ထိရှိသည်ကို တွေ့ရှိရသည်။ သားပေါက်သည့်ရာသီတွင် ရေအပူချိန်မှာ ပျမ်းမျှ ၂၈-၃၀ ဒီဂရီစင်တီဂရိတ်ရှိပြီး၊ ရေအငန်နှုန်းမှာ Salinity 30-35 ppt ရှိသည်။ ငါးမုတ်ဖြူသည် စျေးကောင်းရသည့် တန်ဖိုးကြီးငါး Table Fish ဖြစ်သဖြင့် အလွန်အကျွံဖမ်းဆီးခြင်းများ၊ ရာသီဥတုပြောင်းလဲမှုများကြောင့် ဂေဟဗေဒစနစ်များ ပျက်စီးယိုယွင်းလာခြင်းများတို့ကြောင့် ဖမ်းဆီးရရှိမှု လျော့နည်းကျဆင်းလာသည်။
ငါးမုတ်ဖြူသည် ငါးမုတ်မဲထက် အရသာပိုမိုကောင်းမွန် သောငါးဖြစ်၏။ ရခိုင်ဒေသတွင် ငါးယုဇနဟူ၍ လည်းကောင်း၊ တနင်္သာရီ တိုင်းတွင် ငါးမုတ်ဟူ၍လည်းကောင်း ခေါ် ဆိုကြသည်။ ငါးမုတ်ဖြူကို အဂ်လိပ်အမည်အားဖြင့် “White Pomfret” ခေါ် “Silver Pomfret” ဟုခေါ်ဆိုကြပါသည်။ ကိုယ်
အလွန်ပြား၍ ကျယ်ပြန့်၏။ အမြီးခွ စောက်နက်၏။ အရောင်မှာ အဖြူဖြစ်သော်လည်း ကျောတစ်လျှောက်တွင် မွဲပြာရောင်သန်းနေ၏။
ငါးမုတ်ဖြူငါးသည် ကမ်းနီးတွင် ကျက်စားနေနိုင်သော ငါးမျိုးစေ့ဖြစ်သည်။ ရွှံနွံထူသော ပင်လယ်ကြမ်းပြင်တွင် အုပ်စုလိုက်နေထိုင်ပါသည်။အကောင်မျှောလှေးများကို စားသောက်လေ့ရှိပြီး အရေးပါသော စျေးကွက်ဝင်ငါးမျိုးစိတ်ဖြစ်သည်။ ဒေသတွင်းစျေးကွက်တွင် လတ်လတ်ဆတ်ဆတ်ရောင်းချခြင်းဖြင့် စီးပွားရေးအရ အရေးပါသည်။ ဖမ်းယူရရှိနိုင်သော ငါးဖမ်းကိရိယာမှာ အောက်ခြေတွင်အသုံးပြုသော ဒရွတ်ဆွဲပိုက်ဖြစ်ပါသည်။ ငါးမုတ်ဖြူ၏ ကိုယ်ထည်သည် ခိုင်မာသည့်ပုံစံဖြစ်ပြီး ဘေးတိုက်အလွန်ပြားပြီး ဘဲဥပုံစံရှိပါသည်။
ငါးမုတ်ဖြူငါးသည် ပါးဟက်မရှိပါ။ ဆုတ်ယုတ်နေသော ပါးဟက်ဖုံးရှိပြီး ပါးဟက်အက်ကွဲကြောင်းသည် ကိုယ်ထည်ဘေးဘက်တွင် ရှိပါသည်။ ပါးဟက်အဖုံးသည် ဘေးဖက်တွင်ရှိပြီး မြင့်မားသောကိုယ်ထည်နှင့် ဆက်သွားပါသည်။ ကျောရေယက်နှင့် အမြီးရေယက်သည် အနည်းငယ်ရှေ့နောက်ရောက်နေပါသည်။ အမြီးရေယက်သည် ခရင်းခွပုံစံ ထင်ရှားစွာရှိနေပါသည်။ အမြီး၏ အောက်အဝိုက်သည် အပေါ်အဝိုက်ထက် အနည်းငယ်ပိုကြီးပါသည်။
ကျောဖက်အရောင်သည် မီးခိုးရောင်ရှိပြီး ဝမ်းဖက်သည် ငွေရောင်ဖြစ်သည်။ အဖြူရောင် အစက်သေးများသည် ကိုယ်ပေါ်တွင် ပါရှိပါသည်။ရေယက်များသည် အဝါရောင်ဖျော့ဖျော့ပါရှိသည်။ အများဆုံး ကိုယ်ထည်အရှည်သည် ၆၀ စင်တီမီတာတွေ့ရပြီး အများဆုံးတွေ့ရသောအလျားသည် ၃၀ စင်တီမီတာ ဖြစ်ပါသည်။ ငါးမုတ်ဖြူကို လတ်ဆတ်စွာကြော်စားခြင်း၊ ချက်စားခြင်းဖြင့် ပရိုတင်းဓာတ်ပြည့်ဝစွာရရှိပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေပါသည်။
ငါးမုတ်မဲကို တနင်္သာရီတိုင်းတွင် ငါးမုတ်ဖြူ၍ပင်ခေါ် ဆိုသည်။ ရခိုင်တွင်မူ ယုဇနသမ္ဘူဟူ၍ ခေါ်ကြသည်။ ငါးမုတ်မဲကို အဂ်လိပ်လို “”Black Pomfret” ခေါ် “Indian Buttrefish”ဟု ခေါ်ဆိုကြပြီးငါးမုတ်ဖြူနှင့် အသွင်ချင်းတူပြီး အရောင်သာလျှင် ကွဲပြား လေသည်။ ငါးမုတ်မဲ၏ အရောင်မှာ အညိုရင့်ရောင် သို့မဟုတ် မွဲပြာရင့်ရောင် ဖြစ်သည်။ ဆူးတောင်များ၏ အရောင်မှာ အညိုရောင်ဖြစ်
သည်။ အမြီး၏ အရောင်သည် ဝါ၍ အညိုရောင် ကန့်လန့်စင်း ၃ ကြောင်း ရှိသည်။ ငါးမုတ်မဲသည် ငါးမုတ်ဖြူကဲ့သို့ အရသာကောင်းမွန်ခြင်း မရှိချေ။
ငါးမုတ်မဲကို ရေငန်နှင့် ရေချိုရေငန်စပ်နေရာများတွင် တွေ့ရှိရပါသည်။ မြန်မာနိုင်ငံအပါအဝင် အင်ဒိုပစိဖိတ်ဒေသနှင့် ဂျပန်နိုင်ငံမြောက်ပိုင်းဒေသတို့တွင်လည်း တွေ့ရှိနိုင်ပါသည်။ ရာသီအလိုက် တွေ့ရှိရပြီး မြစ်ဝကျယ်များတွင်လည်း ဝင်ရောက်သွားလာနေထိုင်ပါသည်။ ငါးမုတ်ဖြူကဲ့သို့ ငါးမုတ်မဲ၏ နေထိုင်မှု အလေ့အထနှင့် စားသောက်မှုပုံစံ ဆင်တူပါသည်။ အကြီးမားဆုံးသော အရွယ်အစားမှာ ၄၀ စင်တီမီတာရှိပြီး အများဆုံးအရွယ်အစားမှာ ၂၀ စင်တီမီတာ ဖြစ်ပါသည်။ ကိုယ်ထည်ကို cycloid အရွယ်အစား အရွယ်သေးသေးဖြင့် ဖုံးထားပါသည်။ အာရုံခံနိုင်သော lateral line သည် မြင့်မားသည့်ပုံစံဖြစ်ပါသည်။
ငါးမုတ်ဖြူနှင့် ငါးမုတ်မဲသည် စျေးကွက်ဝင် အမျိုးအစားဖြစ်သည်။
ငါးမုတ်စားသောက်ပုံအမျိုးမျိုး
ငါးမုတ်ကို အကြွပ်ကြော်စားခြင်း၊ အချိုပေါင်းစားခြင်း၊ တန်ပူရာကြော်၊ ငါးမုတ်ပဲငါးပိကြော်၊ ငါးမုတ်သောက်ဆမ်း၊ ငါးမုတ် သံပုရာပေါင်း၊ ငါးမုတ်အချဥ်ဆီပြန်၊ ငါးမုတ်ကြပ်တိုက်၊ ဘာဘီကျူး စသည်ဖြင့် ပုံစံမျိုးစုံဖြင့် စားသုံးကြပြီး ငါးမုတ်ဖြူသည် ထောပတ်ရနံ့သင်း၍ နူးညံ့သောအသားရှိသဖြင့် လူအများပိုမို ကြိုက်နှစ်သက်ကြသည်။ ငါးမုတ်ငါးမျိုးသည်လည်း အဟာရဓာတ်နှင့် သတ္ထုဓာတ်များစွာပါဝင်သည့်အပြင် Omega 3 နှင့် Vitamin D များစွာပါဝင်သောကြောင့် နှလုံးရောဂါနှင့် Thyroid gland ရောဂါ ဖြစ်ပွားနိုင်ချေကို လျှော့ချပေး၍ ကျန်းမာရေးအတွက် အထူးပင်ကောင်းမွန်သော အရသာရှိသည့် လူကြိုက်များသော Table Fish ပင်လယ်စာ ငါးတစ်မျိုးဖြစ်၍ စီးပွားရေးအရအရေးပါသော တန်ဖိုးမြင့်ငါးဖြစ်သည်။
ငါးမုတ်ငါးမှာ အလယ်ရိုးတစ်ရိုးသာပါပြီး ကြော်စားပါက ကြွပ်ကြွပ်ရွရွလေးနှင့် အရမ်းအရသာရှိသော ငါးတစ်မျိူးဖြစ်သည်။ အသားများပြီး နူးညံမှုရှိသည်။ အကြေးခွံသေးသေးလေး အနည်းငယ်သာပါရှိကြပြီး အရိုးနည်းသဖြင့် အရိုးစူးမှာလည်း မပူရပေ။
ငါးမုတ်ငါးနှင့် ကျန်းမာရေး
အိုမီဂါ-၃ သည် ပင်လယ်ငါးဖြစ်သော ငါးမုတ်များတွင် ပါရှိသော ဖက်တီး အက်ဆစ်(fatty acid) တစ်မျိုး ဖြစ်သည်။ အိုမီဂါ-၃ သည် နှလုံး ၊ ဦးနှောက်နှင့် ကြွက်သားများကို ကျန်းမာစေသည်။ နှစ်ပေါင်းများစွာကတည်းက သိပ္ပံပညာရှင်များက အိုမီဂါ-၃ သည် လူသားတို့၏ ကျန်းမာရေးကို အထောက်အကူပြုကြောင်း သိရှိလေ့လာ ဖော်ထုတ်ခဲ့ပြီး ဖြစ်သည်။
အိုမီဂါဓာတ်သည် လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော fatty acid ဖြစ်သည်။ လူ့ခန္ဓာကိုယ်မှ ဤအိုမီဂါဓာတ်ကို မထုတ်လုပ်နိုင်ဘဲ စားသောက်သော အစားအစာများမှသာ ရရှိနိုင်ပါသည်။
ပင်လယ်ငါးဖြစ်သော ငါးမုတ်မှ ရရှိသော eicosapentaenoic acid ( EPA ) ၊ docosahexaenoic acid ( DHA ) နှင့် အပင်များမှ ရရှိသော alpha-linolenic acid ( ALA ) ဓာတ်များသည် လူသားများအတွက် အလွန်အရေးပါသော ဓာတ်များဖြစ်ကြ၏။ ၎င်း fatty acid တို့သည် လူ့ကိုယ်ခန္ဓာရှိဆဲလ်များ၏ ပတ်ပတ်လည်တွင် ရှိသော အမြှေးပါးကို ဖြစ်တည်စေသည်။ ထိုအမြှေးပါးများက ဆဲလ်များထဲသို့ မည်သည့်အရာမဆို ဝင်ရောက်ခြင်း၊ ထွက်သွားခြင်း ၊ ဆဲလ်တစ်ခုနှင့် တစ်ခု ဆက်သွယ်ခြင်းတို့ကို ထိန်းချုပ်ပေးပါသည်။ အိုမီဂါ-၃ ကြွယ်ဝနေသော ဆဲလ်များသည် အရည်ဓာတ်ပိုများပြီး မှန်ကန်စွာအလုပ်လုပ်နိုင်စွမ်းပိုရှိသည်။
ထို့အပြင် အိုမီဂါ-၃ fatty acid သည် eicosanoid ဟုခေါ်သည့် ဟိုမုန်းများ ထုတ်လုပ်ခြင်းကိုသင့်လျော်အောင် ထိန်းညှိပေးပါသည်။ အိုမီဂါ-၃ သည် ရောင်ကိုင်းခြင်း၊ သွေးကြောပိတ်ဆို့ခြင်းတို့ကို လျော့ကျစေပါသည်။ သိပ္ပံပညာရှင်များက အိုမီဂါ-၃ သည် နှလုံးရောဂါအတွက် များစွာ အရေးပါလိုအပ်ကြောင်း လေ့လာသိရှိခဲ့ကြပါသည်။ အိုမီဂါ-၃ သည် သွေးကြောများထဲတွင် သွေးကြောပိတ်ဆို့မှုကို လျော့နည်းစေပြီး နှလုံးရောဂါဖြစ်ပွားမှုကို လျော့ကျစေပါသည်။ အကယ်၍ heart attack ဖြစ်ခဲ့လျင်တောင်မှ သေစေနိုင်ခြင်းကို နည်းပါးစေပါသည်။ အိုမီဂါ-၃ သည် နှလုံးသွေးကြောများထဲတွင် သွေးကြောပိတ်ဆို့ မှုကို ဖြစ်စေသည့် အဆီဖြစ်စေခြင်းကို လျော့ကျစေပြီး မူမမှန်သော နှလုံးခုန်နှုန်းကို လျော့ကျစေပါသည်။ ထို့အပြင် မြင့်နေသော သွေးပေါင်ချိန်ကိုလည်း လျော့ကျစေပါသည်။
ထို့အပြင် အိုမီဂါ-၃ သညိ အဆစ်အမြစ် ရောင်ရမ်းကိုက်ခဲခြင်းရောဂါများကို သက်သာစေပါသည်။ နို့စို့ကလေးငယ်များအတွက် DHA ဓာတ် အရင်းအမြစ်ဖြစ်သည့် မိခင်နို့ရည်မှ လွဲ၍ ဦးနှောက်ကို ဖွံ့ဖြိုးစေသည့် ဓာတ်မှာ အိုမီဂါ-၃ ပဲဖြစ်ပါသည်။
အခြားလေ့လာ စမ်းသပ်မှုများအရ အိုမီဂါ-၃ သည် စိတ်ကျခြင်း depression မျိုးနှင့် disorder များကို လျော့နည်း သက်သာစေပြီး ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါသော ဓာတ်မျိုးဖြစ်ပါသည်။ ကြွက်သားများ နွမ်းနယ် ညောင်းညာခြင်းကို သက်သာလျော့ပါးစေသည်ကိုလည်း လေ့လာတွေ့ရှိခဲ့ကြပါသည်။
ရှေးဦးလေ့လာ စမ်းသပ်မှုများအရ အစားအစာထဲတွင် အိုမီဂါ-၃ ဓာတ်ကြွယ်ဝနေခြင်းသည် အင်္ဂါအစားထိုးကုသခံရသည့် လူနာများအတွက် အထောက်အကူပြုစေပြီး ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ ၊ ဆီးကျိတ်ကင်ဆာ ရောဂါများ ဖြစ်ပွားမှုကို နည်းပါးစေပါသည်။ လက်ရှိကာလတွင် စမ်းသပ်လေ့လာနေဆဲဖြစ်ပြီး အကျိုးသက်ရောက်မှု ကောင်းစေသည်ဟု ယူဆရသော ရောဂါများမှာ ရင်ကြပ်ရောဂါ၊ lupus ၊ စိတ်ကျခြင်း၊ အမျိုးသမီးများ ရာသီလာနေစဥ် ကိုက်ခဲခြင်း ၊ နှင်းခူ ၊ အတက်ရောဂါ ၊ nephtoric syndrome ၊ လေဖြတ်ခြင်း ၊ schizophrenia ၊ dementia နှင့်အူမကြီးတွင် အနာဖြစ်ခြင်းတို့ဖြစ်ကြသော်လည်း ဘယ်လောက်အတိုင်းအတာထိ အကျိုးသက်ရောက်မှုကောင်းစေမည်ဆိုတာကို ရှာဖွေလေ့လာနေဆဲ ဖြစ်ပါသည်။
ကျွမ်းကျင်သူ ပညာရှင်များက ယောက်ျားတစ်ဦးလျှင် EPA နှင့် DHA တစ်နေ့လျှင် ၆၁၀ မီလီဂရမ် စားသုံးသင့်ပြီး အမျိုးသမီး တစ်ဉ်ီးလျှင် ၄၃၀ မီလီဂရမ် စားသုံးသင့်သည်ဟု ဆိုပါသည်။ ထိုပမာဏ များသည် fatty acid ကြွယ်ဝနေသောငါးများဖြစ်သည့် salmon ၊ herring ၊ mackerel ၊ sardine (ငါးသေတ္တာငါး) နှင့် anchovies ငါးများကို တစ်ပတ်လျှင် ၂ ကြိမ် စားသုံးခြင်းဖြင့် ရရှိသောပမာဏနှင့် ညီပါသည်။
နှလုံးရောဂါရှင်များသည် ငါးမုတ်အပါအဝင် ပင်လယ်ငါးမှ ရရှိသော အိုမီဂါ-၃ ဓာတ် ပိုမို လိုအပ်ပါသည်။ နှလုံးရောဂါရှင်များသည် တစ်နေ့လျှင် အိုမီဂါ-၃ ဓာတ် ၁ ဂရမ် ပါရှိသော တစ်တောင့် နေ့စဉ်ပုံမှန် စားသုံးခြင်းဖြင့် နှလုံးရောဂါဖြင့် သေဆုံးခြင်းမှ ၂၅% လျော့နည်းနိုင်စေပါသည်ဟု လေ့လာမှုတစ်ခုက ဆိုပါသည်။
Sardine ၊ herring ၊ mackerel ၊ salmon ငါးတို့ကဲ့သို့သော ပင်လယ်ငါးများ စားသုံးခြင်းမှ EPA နှင့် DHA ဓာတ်များကို ရရှိစေပါသည်။
သတိပြုရန် အနေဖြင့် -
ဆီးချို၊ သွေးချို ရောဂါဝေဒနာသည်များနှင့် သွေးထွက်လွန်သော ဝေဒနာရှင်များမှာ အိုမီဂါ-၃ စားသုံးမှုကို ဆရာဝန်နှင့် တိုင်ပင်သင့်သည်ဟုဆိုပါသည်။ အိုမီဂါ-၃ ဓာတ်သည် သွေးထဲမှ သကြားဓာတ်ကို တိုးစေပြီး သွေးကြောပိတ်ဆို့ခြင်းကို လျော့နည်းစေပါသည်။ ပင်လယ်ငါးနှင့် ဓာတ်မတည့်တဲ့သူများမှာ ပင်လယ်ငါးမှ ရရှိသော အိုမီဂါ-၃ ကို ရှောင်ကျဉ်သင့်သည်ဟု ဆိုပါသည်။
အခြားဆေးဝါးများ သောက်သုံးနေသူများအနေနှင့် အိုမီဂါ-၃ စားသုံးမှုကို ဆရာဝန်နှင့်သေချာ တိုင်ပင်သင့်ပါသည်။ အိုမီဂါ-၃ သည် aspirin ၊ anticoagulants ( warfarin, heparin ) ၊ non-steroidal anti-inflammatories ( ibuprofen ) ကဲ့သို့သော ဆေးဝါးများနှင့် ဓာတ်ပြုပြီး သွေးထွက်နှုန်းကို မြင့်စေသော ဆိုးကျိုးဖြစ်စေနိုင်သည့်အတွက် ထိုဆေးဝါးများကို သုံးစွဲနေရသော လူနာများအဖို့ အိုမီဂါ-၃သောက်သုံးခြင်းကို ဆရာဝန်နှင့် သေချာ တိုင်ပင်ဆွေးနွေးသင့်ပါသည်။
အချုပ်အားဖြင့် ဆိုရလျှင်ပင်လယ်ငါးတစ်မျိုးဖြစ်သော ငါးမုတ်ဖြူနှင့် ငါးမုတ်မဲငါးမှာ အရသာနူးညံ့ကောင်းမွန်လှပြီး လူကြိုက်များသဖြင့် ပြည်တွင်း၌သာမက ပြည်ပစျေးကွက်ထိပါ နေရာရနေသောငါးတစ်မျိုးဖြစ်သည်။
ထို့ပြင် ငါးမုတ်ငါးများသည် အရသာကောင်းမွန်ရုံသာမက အာဟာရဓာတ်လည်း စုံလင်စွာပါရှိသဖြင့် စားပေးသင့်သော ပင်လယ်ငါးတစ်မျိုးဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။