ပင်လယ်စာတစ်မျိုးဖြစ်သည့် အခွံနှစ်ခြမ်းရှိသော ဂုံး(clam)နွယ်ဝင် ဂုံးယောက်မကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ပေါများစွာ တွေ့ရှိရပြီး မာန်အောင်ဒေသတွင်လည်း အနည်းငယ်တွေ့ရပါသည်။ ဂုံးယောက်မကို မြန်မာအခေါ်(Myanmar Name)အရ “သင်တုံးဓါးဂုံး” ဟု ခေါ်ဆိုကြပြီး ဒေသအခေါ်(Local Name)မှာ လျှာထုတ်ဂုံး (ခ)ဂုံးယောက်မဟု အမည်တွင်ပါသည်။ ဂုံးယောက်မကို သိပ္ပံ အခေါ်မှာ Pharella spp ဖြစ်ပြီး အဂ်လိပ်အမည် (English Name)မှာ Knife (or) Razor Clam ဖြစ်သည်။
ဂုံးယောက်မ (ခ) လျှာထုတ်ဂုံး၏ သွင်ပြင်လက္ခဏာများ
ဂုံးယောက်မ(ခေါ်) လျှာထုတ်ဂုံး၏ သွင်ပြင်လက္ခဏာမှာ အလျား (၆) လက်မ၊ အနံ(၂) လက်မခန့်ရှိ ရှည်မျောမျောသဏ္ဌာန် အခွံပါးဖြင့် ဖုံးအုပ်ထားပြီး ပြင်ပအခွံ၏အရောင်မှာ အဝါရောင်အောက်ခံတွင် အနက်ရောင်နှင့် အဖြူရောင်ရောစပ်ပြီး ခြယ်မှုန်းထားသလို ဖြစ်ပါသည်။ ထိပ်ဖျားနှစ်ဖက်သည် အဝိုင်း ပုံသဏ္ဌာန်ရှိပြီး ရှည်ရှည်မျောမျောအခွံ၏ ဘေးတစ်ဖက်သည် တံခါးပတ္တာကဲ့သို့ အသွင်သသဏ္ဌာန်ရှိပြီး အခြားတစ်ဖက်သည် ဖွင့်နိုင်ပိတ်နိုင်ပါသည်။
ဂုံးကောင်၏ ထိပ်ဖျားစွန်းတစ်ဖက်တွင် ချုံ့နိုင်၊ ကျယ်နိုင်သော အပေါက်ကြီး (၁) ပေါက်နှင့် အပေါက်ငယ်(၁) ပေါက်ပါရှိကာ အခြားထိပ်ဖျားစွန်းတစ်ဖက်တွင် သွင်းနိုင်ထုတ်နိုင်သော လျှာပုံသဏ္ဌာန် အသားပြားရှိပါသည်။ ၄င်းသည်(၃)လက်မခန့် ရှည်လျားပါသည်။ ဤဂုံးတွင် အခွံပါး (၂) ဖက်ဖြင့် ညှပ်ပြီး ဖုံးထားသောကြောင့် အထဲမှ ဂုံးသားသည် ပိုမိုပါရှိပါသည်။ ချက်ပြုတ်ကြော်လှော် စားသုံးမည်ဆိုပါက အချိန်အကြာကြီး မလိုအပ်ဘဲ မိနစ်အနည်းငယ်မျှဖြင့် နူးညံ့ပြီး ပိုမို၍ ချိုသောအရသာရှိပါသည်။
အလေ့အထနှင့် ရှင်သန်ကျက်စားသည့် ရေမြေသဘာဝ
အလေ့အထနှင့် ရှင်သန်ကျက်စားသည့် ရေမြေသဘာဝအနေဖြင့် ဂုံးအား ပင်လယ်နှင့် နီးစပ်မှု ရှိသော မြစ်ဝများ၏ ရေအောက်ကြမ်းပြင်(ရွှံနုန်းမြေ)ဆန်သည့် နေရာများတွင် အများဆုံးတွေ့ရတတ်ပါသည်။ ဒီရေတက်ချိန်တွင် ရေအနက်ပေ (၅၀) ခန့်တွင် လည်းကောင်း၊ ရေစစ်ချိန်တွင် ရေအနက်(၃၅)ပေခန့်တွင်လည်း ရှာဖွေတွေ့ရှိရတတ်ပါသည်။
ရေအောက်ကြမ်းပြင်တွင် အချင်း (၈) လက်မခန့်ရှိသော အဝိုင်းကျိတ်ပြုလုပ်ပြီး အကျိတ်၏ အလယ်တွင် ဂုံးအကောင်တစ်ကောင်စာ အဝင်အထွက်ပြုလုပ်နိုင်သော ဒေါင်လိုက်ကျင်းပေါက်ရှိပါသည်။ ၄င်းကျင်းပေါက်သည် အဝိုင်းပုံသဏ္ဌာန် မဟုတ်ဘဲ ဂုံးကောင်၏ ပုံသဏ္ဌာန်အတိုင်း အခုံးပြားဒေါင်လိုက်ဖြစ်နေကာ ကျင်းပေါက်မြေသားသည် အဓိကတစ်ခြမ်းနှင့် ပျော့ညံ့မြေသားတစ်ခြမ်း တည် ရှိနေပါသည်။
ဂုံးကောင်သည် သာမန်အချိန်တွင် ၄င်းကျင်းပေါက်ဝတွင် လျှာပုံကဲ့သို့ အသားပြားကို အပြင်သို့ ထုတ်ပြီး အောက်ကိုစိုက်လျက် အပေါ်ပိုင်းတွင် အခြားတစ်ဖက်မှ အပေါက်ငယ်(၂)ခုပါသောဘက်ကို ထောင်လျက် အပေါက်ဝ(၂)ခုမှ အကြီးအပေါက်ဝကို ကျုံ့လိုက်၊ကျယ်လိုက် လုပ်နေတတ်ပါသည်။ ၄င်း အပေါက်ဝ (၂) ခုသည် အစာစားခြင်းနှင့် အညစ်အကြေးစွန့်ထုတ်ခြင်း ပြုလုပ်သော အပေါက်များဟု ယူဆရပြီး သင်္ကြန်ရေပိုက်မှ ရေပန်းထုတ်နေသကဲ့သို့ ၄င်းအပေါက်ဝ (၂) ခုမှ ခဏခဏ ရေထုတ်နေတတ်ပါသည်။
၄င်းဂုံးကောင်သည် တစ်နေရာမှ တစ်နေရာသို့ အလျားလိုက်သွားလာခြင်း မဟုတ်ဘဲ သူ၏အကျိတ်(ဝါ)ကျင်းအပြင်ဘက်တွင် လျှာပုံသဏ္ဌာန်အသားပြားကို ထုတ်ပြီး ကြမ်းပြင်တွင် ဒေါင်လိုက်တောက်လျှောက် ခုန်၍သွားလာတတ်ပြီး ၄င်းအပြုအမူသည်လည်း မကြာခဏ ပြုလုပ်ခြင်းမျိုး မဟုတ်ဘဲ အတော်အချိန်ယူ စောင့်ကြည့်ပါမှ တစ်ခါတစ်လေ တွေ့မြင်ရတတ်ပါသည်။ ထိုလျှာကဲ့သို့ အသားပြားသည် ရွေးလျားခုန်ရာတွင်လည်း အသုံးပြုသောကြောင့် ခြေထောက်ဟူ၍လည်း မှတ်ယူကြ ပါသည်။
ဂုံးဖမ်းဆီးခြင်း
ရေငုပ်ဂုံးဖမ်းသူသည် ရေအနက်(၃၀-၅၀)ပေ၌ ဂုံးရှာဖွေခြင်းလုပ်ငန်းအား တစ်ကြိမ်လျှင်(လေပေးစက်ရပ်တန့်ခြင်း မရှိပါက)အများဆုံး(၂)နာရီခန့်ကြာအောင် ရှာဖွေဖမ်းဆီးကြပါသည်။ ၄င်းအချိန် ပမာဏသည် ဂုံးငုပ်ရေလုပ်သား၏ ဂုံးထည့်အိတ်ငယ်တွင် ဆန့်သော ဂုံးပမာဏ(၃၀၀)ခန့် ပြည့်မီစွာ ရရှိနိုင်သော အချိန်ပမာဏလည်း ဖြစ်ပါသည်။ ဂုံးရှာဖွေသူ၏ ရေငုပ်ကျွမ်းကျင်မှုအပေါ်လိုက်၍ ဂုံးရရှိမှုမှာ တစ်ဦးနှင့် တစ်ဦး အနည်းအများ ကွာခြားကြပါသည်။ (၂) နာရီခန့်တစ်ကြိမ် ရေငုပ်ဂုံးဖမ်းခြင်းတွင် မကျွမ်းကျင်သူသည် ဂုံးလုံးရေ(၁၀၀)ကျော်ခန့် ရရှိနိုင်ပြီး ကျွမ်းကျင်သူသည် (၃၀၀)ခန့် ရရှိနိုင်ပါသည်။ တစ်ကြိမ်ဖမ်းဆီးပြီးပါက စက်လှေပေါ်ပြန်တက်၍ (၁၅)မိနစ်ခန့် ခေတ္တအနားယူကြပါသည်။
ဂုံးသည် ရေအနက်(၃၀-၅၀)ပေခန့်ရှိသော ရွှံ့နုန်းဆန်သော ရေအောက်ကြမ်းပြင်တွင် အချင်း(၈) လက်မခန့်ရှိသော အဝိုင်းကျိတ်ပြုလုပ်ကာ ၄င်း၏အလယ်တွင် ဒေါင်လိုက်ကျင်းပေါက်ပြုလုပ်ပြီး နေထိုင်ကျက်စားသောကြောင့် ဂုံးငုပ်သူသည် ကြမ်းပြင်ပေါ်၌ လက်ဖြင့်စမ်းကာ ပထမဆုံးအဝိုင်းကျိတ်ကို ရှာဖွေရပါသည်။ အကျိတ်တွေ့ရှိပါက ၄င်းဂုံးသည် အကျိတ်၏အလယ်တွင် ဒေါင်လိုက်ကျင်းပေါက်၌ ရှိနေသောကြောင့် ဂုံးရှိသောအပေါက်ကို လက်ဖြင့် နှိုက်ယူရပါသည်။ ဂုံးရှိနေသော ကျင်းပေါက်၏ ပုံသဏ္ဌာန်မှာ ဂုံး၏ပတ္တာကဲ့သို့ တစ်ဖက်ပိတ်အခြမ်းမှ မြေသားသည် မာနေတတ်ပြီး ဂုံး၏ဖွင့်နိုင် ပိတ်နိုင်သောအခြမ်းမှ မြေသားသည် ပျော့ညံ့နေတတ်ပါသည်။
၄င်းဂုံးဒေါင်လိုက် အဝင်အထွက်ပြုလုပ်နိုင်ရန်အတွက်သာ ကျယ်ဝန်းမှုရှိပြီး လက်ဖြင့်နှိုက်ယူမည်ဆိုပါက ဂုံးနေသော အခေါင်းပေါက်ဝကို လက်ဖြင့်နှစ်ခြမ်းကွဲသွားအောင် ဆွဲဖွင့်ပြီး အပေါက်ထဲသို့ လျှင်မြန်စွာ နှိုက်ယူရပါသည်။ လက်လျှင်မြန်မှု မရှိပါက ဂုံးကောင်သည် ကျင်းပေါက်အဆုံးထိ(၃)ပေခန့် (လက်တစ်ဆုံးအထိ)ဝင်ရောက်သွားတတ်သည်။ ထိုသို့ ဝင်ရောက်သွားပါက ရေငုပ်ဂုံးဖမ်းသူသည် မျက်နှာတစ်ခြမ်းရွှံ့ထဲ နစ်မြုပ်သည်အထိ ကြိုးစားနှိုက်ယူရပါသည်။ ဂုံးကောင်သည် ကျင်းပေါက်အောက်သို့ရောက်ပါက ၄င်း၏လျှာကဲ့သို့ အသားပြားနှင့် မြေကြီးကို မခွာတော့ဘဲ အတင်းစုပ်ထားကြပါသည်။ ဂုံးငုပ်သူသည် အပေါ်မှ ဂုံးကောင်ကိုကိုင်ပြီး အတင်းဆွဲပါက ဂုံး၏ မြေကြီးကို စုပ်ထားသောလျှာကဲ့သို့ အသားပြားနှင့် ဂုံး၏ ဝမ်းဗိုက်ပိုင်းတို့သည် တစ်ခြမ်းစီဖြစ်သွားပြီး ဂုံးငုပ်သူထံ ၄င်းဂုံး၏ ဝမ်းဗိုက်ပိုင်း နှင့် အခွံမျှသာပါလာသဖြင့် စျေးကွက်အတွက် ရည်ရွယ်သည့် တန်ဖိုးရှိသော လျှာကဲ့သို့သော အသားပြားသည် စုပ်အားကြောင့် တွင်းခေါင်းထဲတွင် တစ်ခြားစီဖြစ်ကာ ကျန်ခဲ့ပါသည်။ ဂုံးငုပ်မကျွမ်းကျင်သူများ မကြာခဏ ဖြစ်တတ်ပြီး မကျွမ်းကျင်ပါက လက်ပြတ်ရှမှုများလည်း ရှိတတ်သောကြောင့် ယခုအခါတွင် လက်အိတ်များဖြင့်သာ ငုပ်ကြပါသည်။ ဤနည်းမှာ ရေငုပ်ဂုံးဖမ်းနည်း ပထမနည်း ဖြစ်ပါသည်။
ဒုတိယနည်းမှာ ဂုံးကောင်နေသော ဒေါင်လိုက်ကျင်းပေါက်ကို အပေါ်မှ လက်တစ်ဖက်ဖြင့် ပိတ်ထားပြီး ၄င်းဂုံးကောင်၏ ပျော့ညံ့မြေသားရှိသောဖက်မှ အခြားလက်တစ်ဖက်ဖြင့် ကန့်လန့်ဖြတ် အလျားလိုက် နှိုက်ရပါသည်။ ဂုံးနေသော ကျင်းပေါက်ကို မြေကြီးထဲတွင် စမ်းမိပြီးနောက် ဒေါင်လိုက်ကျင်းပေါက်၏ အပေါ်ဝမှ ပိတ်ထားသောလက်ကို ဖွင့်လိုက်ပါက ဂုံးကောင်သည် တွင်းအောက်ကို ကျသွားပြီး အခြားလက်တစ်ဖက်တွင် အလိုအလျောက် ဖမ်းမိလျက်သား ဖြစ်သွားပါသည်။
ဂုံးကောင်ထားသိုနည်း
ရေငုပ်၍ ဖမ်းဆီးရမိသော ဂုံးများအားလုံးကို စက်လှေပေါ်တွင် သားရေကွင်းဖြင့် နှစ်ပတ်ခန့် (မတင်းလွန်း၊ မလျော့လွန်း)စည်းနှောင်ထားပြီး ပင်လယ်ရေငန်ထည့်ထားသော ဖိုင်ဘာရေထည့်ဘူးထဲ ခေတ္တထည့်ထားရပါသည်။ မိုးရာသီတွင် ၄င်းဘူးထဲသို့ မိုးရေမဝင်ရန်နှင့် ဂုံးပေါ်သို့ နေရောင်ခြည် တိုက်ရိုက်မကျရောက်နိုင်ရန်အတွက် ဘူးကို အဖုံးဖုံးထားရပါသည်။ ဂုံးကို သားရေကွင်းဖြင့် ခေတ္တစည်း နှောင်ထားရခြင်းမှာ သူတို့၏ကျင်းထဲတွင်ရှိနေသော ပုံစံအတိုင်းဖြစ်ရန်နှင့် ထိုသို့မစည်းနှောင်ထားပါက ဂုံးကောင်အား စက်လှေပေါ်ထားသည့်အချိန်တွင် ဖွင့်နိုင်၊ပိတ်နိုင်သောဘက်မှ မကြာခဏ ဖွင့်ထားတတ် ပြီး ထိုသို့ မကြာခဏဖွင့်ထားပါက ဂုံးသားနှင့် အခွံကွာဟမှုရှိလာတတ်ပြီး ဂုံးကောင်အသက်ရှင်သန်မှု0မှာ ကြာကြာမခံတတ်သောကြောင့် ဖြစ်ပါသည်။စက်လှေပေါ်မှ ရေငန်ထည့်ထားသောဘူးထဲတွင် သားရေကွင်းဖြင့် စည်းနှောင်ပြီး အောက်စီဂျင်မပေးရဘဲ ကျောက်ဖြူဂုံးအဝယ်ဒိုင်သို့ ရောက်ရှိသည် အထိ(၅-၆)နာရီခန့်ထားပြီး ထိုသို့ထားခြင်းအားဖြင့် ဂုံးသေဆုံးမှု မရှိနိုင်သည်ကို တွေ့ရပါသည်။
ဂုံးဖမ်းဆီးချိန်
ရေငုပ်ဂုံးဖမ်းခြင်းကို အချိန်မရွေးလုပ်ကိုင်သည်မှန်သော်လည်း ရေကြီးရက်များဖြစ်သော မြန်မာလဆန်း/လဆုတ်(၁၃၊ ၁၄)၊ လပြည့်/လကွယ်၊ လဆန်း/လဆုတ်(၁၊၂၊၃) ရက်များတွင် ရေတက် ရေကျရေစီးပြင်းပြီး ရေနောက်သောကြောင့် ဂုံးငုပ်သူများသည် ကျန်ရက်များထက် ပင်ပန်းမှုများပြီး ရေနောက်၍ အမြင်မကြည်လင်မှုများကာ ဂုံးရရှိမှုလည်း နည်းတတ်သည့် ထိုနေ့ရက်များတွင် ရေငုပ်ဂုံး ဖမ်းခြင်းများ မပြုလုပ်တတ်ကြဘဲ လဆန်း/လဆုတ်(၉၊၁၀)ရက်များသည် ရေအောက်တွင် ရေကြည် လင်မှုများသော ရက်များဖြစ်သောကြောင့် ဂုံးပိုမိုရရှိတတ်ပါသည်။
ဂုံးများကို ယခင်အသက်ရှူကိရိယာမပါဘဲ ရှာဖွေစဥ်က ရေကြီးရက်များတွင် ရေကျချိန်တွင် ရေဆုတ်များ၍ သောင်ဖြစ်ထွန်းမှုများချိန်တွင်သာ ဂုံးရှာဖွေခဲ့ကြသော်လည်း ယခုအသက်ရှူကိရိယာဖြင့် ရေနက်ထဲ ဂုံးငုပ်ကြသည့်အခါ ယခင်နှင့် ပြောင်းပြန်ဖြစ်သွားပြီး ယခုရေဆုတ်ရက်၊ ရေသေရက်၊ ရေဆွဲအား မများသော ရက်များမှလွဲ၍ ရေငုပ် ဂုံးဖမ်းကြပါသည်။ ရေငုပ်ဂုံးဖမ်းခြင်းကို တစ်ရေ(တစ်ဖျား)တွင် ရေဆုတ်ရက်(၉)ရက်ခန့် ဆောင်ရွက်ပြီး ရေကြီး(၆)ရက်ခန့် ရပ်နားကြပါသည်။
ဂုံးမျိုးပွားရာသီ
ဂုံးများသည် မည်သည့်ရာသီတွင် မျိုးပွားကြသည်ကို တိတိကျကျမသိရှိရသော်လည်း ဂုံးငယ်လေးများကိုမူ ရာသီမရွေးတွေ့ရတတ်ကြောင်း သိရှိရပါသည်။ ရေအောက်ကြမ်းပြင်တွင် ဂုံးကျင်းများသည် တစ်ခုနှင့် တစ်ခု ပူးကပ်စွာ ရှိနေတတ်ကြသည်များလည်း တွေ့ရတတ်ပါသည်။ သို့သော် တစ်ကျင်းစီတွင် ဂုံးတစ်လုံးသာ တွေ့ရတတ်ပါသည်။ ဂုံးငယ်လေးများသည်လည်း သူ့ကျင်းနှင့် သူသာ တစ်ကျင်းတွင် တစ်လုံးစီသာတွေ့ရှိရပြီး တစ်ကျင်းထဲတွင် ဂုံး(၂-၃)လုံး တွေ့ရလေ့မရှိပါ။
ဂုံးယောက်မ(ခေါ်) လျှာထုတ်ဂုံး စားသုံးပုံ
ယခုအခါ နိုင်ငံတော်တော်များများတွင် ဂုံးကောင်ကို လူတော်တော်များများ စားသုံးမှု များလာကြသည်။မြန်မာနိုင်ငံတွင် ဂုံးကောင်ကို သုပ်စား၊ ကင်စား၊ ပြုတ်စား၊ ထောင်းစား၊ အခြောက်လှမ်းစား၊ အစိုကိုဟင်းချက်စားကြပါသည်။ ထို့ပြင် Hot Pot ထဲတွင်ထည့်၍ စားကြသလို ပင်လယ်စာ၊ ထမင်းကြော်၊ ကြာဆံကြော်၊ မာလာရှမ်းကော၊ မာလာမောက်ချိုက် စသည်တို့တွင် ထည့်သွင်း၍လည်း စားသုံး ကြပါသည်။
စျေးကွက်အခြေအနေ
ဂုံးယောက်မကို တရုတ်နိုင်ငံမှ အများဆုံးဝယ်ယူကြပါသည်။ ထို့ပြင် ထိုင်းနိုင်ငံသည်လည်း မြန်မာနိုင်ငံမှတင်ပို့သော ပင်လယ်စာများအနက် ဂုံးများကိုလည်း နှစ်သက်စွာ စားသုံးကြပါသည်။ ဂုံးများကို စားသုံးပါက ကျန်းမာရေးကောင်းမွန်သည့်အပြင် ခွန်အားအမြန်ပြည့်စေသည့် အစားအစာဖြစ်ကြောင်း ယုံကြည်ကြသည့်အလျောက် တစ်နိုင်ငံလုံးနီးပါး စားသုံးကြပါသည်။ ရိုးရာအစားအစာများနှင့် တွဲဖက်စားသောက်ကြသည့်အပြင် အမျိုးမျိုးလည်း ချက်ပြုတ်စားသောက်ကြပါသည်။ အဆိုပါ ဂုံးအား ထိုင်းပြည်တွင်း စားသုံးသူများသာမက ထိုင်းနိုင်ငံအတွင်းသို့ လာရောက်လည်ပတ်ကြသော နိုင်ငံခြားခရီးသွားများမှာလည်း ကြိုက်နှစ်သက်စွာ စားသုံးကြကြောင်း သိရှိရသည်။ထို့ကြောင့် စားသောက်ဆိုင်များ၊ ဟိုတယ်များ၊ စျေးဆိုင်များတွင် ပင်လယ်စာဖြစ်သည့် ဂုံးများမှာ စျေးကွက်လိုအပ်ချက်မြင့်မားနေသော အမယ် တစ်ခုဖြစ်လာပါသည်။ တစ်ဖက်နိုင်ငံမှ ပစ္စည်းအရည်အသွေးသတ်မှတ်ချက်အနေဖြင့် သီးခြားထုတ်ပြန် ထားခြင်းမရှိသော်လည်း လတ်ဆတ်သည့် ဂုံးအရှင်များသာ စျေးကောင်းရရှိကြောင်း သိရှိရသည်။
အချုပ်အားဖြင့် ဆိုရသော် ထူးခြားသော သဘာဝတရားများနှင့် ပြည့်နှက်နေသော အခွံနှစ်ခြမ်းရှိ ဂုံးယောက်မ(ခေါ်) လျှာထုတ်ဂုံးများ၏အသားသည် ချိုသောအရသာရှိပြီး နူးညံ့မှုရှိသောကြောင့် လူအများအကြိုက်တွေ့သော ပင်လယ်စာဖြစ်သည်။ ထို့ပြင်ကျန်းမာရေးအတွက်လည်း စားပေးသင့်သည့် ပင်လယ်စာထဲတွင် ပါဝင်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်