ရော်ဘာပင် အကြောင်း သိကောင်းစရာ

16/01/2018 12:00 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား

(၁) ရော်ဘာ စိုက်ပျိုးရန် ရာသီဥတု နှင့်မြေအမျိုးအစား

ရော်ဘာသည် ပင်လယ် ရေမျက်နှာပြင်ထက် အမြင့်ပေ (၁၀ဝဝဝ) ကျော်ထိ စိုက်ပျိုးနိုင်ပြီး အပူအအေးပြောင်းလဲမှု နည်းသော ရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ အပူချိန် ၅၅ ဒီဂရီဖာရင်ဟိုက် မှ ၁၀ဝ ဒီဂရီဖာရင်ဟိုက် အတွင်းနှင့်  မိုးရေချိန် လက်မ ၈၀ မှ ၁၆၀ အတွင်းကောင်းမွန်စွာ ဖြစ်ထွန်းပါသည်။ ရော်ဘာသည်မြေချဉ်ငံဓာတ်(pH) ၄မှ ၆ အတွင်း ရော်ဘာပင်ကောင်းစွာ ဖြစ်ထွန်းနိုင်ပြီး၊ လေဝင်လေထွက်ကောင်းသောမြေ၊ သဲမဆန်လွန်း မစေးလွန်းသောမြေ၊ မြေသားထု အနဲဆုံး (၄)ပေ ထူသောမြေတွင် စိုက်ပျိုးရန် သင့်တော်ပါသည်။

(၂) ရော်ဘာပင်၏ရုက္ခဗေဒ လက္ခဏာများ

ရော်ဘာပင်၏ အမြစ် ဖွဲ့စည်းပုံသည်ရေသောက်မြစ်(Tap root) အမျိုးအစား ဖြစ်သည်။ မူလမြစ် (primary root)သည် ကြီးထွားကာမြေအောက်သို့ ဆင်းပြီးရေသောက်မြစ်(Tap root) ဖြစ်လာသည်။ရေသောက်မြစ်(Tap root) မှဘေးမြစ်(lateral root) များထပ်မံ ဖြာထွက်လာသည်။

ပင်စည်သည် အလယ်တွင် ဝင်ရိုး(Axis/Pit)ကို ရေကြောများဖြင့် ကာရံထားသည်။ ရေကြော(Xylem) အပြင်ဘက်တွင် အသားတိုးလွှာ(Cambium) ရှိပြီး အသားတိုးလွှာအပြင်ဘက်တွင် အခေါက်(Cortex/Bark)ဖြင့် ဝန်းရံ ဖုံးအုပ်ထားသည်။ အဖူးများသည် ကိုင်း၏ ထိပ်ဖျားတွင်ရွက်ထိပ်ဖူး(Terminal bud)နှင့် အရွက်ထွက်သော ကိုင်းများတွင် ရွက်ကြားဖူး(Auxiliary buds) များ ထွက်ပေါ်လာသည်။ ပင်စည်ကိုင်းများသည်ရွက်ကြားဖူးများမှ ဖြစ်ပေါ်လာသည်။ အရွက်ရိုးတံမှ အရွက်များ ထွက်လာပြီး အရွက်ကြွေကျသောအခါတွင် အရွက်ရင်းအရာ(Leaf scar) ကျန်ရစ်ခဲ့သည်။ ဆောင်းရာသီတွင် ပုံမှန် အရွက်ကြွေ(Normal leaf fall) ဖြစ်ပြီး၊ မိုးရာသီတွင်ရောဂါကြောင့် ပုံမမှန် ရွက်ကြွေခြင်း (abnormal leaf fall) ဖြစ်သည်။

အပင်သည်မြေကြီး မှရေနှင့် အာဟာရကို စုပ်ယူပြီး အစာချက် လုပ်ပါသည်။ ရေသောက်မြစ် နှင့်ဘေးမြစ်သည်မြေကြီးတွင် အပင် ခိုင်မြဲရေးအတွက် အထောက်အပံ့ပေးပြီး၊ ရေကိုအစာစုပ်ယူသော အမြစ်ငယ်(small feeding roots) အမြောက်အများမှ စုပ်ယူပေးသည်။ ရေကို အစာ စုပ်ယူသော အမြစ်ငယ် (small feeding roots) အမြောက်အများ၏ ထိပ်ဖျားတွင် အမြစ်မွှေး(root hairs)ရှိပြီး မြေမှုန်တွင် ရှိသော အာဟာရ ဓာတ်များကို စုပ်ယူပေးသည်။

အပင်၏ ထိပ်ဖျားပိုင်းတွင် သီးပွင့်လေ့ရှိသည့် Euphorbiaceae မျိုးရင်းဝင် အပင်မျိုး ဖြစ်ခြင်း၊ မျိုးစိတ်တွင် ခရိုမိုဆုမ်း(2n=36) ရှိပြီးလေဖြင့် ဝတ်မှုန်ကူးခြင်း၊ ပင်စည်ဖြောင့် တန်းထောင်မတ်နေပြီး၊ အခေါက်ချောမွေ့ခြင်း၊ ပင်စည် အရောင်တွင် အဖြူရောင် အကွက်ဖြစ်ပေါ်နေခြင်း၊ ရော်ဘာ အရိုင်းပင်သည် ၄၀မီတာ(ပေ ၁၃၀ ကျော်) အရှည်ရှိပြီး သက်တမ်း(၁၀ဝ)ကျော် ရှင်သန်နိုင်ခြင်း၊ အပင်သက်(၂၅-၃၀) နှစ်အထိသာစီးပွားဖြစ် အစေး ထုတ်လုပ်နိုင်ပါသည်။

(က) မျိုးစေ့(Seed)

အရွယ်အစားကြီးပြီး၊ အလေးချိန် ၃.၅ဂရမ်မှ ၆.ဝဂရမ် ရှိခြင်း၊ ဘဲဥပုံ မကျ တစ်ကျ(Ovoid) ပုံရှိခြင်း၊ အစေ့၏ ရင်ဖက်ခြမ်းတွင် ပြား၍၊ ကျောဖက်တွင် ခုံးနေခြင်း၊အစေ့ခွံ့သည် မာ၍ အရောင်တောက်ပြောင်ပြီး စက်ပြောက် ပါရှိခြင်း၊ အစေ့ရွက် နှစ်ခုသည်(Endosperm) စေ့တွင်းစာတွင် ကပ်နေခြင်း၊ အစေ့၏ ပုံသဏ္ဍာန်သည် မိခင်ပင်၏ မျိုးစေ့နှင့် တူ၍ မိခင်ပင်ကို ခွဲခြားနိုင်ပါသည်။ အစေ့တွင်းစာသည် မျိုးစေ့ အလေးချိန်၏ ၅၀-၆၀%ခန့်ရှိပြီး၊ ဆီအနည်းငယ် ပါဝင်သည်။ အပင်ပေါက်နိုင်သည့် ကာလ ရက်ပိုင်းသာရှိခြင်း၊ သိုလှောင်ထားပါကHydrocyanic  acidကြောင့် အပင် အသက်ရှင်နိုင်စွမ်း ကျဆင်းသည်။

(ခ) အစို့ပေါက်ခြင်း(Germination)

မျိုးစေ့ကြွေကျပြီး ၃-ရက်မှ ၂၅-ရက် အတွင်း အပင်ပေါက်နိုင်သည်။ အစေ့ခွံ့(Testa) ကိုဖောက်ထွက်ပြီး ၂စင်တီမီတာ အရှည်ရှိကာဘေးမြစ် အမြစ်လောင်း (lateral roots)ထွက်ပေါ်လာသည်။ နောက်၂ရက် အကြာ အညွန့်လောင်း ထွက်ပေါ်လာခြင်း၊ ယူပုံသဏ္ဍန်(U) ဖြင့် အစေ့ရွက်ကြား မှကွေးထွက်လာ၊ ယင်းမှ ဆစ်ကြားရှည် ထွက်ပြီး၊ အရွက်သုံးရွက် ထွက်ပေါ်လာပြီး၊ တစ်ချိန်တည်း မှာဘေးမြစ်နှင့် မူလမြစ်တို့ ဆက်လက် ကြီးထွားပြီး အမြစ်၏ ထိပ်ပိုင်းတွင် အမြစ်မွေး(Root hairs) များ ထုတ်လုပ်ပါသည်။

 

(ဂ) အပင်ကြီးထွားမှု(Periodic growth)

ပင်စည် ရှည်ထွက်မှု(၃)ပတ် ကြာသောအခါ ရှည်ထွက်မှု ရပ်တန့်သွားပြီးလျှင် ရွက်နု ထွက်လာပြီး(၃)ပတ်ကြာတွင် ပင်စည်ရှည် ထွက်လာသည်။ ပင်စည် နှင့်အရွက် ကြီးထွားမှု တစ်လှည့်စီ ဖြစ်ပြီး အပင်လုံးပတ်မှာ ဆက်တိုက်ကြီးထွားသည်။

(ဃ) အရွက်(Leave)

အရွက် သုံးရွက်ပါရှိသော ရွက်ပေါင်း အမျိုးအစား ဖြစ်သည်။ ရွက်နုအဆင့်တွင် စိမ်းဝါရောင်ရှိပြီး ရွက်ရင့်သည်နှင့် စိမ်းရင့်ရောင် ဖြစ်လာသည်။ ပင်သက်၃-၄နှစ်တွင် ရွက်ခြောက်ကြွေခြင်း(Wintering leaf fall) ဖြစ်သည်။ မျိုးအလိုက် အရွက်ပုံ သဏ္ဍန်နှင့် တည်ဆောက်ပုံ၊ ရွက်ကြွေပုံ ကွာခြားပါသည်။

(င) ပန်းပွင့်(Flowers)

ရွက်ကြွေပြီး ရွက်နု စထွက်ချိန် ပန်းခိုင်တစ်ပြိုင်တည်း ပါလာသည်။ တစ်နှစ် ပန်းနှစ်ကြိမ် ပွင့်သည်။ ဇန်နဝါရီ၊ ဖေဖေါ်ဝါရီတွင် ပန်း အများဆုံး ပွင့်ပြီး၊ စက်တင်ဘာ၊ အောက်တိုဘာတွင် အပွင့်နည်းသည်။ ပန်းခိုင်တွင်အဖို၊ အမ ပန်းများစွာ ပွင့်ပြီး၊ အမပန်းပွင့်သည် ပန်းခိုင်ထိပ်တွင် တည်ရှိသည်။ အဖိုပွင့်သည် ဝတ်မှုန်အိတ်(၁၀)ခုပါရှိပြီး (၂၄)နာရီ အတွင်းကြွေကျသည်။ တစ်ခိုင်တည်းတွင် အဖိုနှင့် အမ ပန်းတစ်ပြိုင်တည်း မပွင့်ပါ။ အမပွင့်သည် အဖိုပွင့်ထက် ပိုကြီးပြီး stigma သုံးခုပါရှိကာ ပန်းပွင့်ပြီး ၃ရက်မှ ၅ရက်ကြာတွင်ကြွေကျသည်။

(စ) ဝတ်မှုန်ကူးခြင်း(Pollination)

ပင်ခြား ဝတ်မှုန်ကူးခြင်းကို အင်းဆက်(သို့)လေဖြင့် ဝတ်မှုန်ကူးခြင်း ဖြစ်သည်။ ဝတ်မှုန်ကူးပြီး၂၄နာရီ အတွင်း သန္ဓေအောင်သည်။

(ဆ) အခေါက်တည်ဆောက်ပုံ

ပင်စည် အလယ်တွင် သစ်မာအပိုင်းကို အခေါက်ဖြင့် ဝိုင်းရံထားပါသည်။ သစ်မာနှင့်အခေါက်အား အသားတိုးလွှာ(Cambium)ဖြင့် ပိုင်းခြားထားပါသည်။ အသားတိုးလွှာနှင့်အနီးဆုံးအလွှာတွင် အခေါက်နုတည်ရှိပြီး(sieve tube)နှင့် အစေးကြောငယ်(laticifers)များ တလှည့်စီ ဖြစ်ပေါ်ပြီး အခေါက်နုတွင် အစာများ သိုလှောင်ထားပြီး၊ အစေးကြောငယ်များတွင် အစေးများကို သိုလှောင်ထားသည်။ 

အခေါက်မာအပိုင်းတွင် အခေါက်နုနှင့် အစေးကြောငယ်များ ပါဝင်သည်။ သို့သော် အသားတိုးလွှာ မှဝေးကွာသွားသည့် အလျှောက် ယင်းတို့၏ လုပ်ငန်းစဉ်များ စနစ်တကျဆောင်ရွက်နိုင်ခြင်း မရှိပါ။ အခေါက်ကြမ်းတွင် အသားတိုးလွှာ ပါရှိပါသည်။ သစ်သားနှင့် ကပ်လျက် အသားတိုး အလွှာမှာ ဆဲလ်တစ်ထပ် အလွှာဖြစ်ပြီး ကြီးထွားမှု ဖြစ်စဉ်တွင် အတွင်းဘက်သို့ သစ်သားဆဲလ်(Wood) ထုတ်ပေးပြီး အပြင်ဘက်သို့ အခေါက်ဆဲလ်သစ် ထုတ်ပေးသည်။ အသားတိုးလွှာ ထိခိုက် ပျက်စီးပါက ကြီးထွားမှုရပ်ကာ အခေါက်သစ် ပြန်မဖြစ်တော့ပဲ ချိုင့်ခွက်များ ဖြစ်လာပါသည်။

(ဇ) အစေးဖြစ်ပေါ်လာပုံ

အစေးကြောများ(Laticifer)သည် အသားတိုးလွှာမှသင့်တင့်သော အကွာတွင် တစ်နှစ်လျှင် ဗဟိုတူ စက်ဝိုင်းပုံကွင်း ပျမ်းမျှအားဖြင့်၁.၅-၂.၅ ဖြစ်ပေါ်လာပါသည်။ အစေးကြောများကို အသားတိုးလွှာမှ ကာလခြား၍ ထုတ်ပေးပါသည်။ အစေးကြောများသည် အထပ်လိုက် ကွင်းများ အနေဖြင့် ပင်စည်ကို ရစ်ပတ်ထားပါသည်။ ကွင်းအတွင်းရှိ အစေးကြောများမှာ ယှက်စပ်နေသော်လည်း အခြားကွင်းများမှ အစေးကြောများနှင့် ဆက်စပ်မှု မရှိပါ။

ရော်ဘာပင် မျိုးအလိုက် အစေးပြွန်ကွင်းများ ၂ဒီဂရီမှ ၇ဒီဂရီစောင်း၍ ဘယ်နိမ့်ညာမြင့် ရစ်ပတ်နေသည်။ အစေးကြော ကွင်းများ၏ ၄၀%သည် အသားတိုးလွှာနှင့် ၁ မီလီမီတာ အကွာ အတွင်း တည်ရှိပါသည်။ အစေးလှီးသည့်အခါ ဘယ်မြင့်ညာနိမ့် ၃၀ဒီဂရီမှ၃၅ ဒီဂရီစောင်း၍ လှီးပါက အစေးထွက်နှုန်း များများ ရရှိနိုင်ပါသည်။

နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေး ဌာန (မော်လမြိုင်)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်