ဒီရေတောတွေသာမရှိတော့ရင်..

16/11/2023 16:00 PM တွင် Worldview International Foundation - WIF Worldview International Foundation - WIF မှ ရေးသား ပြီး Worldview International Foundation Worldview International Foundation မှ ပေးပို့ထားပါသည်။

မိမိတို့ကျေးရွာပတ်ဝန်းကျင်မှာ ဒီရေတောတွေပေါက်ရောက်နေတာတွေ့ရင် အဲဒီ့ ဒီရေတောတွေကိုထိန်းသိမ်းဖို့ သင့်မှာတာဝန်ရှိသွားပါပြီ။ 

ဒီရေတောတွေရှိတဲ့နေရာမှာ နေထိုင်ရခြင်းဟာ အဖိုးမဖြတ်နိုင်တဲ့သဘာဝအရင်းအမြစ်ကို ပိုင်ဆိုင်ထားရခြင်းပဲဖြစ်ပါတယ်။ ဒီရေတောဟာ ကမ်းရိုးတန်းဒေသတွေရဲ့ မုန်တိုင်းအန္တရာယ်ကာကွယ်ရေး၊ အစားအစာဖူလုံရေး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အစရှိတဲ့အကျိုးကျေးဇူးတွေကိုပေးနေတာဖြစ်ပါတယ်။

ဒီလိုကောင်းကျိုးများစွာကိုပေးတဲ့ ဒီရေတောတွေဟာ မြန်မာနိုင်ငံအတွင်းရဲ့ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်နဲ့ တနင်္သာရီကမ်းရိုးတန်းတွေမှာ အများအပြား ပေါက်ရောက်ကြပါတယ်။ ဒီရေတောပေါက်ရောက်တဲ့ ဒေသတွေဟာ သဘာဝသယံဇာတကပေးတဲ့ အကျိုးကျေးဇူးအပြင် ဒေသခံပြည်သူတွေကိုပါ လုပ်ငန်းစီးပွားဖြစ်ထွန်းစေတဲ့အထိ လက်တွေ့ခံစားရစေပါတယ်။ ဒါ့အပြင် ဒီရေတောရဲ့ အင်အားတွေကြောင့် မုန်တိုင်းတိုက်ခတ်တဲ့အခါ မုန်တိုင်းဒီရေဒဏ်၊ လေပြင်းတိုက်ခတ်ဒဏ်တွေကို ကြံ့ကြံ့ခံနိုင်တဲ့အပြင် ရေတိုက်စားမှု၊ မြေပြိုမှုတွေနဲ့ ရေငံဝင်ရောက်မှုတွေကိုပါ တားဆီးပေးနိုင်ပါတယ်။ ဒါ့ အပြင် ဒီရေတောတွေဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံးသော ရှုခင်းတွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ ကုန်းနေ၊ အိုင်စပ်နဲ့ အဏ္ဏဝါမျိုးစိတ်တွေအများအပြားနေထိုင်ကျက်စားရာနေရာလည်းဖြစ်ပြီး ငါး၊ ငှက်၊ ပင်လယ်မြက်၊ သန္တာကျောက်တန်းတွေအတွက်လည်း လိုအပ်တဲ့ အလှတန်ဆာတွေကို ဆင်မြန်းပေးနေတာဖြစ်ပါတယ်။

မိမိတို့ကျေးရွာမှာ ဒီရေတောတွေမရှိတော့ရင် အပေါ်မှာဖော်ပြခဲ့တဲ့ အကျိုးကျေးဇူးတွေအားလုံးဆုံးရှုံးရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝဘေးအန္တရာယ်တွေ၊ ကျန်းမာရေးဆိုင်ရာအကျိုးဆက်တွေနဲ့ လေထုညစ်ညမ်းမှုတွေကို ရင်ဆိုင်လာရနိုင်ပါတယ်။ 

ဥပမာတစ်ခုကိုပြောရရင် ၂၀၀၈ ခုနှစ် မေလအစောပိုင်းမှာ မြန်မာနိုင်ငံကိုဝင်ရောက်တိုက်ခတ်ခဲ့တဲ့ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဟာ ဒီရေတောပြုန်းတီးလို့ နောက်ဆက်တွဲခံစားရတဲ့အကျိုးဆက်တစ်ခုပဲဖြစ်ပါတယ်။ ဧရာဝတီတိုင်းကို နာဂစ်မုန်တိုင်းဝင်ရောက်တဲ့ အချိန် ဒီရေတောတွေ မရှိတဲ့ ဒေသတွေက လူသေဆုံးမှု၊ ပျက်စီးဆုံးရှုံးမှု ပိုများခဲ့ပြီး ဒီရေတောတွေ ရှိတဲ့နေရာမှာတော့ လူသေဆုံးမှု မရှိသလောက်၊ ပျက်စီးဆုံးရှုံးမှု နည်းခဲ့ပါတယ်။

တကယ်လို့များ ဒီရေတောပင်တွေပေါက်နေကျနေရာမှာ မပေါက်တော့ဘူး။ ပြုန်းတီးသွားပြီဆိုရင်တော့ အဲဒီဒေသမှာနေထိုင်သူတွေဟာ ပင်လယ်ကဖြစ်ပေါ်လာမယ့် လေနဲ့လှိုင်းဒဏ်ကိုတိုက်ရိုက်ထိတွေ့ခံစားရပြီးတော့ လူနေအိမ်နဲ့ စိုက်ပျိုးပင်တွေ ပျက်စီးဆုံးရှုံးခြင်းနဲ့ ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။ ဒီရေတောဟာ စားနပ်ရိက္ခာဖူလုံဖို့အတွက် လိုအပ်ပြီး မုန်တိုင်းအန္တရာယ်ကာကွယ်ဖို့အတွက်လည်းလိုအပ်ပါတယ်။ ဒီရေ တောမရှိရင် အစာကွင်းဆက် (Food Chain) ပြတ်သွားနိုင်ပြီး အစာကွင်းဆက် မရှိရင် ငါးဖမ်းလို့လည်းရတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် မိမိတို့ရပ်ရွာဒေသမှာ သဘာဝကပေးထားတဲ့ ဒီရေတောအမွေအနှစ်တွေရှိရင် မိမိနဲ့ မိမိတို့ရဲ့ပတ်ဝန်းကျင်က အဓိကအကျိုးခံစားခွင့်ရရှိမှာဖြစ်ပါတယ်။ ဒီရေတောတွေကိုခုတ်ယူ၊ ထုတ်ယူအသုံးပြုဖို့ထက် ထိန်းသိမ်းကာကွယ်ခြင်းပြုလုပ်ပြီးရေရှည်အကျိုးကျေးဇူးကိုရယူကြပါစို့။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်