နာလန်မထူနိုင်သူတို့၏ စိုက်ပျိုးရေးတာအဖွင့်

17/05/2018 11:41 AM တွင် သိန်းစိုးမင်း သိန်းစိုးမင်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင်စား ခေါ်ဝေါ်လေ့ရှိသည့် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်တွင် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ရက်ကပင် မိုးနံ့သင်းခဲ့သည်။ ဆီထွက်သီးနှံဖြစ်သည့် မြေပဲနှင့် နှမ်းကို အဓိက စိုက်ပျိုးလေ့ ရှိသည့် မကွေးတိုင်းဒေသကြီး အတွင်း မြို့နယ်အချို့တွင် မိုးနံ့မသင်းသည့်တိုင် နှစ်စဉ် ဧပြီလကုန်ပိုင်းရောက်သည်နှင့် မိုးကြိုကြဲအဖြစ် မြေပဲနှင့် နှမ်းများကို စိုက်ပျိုးလေ့ရှိကြသည်။

ယခုနှစ်တွင် သင်္ကြန်ပြီးစကာလမှစ၍ မကွေးမြို့နယ်အတွင်း မြေပဲနှင့် နှမ်းများကို မိုးကြိုစိုက်ပျိုးသည့်နည်းဖြင့် စိုက်ပျိုးခဲ့ကြသည်။ မေလဆန်းပိုင်းတွင် မိုးသက်လေပြင်းများနှင့်အတူ မကွေးတိုင်းအတွင်း မြို့နယ်အချို့တွင် မိုးရွာသွန်းမူများ ရှိခဲ့သောကြောင့် ပုံမှန်မိုးဦးကျအဖြစ် သီးနှံများ စတင်စိုက်ပျိုးခဲ့ကြသည်။ ယင်းသို့ မိုးကြိုရာသီ စိုက်ပျိုးရေးလုပ်ငန်းများ စတင်လာသည်နှင့် အစဉ်အလာတစ်ခုကဲ့သို့ မြင်တွေ့ကြားသိနေရသည်မှာ မျိုစေ့မျိုးဆန်ဖိုး စျေးကြီးမြင့်မှု၊ လုပ်သားနှင့် ခိုင်းနွားမလုံလောက်မှု၊ တောင်သူများ မျှော်မှန်းသကဲ့သို့ ရာသီဉတုပုံမှန် မဖြစ်မှုတို့ပင် ဖြစ်သည်။

အဆိုပါအသံများကို နှစ်စဉ်နီးပါး ကြားနေရသည်သာမက သီးနှံရိတ်သိမ်းချိန်တွင်လည်း လုပ်သားနှင့် နွားရှဉ်းများ စျေးကြီးမှု၊ သီးနှံထွက်နူန်းလျော့ကျမှု၊ ရာသီပေါ်သီးနှံ စျေးမကောင်းမှုတို့ကလည်း ပုံမှန်ဖြစ်ပေါ်လေ့ ရှိကြသည်။ ယင်းသို့ အခြေအနေများကို ဆယ်စုနှစ်တစ်ခုကျော်ကြာ ရင်ဆိုင်ဖြတ်သန်းလာခဲ့ရသော်လည်း တောင်သူများအနေဖြင့် မိုးရိပ်ဆင်လာသည်နှင့် ထွန်ရေးပြင်ကြရသည်။ မိုးပေါက်ကျသည်နှင့် မျိုးစေ့ချကြရသည်။ တွက်ခြေမကိုက်သော်လည်း စိုက်ပျိုးရေးသံသရာထဲတွင်သာ တဝဲလည်လည် ဖြတ်သန်းကြရသည်။ ဘိုးဘွားအစဉ်အဆက် ယာမြေများကို ထွန်ယက်၍ သီးနှံစိုက်ပျိုးလာသူများ ဖြစ်သည့်အပြင် အခြားအလုပ်အကိုင် အခွင့်အလမ်းများလည်း မရှိကြသောကြောင့် နှစ်စဉ်နီးပါး အရှုံးဖြင့်သာ နပန်းလုံးရသော်လည်း စိုက်ပျိုးရေးကို မစွန့်ပယ်နိုင်ဘဲ ဖက်တွယ်ထားကြရသည်။ 

မကွေးတိုင်းအတွင်း တောင်သူများတွင် ‘တစ်မိုးကောင်းတစ်ချောင်းစီး’ ဟူသည့် စကားဖြင့် မျှော်လင့်ချက် ထားလေ့ရှိကြသည်။ ထိုစကားသည် စိုက်ပျိုးရေးလုပ်ငန်းတွင် သုံးနှစ်လျှင် တစ်နှစ်စာ ရာသီဉတု ကိုက်ညီပါက အရင်းကြေသည့်အပြင် အမြတ်ပါရသည်။ သုံးနှစ်တွင် တစ်နှစ်တာ သီးနှံအထွက်ကောင်းလျှင် တောင်သူများအတွက် တွက်ခြေကိုက်သည်ဟု အဓိပ္ပာယ်ရသည်။ သို့သော် မိုးမျှော်ချိန်တွင် မိုးပြတ် သွားခြင်းကြောင့်  သီးနှံပင်များ အသီးအဆန်မထည့်နိုင်မှု၊ သီးနှံရိတ်သိမ်းချိန်တွင် အခါမဲ့ မိုးရွာသွန်းခြင်းကြောင့် ရိတ်သိမ်းလက်စသီးနှံများ လေလွင့်ဆုံးရှုံးရမှုတို့က နှစ်စဉ်ဖြစ်ပေါ်လာသည်နှင့်အမျှ တောင်သူများနှင့် အသားကျသကဲ့သို့ပင် ရှိနေပြီဖြစ်သည်။

‘ကျေးရွာတွေက နှစ်တိုင်းရှုံးနေတာကို ဘာကြောင့်စိုက်ပျိုးရေးတွေ ဆက်လုပ်နေလဲဆို သူတို့မှာ ဒီစိုက်ပျိုးမြေတွေကလွဲလို့ ကျန်တာလည်း လုပ်စရာမရှိကြဘူလေ။ စိုက်ကြပျိုးကြတယ်ဆိုတာလည်း ဘိုးဘွားအစဉ်အဆက်ကတည်းက သမားရိုးကျနည်းတွေ အတိုင်းပဲ။ တကယ်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဖောက်ပြန်နေတဲ့ ရာသီဉတုကို  ခံနိုင်ရည်ရှိမယ့် ရာသီအလိုက် စိုက်ပျိုးရေးကို အထောက်အကူ ဖြစ်နိုင်မယ့်နည်းပညာတွေ ကူညီထောက်ပံ့ပေးနိုင်ဖို့ လိုပါတယ်။ ဒီလိုမှ စီမံချက်ချပြီး မကုစားနိုင်ရင် လုံးပါးပါးလိုက်နေတဲ့ တောင်သူတွေရဲ့ အနာဂတ်က အတော်စိုးရိမ်ဖို့ ကောင်းပါတယ်။ ’ ဟု ရေနံချောင်းမြို့မှ ဒေသခံတစ်ဉီးက ပြောကြားသည်။

ထိုသူပြောပြသကဲ့သို့ တောင်သူများ၏ အနာဂတ်က စိုးရိမ်ရသည်ဆိုခြင်းထက် လက်တွေ့တွင်ပင် တောင်သူများ၏ဘဝက စိုးရိမ်ရသည့် အခြေအနေသို့ ဆိုက်ရောက်နေသည်ဟု ထင်မြင်မိသည်။  ခိုင်းနွားတစ်ကောင်လျှင် ကျပ် ၁၀ သိန်းဝန်းကျင်၊ လှည်းနှင့် လယ်ယာသုံး ကိရိယာများအတွက်က ကျပ် ၁၀ သိန်းခန့်၊ သီးနှံ စိုက်ပျိုးသည့်ယာမြေများ၏ ကာလတန်ဖိုးများ စုစုပေါင်းကြည့်လျှင် တောင်သူတစ်ဉီး၏ ပင်မ ရင်းနှီးထားရသည့် ပမာဏသည်ပင် ကျပ်သိန်း ၁၀၀ ခန့် အနည်းဆုံးရှိသည်။ ယာမြေဧက ၅၀ ခန့် ပိုင်ဆိုင်သည့် တောင်သူတစ်ဉီးအတွက်ဆို လျှင် ပင်မရင်းနှီးထားရသည့် ပမာဏကပင် ကျပ်သိန်း ၅၀၀ ကျော်ရှိမည် ဖြစ်သည်။

ထိုငွေကြေးပမာဏများကို စျေးတွက်တွက်ကြည့်လျှင် တစ်လစာချင်းအတွက် အတိုးနူန်းကပင် မနည်းရှိမည်ဖြစ်သည်။ တောင်သူအများစုက ထိုသို့ပင် မရင်းနှီးထားရသည်များနှင့် ၎င်းတို့၏ ကိုယ်ပိုင်လုပ်အားခများ ထည့်မတွက်ပါနှင့် မျိုစေ့ဖိုး၊ ထွန်ရှဉ်းခ၊ ဌားသုံးရသည့် လုပ်အားခများနှင့်ပင် တွက်ခြေမကိုက်မှုကို နှစ်စဉ်နီးပါး ကြုံတွေ့နေပြီဖြစ်သည်။ 

‘အရင်နှစ်က ပဲစင်းငုံတစ်တင်းကို ကျပ် ၁၀၀၀၀ အောက်ထိ စံချိန်တင်ဆင်းသွားတော့ ကျေးရွာအများစုမှာ တောင်သူတွေက ပဲစင်းငုံကို လုံးဝ မရိတ်သိမ်းဘဲ လွှတ်ထားလိုက်ကြတာတွေ အထိ ဖြစ်ခဲ့တယ်။ တစ်တင်းလုံးရောင်းမှ ရမယ့်ငွေက အဲဒီတစ်တင်းစာအတွက် ခုတ်သိမ်းရမည့် လုပ်အားခလောက် ဖြစ်နေတော့ ထပ်အရှုံးမခံတော့တာပါ။ ပဲစင်းငုံက အဆိုးဆုံးဖြစ်ခဲ့တယ်ဆိုပေမယ့် မြေပဲနဲ့နှမ်းတွေလည်း သိပ်မထူးပါဘူး။ အရင်နှစ်က မြေပဲတွေ ထွက်နူန်းကောင်းတယ် ဆိုပေမယ့် သူတို့ရောင်းရတဲ့စျေးနဲ့ ကုန်ကျစာရိတ်တွေ အကုန်တွက်ကြည့်ရင် သူတို့ကိုယ်ပိုင် လုပ်အားခတွေတောင် ရှုံးပါသေးတယ်’ ဟု မကွေးမြို့မှ ပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ယခင်နှစ်က မကွေးတိုင်းအတွင်း မြို့နယ်အများစုတွင် မြေပဲအထွက်နူန်းများ ကောင်းသည့် အခြေအနေ ရှိခဲ့သော်လည်း မြေပဲအတောင့်တစ်တင်းလျှင် ကျပ် ၁၀၀၀၀ ခန့် စျေးရရှိချိန်တွင် မြေပဲခူးဆွတ်ခက တစ်တင်းလျှင် ကျပ် ၁၅၀၀ ရှိခဲ့သည်။ ထိုသို့ တစ်တင်းလျှင် ကျပ် ၁၅၀၀ ခူးဆွတ်ခပေးသည်ကိုပင် လုပ်သားလုံလောက်စွာ မရရှိမှုကြောင့် မြေပဲပင်များကို ယာခင်းမှ နုတ်၍ ရွာထဲသို့ သယ်ယူကာ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများပါ ခူးဆွတ်ပေးကြရသည်။ ထိုအခြေအနေများ ဖြစ်ပေါ်လာခဲ့သည်မှာလည်း သုံးနှစ်ခန့်ရှိခဲ့ပြီဖြစ်သည်။

‘ရာသီဉတုတွေကလည်း မှန်းမရ။ တကယ်စိုက်ရက်ပျိုးရက်ဆို လူကလည်း ခေါ်ချင်တိုင်း  ခေါ်လို့မရဆိုတော့မြေပဲဆိုရင် သက်ရင့် (ပင်ပြန့်) မြေပဲကို ကြဲသူတွေနည်းလာတယ်။ သက်နု (ပင်ထောင်) မြေပဲတွေကိုပဲ စိုက်သူများလာတယ်။  ပင်ထောင်ကို စိုက်တာလည်း မိုးဉီးကျကျချင်း တန်းစိုက်တာမဟုတ်ဘဲ မိုးလယ်ပိုင်းလောက် မရောက်တရောက်မှ ဝါဆိုပဲဆို စိုက်ကြတယ်။  အဓိက လုပ်သားချောင်မယ့် အချိန်ကိုကိုက်ပြီး စိုက်ပျိုးလာကြတာပါ။ လုပ်သားတွေ ခက်ခဲလွန်းတော့ ယာမြေများများ ပိုင်တဲ့ တောင်သူတွေက် သူတို့ယာမြေအပြည့် သီးနှံစိုက်ရမှာကို ကြောက်လာကြတယ်။ လုပ်အားခတွေက စျေးကြီးလွန်းတော့ သီးနှံပေါ်ချိန်ဆို ယာပိုင်ရှင်နဲ့ ကူလီနဲ့က တစ်ယောက်တစ်ဝက် ယူကြရသလို ဖြစ်လာပါတယ်။’ ဟု ရေနံချောင်းမြို့နယ် ဉသျှစ်ကုန်းကျေးရွာမှ တောင်သူ ဦးဘိုလွင်က ပြောကြားသည်။

ယခင်နှစ် မိုးဦးကျရာသီက စမုန်နက်နှမ်းများကို ဂျပန်နိုင်ငံမှ ဝယ်ယူမည့် အခြေအနေများရှိခဲ့ပြီး မကွေးတိုင်းအတွင်းအထိ ကွင်းဆင်းလေ့လာမှုများ ရှိခဲ့သည်။ သို့သော် အမှန်တကယ် သီးနှံပေါ်ချိန်တွင် ဂျပန်နိုင်ငံမှ ဝယ်ယူလိုသည့် အခြေအနေထက် နှမ်းများတွင် ဓာတု ဓာတ်ကြွင်းများ ပါဝင်နေသည်ဟု ဆိုကာ မှန်းချက်နှင့် နှမ်းထွက် မကိုက်ညီဖြစ်ခဲ့ရသည်။

မည်သို့ပင် တွက်ခြေမကိုက်မှုများ၊ အရှုံးပေါ်မှုများ ရင်ဆိုင်နေရသည်ဖြစ်စေ ဘိုးဘွားစဉ်ဆက်မှ စ၍ ယာမြေများကိုသာ ထွန်ယက်စိုက်ပျိုး လာကြသူများက မိုးကြိုရာသီကပင် သီးနှံစိုက်ပျိုးရေးများ စနေကြပြီ ဖြစ်သည်။ ‘တစ်မိုးကောင်း တစ်ချောင်းစီး’ ကိုမျှော်၍ စိုက်ပျိုးကြရင်း ရာသီဉတု ဖောက်ပြန်မှု သီးနှံစျေးကွက် မတည်ငြိမ်မှုများကိုသာ အသီးအပွင့် အဖြစ်မြင်တွေ့ခွင့်ရနေသည့် တောင်သူများက ၂၀၁၈ ခုနှစ် စိုက်ပျိုးရာသီကို မျှော်လင်ချက်ကိုယ်စီဖြင့်  တာစဖွင့်နေကြပြီဖြစ်သည်။ 

Eleven Media


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်