အဖြူရောင်၊ အပြာရောင်နှင့် အစိမ်းရောင်စိုက်ပျိုးရေး
လူသားတို့ စိုက်ပျိုးရေးစတင်လုပ်ဆောင်ခဲ့စဉ်မှ လွန်ခဲ့သည့်နှစ် (၁၀၀) အထိ ကြွက်သားများကိုသာ အသုံးပြု၍ လုပ်ဆောင်ခဲ့ကြသည်။ ဓာတုဗေဒနှင့် စိုက်ပျိုးရေးသိပ္ပံ ပညာရပ်များ တိုးတက်ထွန်းကားလာသောအချိန်တွင် စိုက်ပျိုးရေးလုပ်ငန်း တိုးတက်တစ်ခေတ်ပြောင်းခဲ့သည်။ စိုက်ပျိုးရေးသုတေသီပညာရှင်များ၏ လေ့လာတွေ့ရှိချက်များက စိုက်ပျိုးရေးလုပ်ငန်းကို များစွာအကျိုးဖြစ်ထွန်းစေခဲ့သည်။ စက်မှုခေတ်မှ သိပ္ပံနှင့်နည်းပညာခေတ်တွင် စိုက်ပျိုးရေးလုပ်ငန်းအတွင်း ပညာရှင်များ၏ အခန်းကဏ္ဍက ပိုကြီးမား တွင်ကျယ်ခဲ့သည်။ အမျှော်အမြင်ရှိသော တိုင်းပြည်များက စိုက်ပျိုးရေးသုတေသနလုပ်ငန်းများတွင် အလေးထားရင်းနှီးမြှုပ်နှံခဲ့ကြသည်။ ပညာရှင်များ၏ ဓာတ်ခွဲခန်းအတွင်းမှ တွေ့ရှိချက်များကို စိုက်ခင်းများသို့ ပို့ဆောင်ခဲ့သည်။ ထိုမျှသာမက စိုက်ခင်းများမှ လိုအပ်ချက်များ ဖြေရှင်းရမည့်ပြဿနာများကိုလည်း ဓာတ်ခွဲခန်းများဆီသို့ တင်ပြကြရသည်။ ဤသို့ ပညာရှင်များနှင့် စိုက်ပျိုးသူများအကြား အပြန်အလှန်ဆက်ဆံခြင်းများကို From Lab to Land and From Land to Lab ဆက်ဆံရေးမျိုးဟု ထင်ရှားသည်။ ယနေ့ စိုက်ပျိုးရေးလုပ်ငန်းရှင်များသည် ရှေးယခင်ကာလများနှင့် မတူတော့ဘဲ ပို၍တာ၀န်ကြီးလာသည်။ နက်နဲကျယ်ပြန့်မှုလည်း ပိုလာသည်။ ထို့ကြောင့် ဤကိစ္စမျိုးကို လုပ်ကိုင်ရာတွင် စိုက်ပျိုးသူများ သက်သက်နှင့် မပြည့်စုံနိုင်တော့ ပညာရှင်များ၏ ပါဝင်မှု မလွဲမသွေလိုအပ်သည်။ ယခုအချိန်တွင် သိပ္ပံဆိုင်ရာပံ့ပိုးမှုမရှိဘဲ စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်စွာလုပ်ကိုင်နိုင်မည် မဟုတ်ပါ။ ဓာတ်ခွဲခန်းများမှ သိပ္ပံပညာရှင်များ၏ လုပ်ငန်းခွင်ဝတ်ရုံအဖြူများကို ရည်ညွှန်း၍ အဖြူရောင်စိုက်ပျိုးရေး White Agriculture ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည်။
မျက်မှောက်ခေတ်ကာလ စိုက်ပျိုးရေးကို လုပ်ဆောင်ရာတွင် စိုက်ခင်းများတွင်သာမက မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ကန်များအတွင်း စိုက်ပျိုးမွေးမြူခြင်းအပြင် လေထုထဲသို့ပင် မတ်တပ်စင်များ တည်ဆောက်စိုက်ပျိုးနေကြပြီးဖြစ်သည်။ ရေထဲတွင် ကန်စွန်း၊ ရေကညွတ်၊ ကြာမှအစ ရေမှော်ပင်များအထိပင် စိုက်ပျိုးကြသကဲ့သို့ ငါး၊ ပုဇွန်၊ လိပ်၊ ငါးရှဉ့် စသည်များကိုလည်း မွေးမြူကြပေသည်။ ဤသို့ ရေထုအမျိုးတွင် အပင်နှင့် တိရစ္ဆာန်အမျိုးမျိုး မွေးမြူခြင်းကို ရေတွင်စိုက်ပျိုးရေး Aquaculture ဟုခေါ်သည်။ စိုက်ပျိုးရေးကို သီးနှံတစ်မျိုးတည်း စိုက်ပျိုးလုပ်ကိုင်ခြင်းထက် သီးနှံအမျိုးမျိုးအပြင် အခြားစနစ်ခွဲများဖြင့် ပူးတွဲစိုက်ပျိုးလုပ်ကိုင်ခြင်းကို ပူးတွဲဆက်နွယ် စိုက်ပျိုးရေးစနစ် Integrated Farming System ဟု ခေါ်သည်။ မရေရာသော စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ရာတွင် မမျှော်လင့်သော အခက်အခဲများ Risk နှင့် ကြုံရတတ်ပေသည်။ လုပ်ငန်းတစ်ခုတည်း ပြုလုပ်ပါက အကြောင်းတစ်ခုကြောင့် ထိုလုပ်ငန်းထိခိုက်သွားပါက စိုက်ပျိုးရေးအနေနှင့် ကျားကန်ပေးမည့် အခြေအနေမရှိဘဲ ပြိုကျသွားနိုင်ပေသည်။ ဆက်၍ ထိုအဖြစ်မျိုး နှစ်အနည်းငယ်အတွင်း ဆက်တိုက်ကြုံတွေ့ရပါက ဘ၀ပင်ပျက်သွားနိုင်ပါသည်။
ပူးတွဲဆက်နွယ် စိုက်ပျိုးရေးစနစ်တွင် စနစ် (၄) မျိုး ရှိသည်။ ယင်းတို့မှာ-
(၁) ရေတွင် စိုက်ပျိုးမွေးမြူခြင်း Aquaculture
(၂) စိုက်ပျိုးမြေအတွင်း သစ်ပင်နှင့် ခြုံပင်များ စိုက်ပျိုးခြင်း Agroforestry
(၃) သီးနှံစိုက်ပျိုးရေး Crop Husbandry
(၄) တိရစ္ဆာန်မွေးမြူရေး Animal Husbandry တို့ ဖြစ်သည်။
ဤစနစ်ခွဲတစ်မျိုးမှ အပိုပစ္စည်းအဖြစ် ထွက်လာသော ပစ္စည်းသည် Output ဖြစ်ပြီး အခြားစနစ်ခွဲတစ်ခုတွင် သွင်းအားစု Input ဖြစ်နိုင်ပါသည်။ ဥပမာ-ဟင်းသီးဟင်ရွက်စိုက်ခင်းမှ ရောင်းမရ စားမရသောပစ္စည်း Output များသည် ၀က်မွေးမြူရေးတွင် အစာဖြစ်နိုင်ပါသည်။ ၀က်များစွန့်သော မစင် Output များလည်း ငါးစာ၊ စိုက်ခင်းအတွက် မြေသြဇာ Input ဖြစ်နိုင်ပါသည်။ ထိုစနစ်ခွဲ (၄) ခုတွင် ရေတွင် စိုက်ပျိုးမွေးမြူရေးမှာ ဗဟိုဖြစ်သည်။ မိသားစုအတွက် တစ်နိုင်တစ်ပိုင်လုပ်ဆောင်ရာတွင် ဧကလိုက်ကျယ်သော ကန်များ မလိုအပ်ပါ။ (၁၀) ပေ ပတ်လည် ကန်တစ်ခုသည်ပင်လျှင် များစွာအကျိုးဖြစ်နိုင်ပါသည်။ ဤစနစ်ခွဲ (၄) ခုကို ပုံစံတကျ ဖော်ဆောင်လုပ်ကိုင်ပါက ပြင်ပမှ ငွေဖြင့်ဝယ်ယူရသော သွင်းအားစုများအတွက် ငွေကုန်ကျမှု သက်သာသွားမည် ဖြစ်သည်။ ဝန်းကျင်ပျက်ဆီးမှု၊ ထိခိုက်မှုလည်း လျှော့နည်းပြီး ရေရှည်လုပ်ကိုင်နိုင်သော စိုက်ပျိုးရေးစနစ်တစ်ခု ဖြစ်လာပါလိမ့်မည်။ ရေတွင် စိုက်ပျိုးမွေးမြူခြင်း သို့မဟုတ် ပူးတွဲဆက်နွယ်ပြုလုပ်ခြင်းကို ရေ၏အပြာရောင်ကို ရည်ညွှန်းပြီး အပြာရောင်စိုက်ပျိုးရေး Blue Agriculture ဟု ခေါ်ခြင်းဖြစ်သည်။
ဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေးသုံးဓာတုဆေးဝါးများကို အလွန်အကျွံအသုံးပြုခြင်းကြောင့် အပင်အပါအဝင် သက်ရှိလောက ထိခိုက်ရသည်။ စိုက်ခင်းများ ကာလတစ်ခုတွင် အစိမ်းရောင်လွင့်သောအဖြစ်သို့ ရောက်ကြရသည်။ ထိုသို့မဟုတ်ဘဲ စိုက်ပျိုးရေးသာမက လူ့ဝန်းကျင်တွင် ဇီဝလောကတစ်ခုလုံး ရှင်သန်ခြင်းကို ဖော်ညွှန်းသော အစိမ်းရောင်ကို အမှတ်ပြု၍ အစိမ်းရောင်စိုက်ပျိုးရေး Sustainable Agriculture ဖြစ်သည်။ ဤစိုက်ပျိုးရေးစနစ်ဖြင့် ထုတ်လုပ်သော နောက်ကုန်များကို အစိမ်းရောင်ထုတ်ကုန်များ Green Product အဖြစ် ဖော်ပြကြသည်။ စိုက်ပျိုးသူတစ်ဦးအနေနှင့် အဖြူရောင်၊ အပြာရောင်၊ အစိမ်းရောင် စိုက်ပျိုးရေးများကို ခံစားနားလည်သဘောပေါက်ခြင်းဖြင့် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းနိုင်မည် ဖြစ်ပါသည်။
ဦးဖရက်သိန်းဖေ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ခရမ်းချဥ်ပင်မှာဖြစ်တဲ့ နှောင်းပင်နာကျရောဂါ ၊ ခါးရိရောဂါ ၊ဒေါင်းနီးရွက်ခြောက် ၊ပင်စည်နက်ရောဂါ အတွက် ( Metalaxyl )မက်တယ်လက်စီ ကိုအခြားမည်သည့်ဆေးနဲ့မှ မရောစပ်ဘဲ တစ်မျိုးထဲ အသုံးပြုမယ်ဆိုရင် ဖြစ်လာမယ့်ရောဂါတွေကို ကာကွယ်ကုသနိုင်စွမ်းရှိမရှိသိချင်ပါတယ်ဗျာ။ နားလည်သိကျွမ်းတဲ့ ဆရာကြီးများ ကျေးဇူးပြုပြီး ကျနော့ကိုပြောပြပေးကြပါဗျာ ။
Kyaw Soe Naing • ဖြေကြားချက် 2 ခု
မြေပဲမစိုက်ခင် ဂျစ်ပဆင်ကိုဘယ်အချိန်ထည့်ရတာလည်းရှင့် မြေပဲစိုက်ပြီးမှထည့်ရင်အစိုဓာတ်မလုံလောက်မှာစိုးလို့ပါရှင့် ကျွန်မတို့ဒေသမှာမြေပဲကိုရေသွင်းလေ့မရှိလို့ပါ
Hnin Nu Wai • ဖြေကြားချက် 2 ခု
မာလာဝတီ ခရမ်းချဉ်မျိုးပါ အခုလိုပုံပါအတိုင်း အပွင့်ရဲ့အဆစ်ကနေဝါပြီးကြွေနေလို့ပါ
ရှိုင်းထက်အောင် • ဖြေကြားချက် 4 ခု
မြေ၁ဧကနဲ့ဒဿမ၈၀ဆိုရင် ထုံးအိတ်ခန့်မှန်းခြေဘယ်လောက်ထည့်ရလည်းရှင့်
Hnin Nu Wai • ဖြေကြားချက် 3 ခု
ရန်ကုန်နှင့်အနီးတစ်ဝှိက်မှာချယ်ရီခရမ်းချဉ်သီးစိုက်ပျိုးကြပါသလားရှင့်
Khaing Zin Thet • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from ဦးဖရက်သိန်းဖေ
အားလုံး