ငါးဖျံငါးလေးများ၏ ထူးခြားသော……သဘာဝများ

17/08/2020 11:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

        ငါးဖျံငါးလေးများမှာ တခြားငါးမျိုးစိတ်များကဲ့သို့ ရေထဲတွင်သာ နေထိုင်ကြသော ငါးများမဟုတ်ကြဘဲ ကုန်းနေရေနေငါး (amphibious fish) များဖြစ်ကြပါသည်။ မျိုးပေါင်းစု (Phylum) – Chordata , မျိုးရင်း (Family) – Gobiiformes အောက်တွင် ပါဝင်ကြပါသည်။ ကမ္ဘာပေါ်တွင် ငါးဖျံငါးမျိုးစိတ်ပေါင်း (၃၂) မျိုးခန့်ရှိကြသည်ကို မှတ်တမ်းများအရ သိရပါသည်။ ငါးဖျံငါးကို Mud Skipper ဟုလည်း လူသိများပါသည်။

      ငါးဖျံငါးကို မြိတ်ဒေသတွင် 'ပရစ်ပွေး(ခေါ်) ဘရစ်ပွေး' ဟု ခေါ်ကြသလို ရခိုင်ဒေသတွင်လည်း 'ငါးဒေါင်းပြောက်'ဟု ခေါ်ဆိုကြပြီး မွန်ပြည်နယ်အခေါ်မှာ 'ငါးဖျံ' ဖြစ်ပါသည်။ ငါးဖျံငါးမှာ ရွံ့နွံတွင် ပျော်မြူးခုန်ပေါက်တတ်ကြသော ငါးလေးများ ဖြစ်ပါသည်။ မြစ်ကမ်းနားတစ်လျှောက်တွင်လည်း တွင်းအောင်းတတ်ကြသည်။ ငါးဖျံငါးလေးများမှာ ဒီရေမရောက်သော ရွံ့မြေမာများတွင် နေထိုင်လေ့မရှိဘဲ ဒီရေရောက်သော ရွံ့မြေပျော့များတွင်သာ တွေ့ရများပါသည်။

       ချောင်းငယ်၊ မြောင်းငယ်များတွင် မျောပါနေသာ ဗုံလုံသီးနှင့် ဗုံလုံသီးပေါ်တွင် တက်ခိုနေသော ငါးဖျံတို့သည် သူတစ်ပြန် ငါတစ်ပြန် အထက်အောက် တစ်လှည့်စီဖြစ်နေပုံကို 'ဗုံလုံတလှည့်၊ ငါးဖျံတလှည့်' ဟူ၍ ဆိုကြပါသည်။ ထိုကား ငါးဖျံငါးလေးတို့၏ စကားပုံဖြစ်ပေသည်။

       ငါးဖျံငါးလေးများမှာ ရွံ့စေးမြေ၏ အဆီအနှစ်များ စားသုံးပြီး ပင်လယ်ဝမြစ်ကမ်းနားတစ်လျှောက်တွင်လည်း ပေါများစွာ တွေ့ရတတ်ပါသည်။ ရွံ့နွံတွင်း (၁)တွင်းလျှင် ငါးဖျံ()ကောင်သာ နေတတ်ကြပြီး ()ကောင်ပူးလျက် တွေ့ရသည်ရှိသော်ငြား ရှားပါးလှပါသည်။ ငါးဖျံများအစာရှာထွက်ပါက ရွံ့နွံတွင်းပေါ်သို့ တက်ရောက်ကာ ကမ်းခြေတစ်လျှောက် အစာရှာစားတတ်ကြပါသည်။ လူနဲ့တွေ့ပါက အလျင်အမြန် ခုန်ဆွခုန်ဆွ အမြန်ပြေး၍ တွင်းခေါင်းထဲသို့ ဝင်ရောက် ပုန်းခိုတတ်ကြသည်။ ငါးဖျံလေးတွေ ဘယ်လောက်ပုန်းပုန်း တံငါမုဆိုးတို့လက်က ပြေးမလွတ်ချေ။

       ငါးဖမ်းကိရိယာမပါဘဲ လက်၏ကျွမ်းကျင်မှုကို အသုံးပြုကာ ရွံ့နွံတွင်းများတွင် လက်နှိုက်၍ ငါးဖျံငါးလေးများကို တံငါမုဆိုးတို့ ဖမ်းဆီးကြပါသည်။ ရေထရက်၊ ရေကြီးရက်များ၏ ရေစစ်ချိန်တွင် ငါးဖျံများကို များပြားစွာ ဖမ်းဆီးရမိတတ်ကြသည်။ ကုန်းနေရေနေငါးဖြစ်သောကြောင့် ရေထဲတွင် ပါးဟက်ဖြင့် အသက်ရှူကာ ကုန်းပေါ်တွင် အရေပြားမှ တဆင့် လေထဲက အောက်ဆီဂျင်ကို စုပ်ယူပြီး သွေးထဲသို့ ပို့ပေးပါသည်။

       ဒေသတစ်ခုမှ တစ်ခုသို့ ငါးဖျံငါးလေးများကို သယ်ဆောင်မည်ဆိုပါက ရွံ့နောက်ရေနှင့် သယ်သွားပါက ပိုမိုမြူးကြွကာ ရှင်သန်မှု ပိုကောင်းပါသည်။ ငါးဖျံငါးလေးများကို ဒေသတွင်းအစားအစာအနေဖြင့် ဒေသခံများ အထူးနှစ်ခြိုက်ကြပါသည်။ လူကြိုက်များသည့် ငါးဖျံငါးလေးအိုးကပ်ဟင်းတွင် ပင်စိမ်းလေးဖြူးပြီး ချက်ပါက လျှာရင်းမြက်စေမည့် အရသာထူးဖွယ် ငါးလေးဟင်းတမည်ကို ရရှိပေမည်။

       ထိုသာမက ငါးဖျံငါးကို အခြောက်လှမ်းပြီး ကြော်စားခြင်း၊ မီးဖုတ်စားခြင်းသည်လည်း အရသာအလွန်ချိုပါသည်။ ထူးခြားချက်မှာ ငါးဖျံလေးများသည် ရွံ့စေးမြေ၏ အဆီအနှစ်ကို စားသုံးကြသောကြောင့် သူ့အဆီမှာ အကြောအားတိုးစေသည်ဟု သိရပါသည်။ ငါးဖျံလေးများမှာ သူတို့၏ အစာအဖြစ် ရွံ့စေးမြေ၏အဆီနှစ်ကို အဓိကစားကြပြီး ပုစွန်ငယ်၊ အင်းဆက်နှင့် တီကောင်တို့ကိုလည်း စားလေ့ရှိကြပါသည်။

        ငါးဖမ်းကိရိယာမပါဘဲ လက်၏ကျွမ်းကျင်မှုဖြင့် ဖမ်းလို့ရပြီး ဒေသ၏အားထားရသည့် လူကြိုက်များသောငါးတစ်မျိုးဖြစ်သောကြောင့် ရွံ့စေးမြေရှိနေသရွေ့ ငါးဖျံငါးလေးများမှာလည်း ဒေသတွင်း ပေါများနေဦးမည်မှာ အမှန်ပင်ဖြစ်ပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်