သစ်တောပုံတူစိုက်ခင်းထူထောင်ခြင်း (Analog Forestry)ဆိုတာ ဘယ်အပင်ကို ဘယ်နားမှာ ဘယ်လိုစိုက်ရမယ်ဆိုပြီး အသေးစိတ်လိုက်နာဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ် (Procedure)မဟုတ်ပါဘူး။ အခြေအနေနဲ့ လိုက်လျောညီထွေမှုရှိအောင် ကိုယ်ပိုင်ဟန်နဲ့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မိမိတစ်ဦးတည်းအနေနဲ့ပဲဖြစ်ဖြစ်၊ အစုအဖွဲ့လိုက် စုပေါင်းပြီးတော့ပဲဖြစ်ဖြစ်၊ Analog Forestryကို ဘယ်လိုပုံစံမျိုးနဲ့ အကောင်အထည်ဖော်မလဲဆိုတာကို ကိုယ်တိုင်ဆုံးဖြတ်လုပ်ကိုင်ကြရတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Analog Forestryရဲ့ အခြေခံသဘောတရား ၁၂ချက် ထဲမှာ “ကြုံတွေ့လာသမျှ ဖန်တီးနိုင်စွမ်းရှိစွာ ရင်ဆိုင်ဖြေရှင်းခြင်း (Respond creatively)” ဆိုတဲ့ သဘောတရား တစ်ခု ပါဝင်နေတာပဲ ဖြစ်ပါတယ်။
အဲဒီလို ကိုယ်ပိုင်ဟန်နဲ့ ဆောင်ရွက်ရာမှာ ဇီဝမျိုးကွဲစုံလင်မှုကိုမြှင့်တင်ပြီး ဂေဟစနစ်ကို ပြန်လည်အသက်သွင်းနိုင်ဖို့ဆိုတဲ့ မူလရည်ရွယ်ချက် အောင်မြင်ဖို့ လိုအပ်သလို စီးပွားရေးအရလည်း အကျိုးအမြတ်ရှိနိုင်ဖို့ လိုအပ်တယ်လို့ ယူဆမိပါတယ်။ သီရိလင်္ကာနိုင်ငံကို သစ်တောပုံတူစိုက်ခင်းထူထောင်ခြင်းနဲ့ ပတ်သက်ပြီး လေ့လာရေးခရီးသွားရောက်ရာမှာ သွားရောက်လေ့လာခွင့်ရရှိခဲ့တဲ့ လက်ဖက်အခြေခံ သစ်တောပုံတူစိုက်ခင်းတွေအားလုံးမှာ မတူညီတဲ့ ကိုယ်ပိုင်ဟန်ဖန်တီးမှုတွေ ဆောင်ရွက်ထားကြတာကို သတိပြုမိခဲ့ပါတယ်။
ဥပမာအားဖြင့် Kaley Tea Estate ဟာ လက်ဖက်ခင်းကြားထဲမှာ စိုက်ပျိုးထားတဲ့ မြေပြန့်ချယ်ရီကို နွားစာအဖြစ် အသုံးပြုပြီး နွားခြံကထွက်ရှိတဲ့ နွားချေးရည် လက်ဖက်ပင်အတွက် မြေဩဇာအရည်အဖြစ် ပြုပြင်ထုတ်လုပ်သုံးစွဲပါတယ်။ ဒီအကြောင်းကို Analog Forestry နှင့် သွင်းအားစုလျှော့ချသုံးစွဲရေး ဆောင်းပါးမှာ ဆွေးနွေးတင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ဟယ်လ်ဒူမူလာ (Haldummulla) ဆိုတဲ့ လက်ဖက်ခြံမှာတော့ နွားချေးကို မြေဩဇာအရည်အဖြစ် အသုံးပြုတဲ့အပြင် နွားချေးကနေ သဘာဝမြေဆွေး (Compost)ထုတ်လုပ်ပြီး စိုက်ခင်းတွေထဲမှာ အသုံးပြုခြင်းအားဖြင့် မြေဆီလွှာပြုပြင်ရေးကို ဆောင်ရွက်ပါတယ်။ ဒါပေမဲ့ အမ်ဘာ(AMBA Estate) ကတော့ ကွဲပြားခြားနားတဲ့ ပုံစံနဲ့ ဆောင်ရွက်ထားပါတယ်။ စိတ်ဝင်စားစရာမို့ မျှဝေတင်ပြပါရစေ။
လုပ်ငန်းစုံတဲ့ အမ်ဘာ
အမ်ဘာဟာ လက်ဖက်အဓိကထားတဲ့ သစ်တောပုံတူစိုက်ခင်းကို ခရီးသွားလုပ်ငန်းနဲ့ ပေါင်းစပ်ထားတာကို တွေ့ရပါတယ်။ အမ်ဘာကို လာရောက်လည်ပတ်သူတွေဟာ လက်ဖက်ခင်းတွေကြားမှာ လက်ဖက်စိုက်ပျိုးရေးနဲ့ လက်ဖက်ထုတ်လုပ်ပုံတွေကို လေ့လာနိုင်သလို သစ်တောပုံတူစိုက်ခင်းအကြောင်းကိုလည်း လေ့လာနိုင်ပါတယ်။ ဒါ့အပြင် လာရောက်လည်ပတ်သူတွေအတွက် တည်းခိုခန်းလည်း ရှိပြန်ပါတယ်။ လည်ပတ်ရင်း တည်းခိုရင်း အမ်ဘာရဲ့ လက်ဖက်ခြောက်ထွက်ကုန်တွေကို အရသာ မြည်းစမ်းနိုင်ပါတယ်။ တန်ဖိုးမြင့် လက်ဖက်ခြောက်တွေကိုလည်း ဝယ်ယူနိုင်ပါတယ်။
ဒါတင်မကပါဘူး။ လာရောက်တည်းခိုသူတွေအတွက် စားသောက်ဆောင်ရှိပါတယ်။ “ဘိုတဲ” လို့ခေါ်ရမယ့် ကိုလိုနီခေတ်ကတည်းက အဆောက်အအုံဟောင်းကြီးကို စားသောက်ဆောင်အဖြစ် ဖန်တီးထားတာပါ။ ဒါကြောင့် အမ်ဘာရဲ့ စားဖိုဆောင်ဟာ လာရောက်လည်ပတ်သူတွေအတွက် နေ့လည်စာ၊ ညစာဟင်းလျာတွေကို နေ့စဉ်ချက်ပြုတ် ရောင်းချနေရပါတယ်။ ပြောချင်တာက အမ်ဘာဟာ သစ်တောပုံတူစိုက်ခင်းကို စိုက်ပျိုးရေးလုပ်ငန်းတစ်ခု အဖြစ်သာမကဘဲ အခြားသော စီးပွားရေးတွေနဲ့ ချိတ်ဆက်ပြီး ဝင်ငွေကိုရနိုင်သမျှ ရှာဖွေနေတယ်ဆိုတာပါပဲ။
ဒီနေရာမှာ သတိထားရမှာက အမ်ဘာကို လည်ပတ်သူတွေ၊ အမ်ဘာရဲ့ ထွက်ကုန်တွေကို ဝယ်ယူကြတဲ့သူတွေဟာ “ငါတို့အနေနဲ့ ဂေဟစနစ်ကို ပြန်လည်ရှင်သန်အောင် ကူညီထူထောင်ပေးနိုင်တဲ့ သစ်တောပုံတူစိုက်ခင်းတစ်ခုက ထွက်ကုန်တွေကို ဝယ်ယူအားပေးနေကြတာ ဖြစ်တယ်။ ဒါကြောင့် ငါတို့ဟာ အမ်ဘာရဲ့ ထုတ်ကုန်တွေကို ဝယ်ယူသုံးစွဲ ရင်း ဂေဟစနစ်ကို ပြန်လည်ထူထောင်ရေးမှာ ကူညီနေကြတာဖြစ်တယ်” ဆိုတဲ့ အတွေးမျိုးနဲ့လာပြီး လည်ပတ်ကြ၊ ဝယ်ယူသုံးစွဲနေကြတာ ဖြစ်ပါတယ်။
သစ်တောပုံတူစိုက်ခင်းကိုအခြေပြုပြီး အခြားဝင်ငွေရနိုင်တဲ့နည်းလမ်းတွေ အများကြီးကို ချဲ့ထွင်နိုင်တယ်ဆိုတာကို အမ်ဘာက သက်သေပြနေပါတယ်။
လုပ်ငန်းစုံလေ တာဝန်ကြီးလေ
လုပ်ငန်းစုံလို့ ဝင်ငွေပိုရတာ မှန်ပေမယ့် အခြားတစ်ဖက်မှာတော့ လုပ်ငန်းစုံလေ တာဝန်ပိုကြီးလေ ဖြစ်ပါတယ်။
အမ်ဘာဟာ သစ်တောပုံတူစိုက်ခင်း ထူထောင်ထားသလို ဩဂဲနစ်လက်ဖက်ထွက်ကုန်အမျိုးမျိုးကို အထူးတန်းဝင် လက်ဖက်ခြောက်အဖြစ်နဲ့ တန်ဖိုးကြီးကြီးသတ်မှတ်ရောင်းချနေတာ ဖြစ်ပါတယ်။ ဒါကြောင့် သစ်တောပုံတူစိုက်ခင်းထူထောင်ခြင်းနဲ့ ပတ်သက်တဲ့ အခြေခံသဘောတရားတွေကို လိုက်နာရပါတယ်။ အထူးသဖြင့်တော့ လက်ဖက်ခင်းအတွက် လိုအပ်တဲ့ မြေဩဇာသွင်းအားစုကို ပြင်ပကနေ ဓာတ်မြေဩဇာ ဝယ်မသုံးဘဲ၊ မိမိရဲ့ ခြံထဲကနေပဲ ရှာဖွေရတာ ဖြစ်ပါတယ်။ ဒါကြောင့် Kaley Tea Estate နဲ့ ဟယ်လ်ဒူမူလာ (Haldummulla) တို့လိုပဲ နွားမွေးမြူရေးကို လုပ်ဆောင်ရပါတယ်။
အမ်ဘာရဲ့ နွားခြံမှာ နွား ၁၃ ကောင်မွေးမြူထားပါတယ်။ နွားမွေးထားရင် သဘာဝမြေဩဇာရတာမှန်ပေမယ့် နွားမွေးမြူရေးက ထွက်ရှိတဲ့ မီသိန်း(Methane) ဓာတ်ငွေ့ဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ဂေဟစနစ်ရှင်သန်ရေး ခေါင်းစဉ်တပ်ပြီး ထုတ်ကုန်တွေကို တန်ဖိုးကြီးကြီးနဲ့ ရောင်းချတဲ့ အမ်ဘာဟာ အဲဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားဟန် တူပါတယ်။ ဒါကြောင့် အဲဒီမီသိန်းကို လေထုထဲ လွှတ်ထုတ်မပစ်ဘဲ၊ ဇီဝဓာတ်ငွေ့(Biogas) လောင်စာအဖြစ် အသုံးချပြပါတယ်။
ဇီဝဓာတ်ငွေ့လောင်စာ
အမ်ဘာနွားခြံက ထွက်လာတဲ့ အညစ်အကြေးတွေကို စုဆောင်းကန် (inlet chamber) တစ်ခုမှာ စုစည်းယူပါတယ်။ အဲဒီနောက် နွားချေး ၁ ဆကို ရေ ၃ ဆ နဲ့ ရောနှောပေးရပါတယ်။ အဲဒီလို ရောနှောပြီးတဲ့နောက် ၁၅ ကုဗမီတာအရွယ်အစားရှိတဲ့ ဇီဝဓာတ်ငွေ့ထုတ်ကန် (Biogas Digester) ထဲကို ပို့ပါတယ်။
ဓာတ်ငွေ့ထုတ်ကန်ထဲမှာ လေမဲ့ဘက်တီးရီးယားတွေက ချေဖျက်တဲ့လုပ်ငန်းစဉ် (Anaerobic fermen-tation) ပြုလုပ်တာကြောင့် မီသိန်းဓာတ်ငွေ့တွေ ထွက်လာပါတယ်။ ထွက်လာတဲ့ မီသိန်းဓာတ်ငွေ့ကို အမ်ဘာရဲ့ စားဖိုဆောင်ကို ပို့ဆောင်ပြီး ဇီဝဓာတ်ငွေ့လောင်စာ (Biogas fuel) အဖြစ် အသုံးပြုပါတယ်။ စားဖိုဆောင်မှာ ဂတ်စ် မီးဖိုကြီး ၂ လုံးဟာ တစ်ရက်ကို အနည်းဆုံး ၆ နာရီနှုန်းနဲ့ အလုပ်လုပ်နေရပြီး အမ်ဘာရဲ့နွားခြံက ထွက်ရှိတဲ့ ဇီဝဓာတ်ငွေ့လောင်စာနဲ့တင် လုံလောက်တယ်လို့ သိရပါတယ်။
မြေဩဇာ
ဇီဝဓာတ်ငွေ့ထုတ်ကန်ထဲက ဇီဝဓာတ်ငွေ့ကို မီးဖိုဆောင်မှာ အသုံးပြုလိုက်တာမို့ အနယ်အနှစ် (slurry) တွေ ကျန်နေရစ်ပါတယ်။ ဓာတ်ငွေ့ထုတ်ကန်ထဲမှာ အဲဒီအနယ်အနှစ်တွေများလာပြီး လျှံထွက်လာတဲ့အခါ အနယ်လှောင်ကန် (Slurry tank) နှစ်လုံးနဲ့ နှစ်ဆင့်ထပ်မံ ခံယူပါတယ်။ နောက်ဆုံး အနယ်လှောင်ကန်မှာ အနယ်အနှစ်တွေ ပြည့်လာပြီဆိုရင် ပိုက်ကနေတဆင့် အပြင်ကို လျှံထွက်လာပါတယ်။ အဲဒီ အနယ်အနှစ်တွေဟာ (Anaerobic fermentation)နဲ့ ချေဖျက်တဲ့လုပ်ငန်းစဉ် လုံးဝပြီးဆုံးသွားပြီမို့ အန္တရာယ်ရှိတဲ့ ရောဂါပိုးမွှားတွေ မပါဝင်တော့ဘဲ ဘေးကင်းတဲ့ သဘာဝမြေဆွေးအဆင့်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ အနံ့ဆိုးတွေလည်း လုံးဝ မရှိတော့ပါဘူး။
အဲဒီ အနယ်အနှစ်တွေကို ကန်ငယ်တစ်လုံးမှာ ခံယူထားပါတယ်။ အဲဒီနောက် လီတာ ၁၀၀၀ ဆန့်တဲ့ လှောင်ကန်နှစ်လုံးမှာ ရေ ၃ ဆ ထပ်မံရောနှောပြီး စိုက်ခင်းထဲမှာ မြေဩဇာအရည် (Liquid fertilizer) အသုံးပြုပါတယ်။
သဘာဝမြေဆွေး
အမ်ဘာလက်ဖက်ခြံဟာ သဘာဝမြေဆွေးလည်း ထုတ်လုပ်သုံးစွဲပါတယ်။ အမ်ဘာအနေနဲ့ ကော်ဖီပင်တွေ ကို ၂၀၁၅ ခုနှစ်ကတည်းက စတင်ပြီး စိုက်ပျိုးနေတာ အပင်ရေ ၅၀၀၀ လောက် စိုက်ပျိုးပြီးပြီဖြစ်သလို တိုးချဲ့စိုက်ပျိုးသွားဖို့လည်း ရှိပါတယ်။ ဩဂဲနစ်ကော်ဖီစိုက်ပျိုးချိန်ကနေ သောက်သုံးချိန်အထိ ထုတ်လုပ်ပုံအဆင့်ဆင့်ကို အမ်ဘာမှာ လေ့လာနိုင်ဖို့ ကော်ဖီစက်ရုံငယ်တစ်ခုကိုလည်း တည်ထောင်ထားပါတယ်။ ကော်ဖီထုတ်လုပ်မှု မြင့်မားလာတာနဲ့အမျှ စက်ရုံရဲ့ ထုတ်လုပ်မှုပမာဏ မြင့်တက်လာမှာပါ။ ကော်ဖီသီးတွေခူးပြီးရင် အခွံချွတ်ပြီးမှ ကျန်တဲ့ အဆင့်တွေကို ဆက်လက်ဆောင်ရွက်ရတာမို့ ကော်ဖီသီးအခွံတွေဟာ အပိုဖြစ်လာပါတယ်။ အဲဒီကော်ဖီသီးခွံတွေနဲ့အတူ အခြားသော ခြံထွက်အမှိုက်သရိုက်တွေကို မြေဆွေးပုံပြုလုပ်ပြီး စိုက်ခင်းထဲမှာ ပြန်လည်သုံးစွဲတာမျိုးလည်း လုပ်ဆောင်ပါသေးတယ်။
အမ်ဘာရဲ့လိုအပ်ချက်၊ အမ်ဘာရဲ့ ကိုယ်ပိုင်ဖန်တီးမှု
အမ်ဘာဟာ သစ်တောပုံတူစိုက်ခင်းကို တည်ထောင်ရာမှာ သူ့မှာရှိနေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ သူ့ရဲ့ လက်တွေ့အခြေအနေတွေနဲ့ ကိုက်ညီပြီး ဂေဟစနစ်ကိုလည်း ထိန်းသိမ်းကာကွယ်ရင်း ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ဖန်တီးမှုတွေကို အသုံးချထားတာ တွေ့ရမှာဖြစ်ပါတယ်။ အဲဒီလို အသုံးချနိုင်တဲ့အတွက် စီးပွားရေးအခွင့်အလမ်းတွေလည်းတိုးပြီး ရရှိလာတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက စိုက်ပျိုးမွေးမြူသူတွေအနေနဲ့လည်း သစ်တောပုံတူစိုက်ခင်းတွေ တည်ထောင်တဲ့အခါ အဲဒီလို ကိုယ်ပိုင်ဟန်နဲ့ ကိုယ်ပိုင်ဖန်တီးမှုတွေကို အသုံးချနိုင်ကြဖို့ လိုအပ်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က ဆက်လက်မျှဝေသွားပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။