သီဟိုဠ်ကျွန်းက လက်ဖက်ရာဇဝင်

28/02/2024 11:30 AM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား ပြီး Inclusive Systems Myanmar Inclusive Systems Myanmar မှ ပေးပို့ထားပါသည်။

စိုက်ပျိုးမွေးမြူရေးနဲ့ ပတ်သက်တဲ့ ခရီးသွားအတွေ့အကြုံတွေကို ရေးရတာ ဝါသနာထုံတဲ့ စာရေးသူအနေနဲ့ Inclusive Systems Myanmar က အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့  Regional Biotrade Project ရဲ့ ပံ့ပိုးကူညီမှုနဲ့ သီရိလင်္ကာနိုင်ငံကို လေ့လာရေးခရီး သွားရောက်ခွင့် ရရှိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ လဆန်းပိုင်းကပါ။

ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ Analog Forestry ဘာသာရပ်နဲ့ ပတ်သက်ပြီး လက်တွေ့ကွင်းဆင်း လေ့လာကြည့်ဖို့၊ တွေ့ကြုံသိရှိခဲ့ရတာတွေကို မြန်မာ့စိုက်ပျိုးမွေးမြူသူတွေထံ ပြန်လည်မျှဝေပေးဖို့၊ Analog Forestry ဘာသာရပ်ကို မြန်မာနိုင်ငံက စာဖတ်သူတွေထံ မိတ်ဆက်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ 

သီရိလင်္ကာနိုင်ငံကို လေ့လာရေးသွားရမယ် ဆိုတော့ ပထမဆုံးခေါင်းထဲရောက်လာတာက "စီလုံတီး (Ceylon tea)" ဆိုတဲ့ စကားလုံးပါ။ စာရေးသူ သွားရောက်လေ့လာရတဲ့ Analog Forestry လုပ်ငန်းတွေဟာလည်း လက်ဖက်စိုက်ခင်းတွေကြားမှာ ဆောင်ရွက်နေတာမို့ စီလုံတီးအကြောင်းကိုလည်း ကျွဲကူးရေပါ ဆိုသလို ထိတွေ့ လေ့လာခွင့် ရရှိခဲ့ပါတယ်။ ဒါကြောင့် သီရိလင်္ကာနိုင်ငံရဲ့ လက်ဖက်ကဏ္ဍ (Tea industry) အကြောင်း လေးကို စာဖတ်သူများထံ အကျဉ်းချုံးပြီး ပြန်လည်တင်ပြလိုပါတယ်။

ခွဲခြားမရတဲ့ သီရိလင်္ကာနဲ့ စီလုံတီး 

သီဟိုဠ်ကျွန်း (စီလုံ) လို့ စာရေးသူတို့ သိခဲ့ကြတဲ့ သီရိလင်္ကာကို အများက လက်ဖက်စိုက်ပျိုး ထုတ်လုပ်မှုနဲ့ တွဲပြီး မြင်ခဲ့ကြတာ နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ။ စီလုံတီးဟာ သီရိလင်္ကာနိုင်ငံရဲ့ အမှတ်သညာ (identity) ကို ဖြစ်လို့နေတာပါ။ တကယ်လည်း သီရိလင်္ကာနိုင်ငံရဲ့ လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုဟာ နိုင်ငံစီးပွားရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေသလို၊ ကမ္ဘာ့လက်ဖက်ဈေးကွက်မှာလည်း စီလုံတီးဟာ နေရာကြီးကြီးယူထားပြီး ဖြစ်ပါတယ်။ 

သီရိလင်္ကာနိုင်ငံ၏ လက်ဖက်ထုတ်လုပ်မှုပမာဏဟာ ကမ္ဘာမှာ စတုတ္ထအများဆုံး ဖြစ်ပါတယ်။ ကမ္ဘာ့လက်ဖက်ထုတ်လုပ်မှု စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းကို သီရိလင်္ကာက ထုတ်လုပ်ပေးနေတာ ဖြစ်သလို၊ ကမ္ဘာ့လက်ဖက်ခြောက်တင်ပို့မှု ဈေးကွက်ရဲ့ ၁၉ ရာခိုင်နှုန်းကို သီရိလင်္ကာက အရယူထားတာ ဖြစ်တယ်လို့ သီရိလင်္ကာ ပြည်ပပို့ကုန် ဖွံ့ဖြိုးတိုးတက်‌ရေးဘုတ်အဖွဲ့  (Sri Lanka Export Development Board - EDB) ရဲ့ ၂၀၂၂ ခုနှစ် လက်ဖက်ကဏ္ဍအခြေအနေ အစီရင်ခံစာ (Industry Capability Report – Tea Sector) က ဆိုပါတယ်။ 

လက်ဖက်ကဏ္ဍရဲ့ စီးပွားရေးအရ အရေးပါမှု

EDB ရဲ့ စာရင်းဇယားတွေအရ နိုင်ငံအတွင်းမှာ လက်ဖက်စိုက်ဧရိယာ ဟက်တာပေါင်း ၂၀၃,၀၀၀ (၅၀၁,၆၂၃ ဧက) ရှိတာမို့ တိုင်းပြည် အကျယ်အဝန်းရဲ့ ၄ ရာခိုင်နှုန်းကို လက်ဖက်ခင်းတွေနဲ့ ဖုံးလွှမ်းထားတယ်လို့ ဆိုရမှာပါ။ လက်ဖက်လုပ်ငန်းကနေ နိုင်ငံ့လူဦးရေ ၁ သန်းနီးပါးအတွက် အလုပ်အကိုင်တွေ ဖန်တီး ပေးထားပါတယ်။ သီရိလင်္ကာမှာ လူဦးရေစုစုပေါင်းက သန်း ၂၀ ဝန်းကျင်မှာ ရှိတာပါ။ လူဦးရေရဲ့ ၅ ရာခိုင်နှုန်း လောက် လက်ဖက်လုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေတယ်လို့ ခန့်မှန်းလို့ ရပါတယ်။ 

၂၀၂၁ ခုနှစ် စာရင်းတွေအရ လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုကနေ နိုင်ငံ့ဝင်ငွေအဖြစ် အမေရိကန် ဒေါ်လာ ၁.၃ ဘီလီယံ ရှာဖွေပေးနိုင်ခဲ့ပြီး ဒါဟာ ဂျီဒီပီ (GDP) ရဲ့ ၂ ရာခိုင်နှုန်းခန့် ရှိတယ်လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ်မှာ သီရိလင်္ကာရဲ့ ဂျီဒီပီ က ၈၈.၅၅ ဘီလီယံ ရှိခဲ့ပါတယ်။ 

ထုတ်လုပ်မှုပမာဏ 

နှစ်စဉ် လက်ဖက်ထုတ်လုပ်မှုက ကီလိုဂရမ် သန်း ၃၄၀ ရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံရေးပဋိပက္ခနဲ့ စီးပွားရေးအကျပ်အတည်း တွေကြောင့် လက်ဖက်ထုတ်လုပ်မှုဟာ အခုနောက်ပိုင်းနှစ်တွေမှာ လျော့ကျလာနေတာကို တွေ့ရပါတယ်။ ‘သီရိလင်္ကာနိုင်ငံ လက်ဖက်တင်ပို့ရောင်းချသူများအသင်း (Tea Exporters Association - Sri Lanka)” ရဲ့ ကိန်းဂဏန်းတွေအရ ၂၀၂၁ ခုနှစ်မှာ လက်ဖက်ခြောက် ထုတ်လုပ်မှုဟာ ကီလိုဂရမ် ၂၉၉.၄၉ သန်း ရှိခဲ့ပြီး၊ ၂၀၂၂ ခုနှစ်မှာတော့ ကီလိုဂရမ် ၂၅၁.၅၀ သန်း သာ ထုတ်လုပ်ခဲ့တာကို တွေ့ရှိရပါတယ်။ ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၂၂ ခုနှစ်မှာ ၁၅-၁၇ ရာ ခိုင်နှုန်းလောက် လျော့ကျသွားတယ်လို့ ဆိုနိုင်ပါတယ်။ 

အစဉ်အလာအားဖြင့် နှစ်တစ်နှစ်မှာ လက်ဖက်စိုက်ပျိုးထုတ်လုပ်မှု လျော့ကျသွားတယ်ဆိုရင် နောက်နှစ်မှာ လက်ဖက်အထွက်နှုန်း တက်လာတတ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ၂၀၂၃ ခုနှစ်မှာ လက်ဖက် ထုတ်လုပ်မှု မြင့်တက်လာဖို့ မျှော်မှန်းကြည့်နိုင်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အဲဒီလို ဖြစ်ဖို့ မလွယ် ကူလှဘူးလို့ သိရပါတယ်။ အထူးသဖြင့် မြေသြဇာနဲ့ အခြားသွင်းအားစုတွေရဲ့ ဈေးနှုန်းကြီးမြင့်မှုကြောင့် အသေးစား စိုက်ပျိုးသူတွေဟာ လက်ဖက်စိုက်ခင်းတွေကို လုံလုံလောက်လောက် မပြုစုနိုင်ဘဲ အထွက်နှုန်း လျော့ ကျနေရတာလို့ ခန့်မှန်းကြတာပါ။ ၂၀၂၂ ဇန်နဝါရလကနေ အောက်တိုဘာလအထိ ထုတ်လုပ်မှုက ကီလိုဂရမ် ၂၁၁.၇၇ သန်း ရှိခဲ့ပြီး၊ ၂၀၂၃ ကာလတူမှာတော့ ကီလိုဂရမ် ၂၁၆.၂၆ သန်း ထွက်ရှိခဲ့တာကြောင့် ကီလိုဂရမ် ၄ သန်းခွဲလောက် ပိုထုတ်လာတာကိုတော့ တွေ့ရပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် လက်ဖက်စိုက်ပျိုး ထုတ်လုပ်မှုဟာ သီရိလင်္ကာအတွက် အရေးကြီးတဲ့ ဝင်ငွေအရင်းအမြစ် ဖြစ်နေဆဲပါ။ ထို့အတူပဲ ကမ္ဘာ့လက်ဖက်ဈေးကွက်မှာလည်း သီရိလင်္ကာဟာ တရုတ်၊ အိန္ဒိယ၊ ကင်ညာတို့နောက်မှာ ကမ္ဘာ့လက်ဖက်‌ထုတ်လုပ်မှု စတုတ္ထအများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေဆဲလည်း ဖြစ်ပါ တယ်။ 

လက်ဖက်စိုက်ပျိုးတဲ့ ဒေသတွေ

သီရီလင်္ကာနိုင်ငံမှာ လက်ဖက်စိုက်ပျိုးတဲ့ မြေမျက်နှာသွင်ပြင်ကိုလိုက်ပြီး လက်ဖက်စိုက်တဲ့ ဧရိယာကို သုံးမျိုးသုံးစား ခွဲခြားနိုင်ပါတယ်။

  • ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၂၀၀ အထက် (ပေ ၄၀၀၀ - ၆၀၀၀ နှင့် အထက်) မှာ စိုက်ပျိုးတဲ့ လက်ဖက်တွေကိုတော့ High Grown Tea လို့ သတ်မှတ်ပါတယ်။ 
  • မီတာ ၁၂၀၀ နဲ့ မီတာ ၆၀၀ ကြား (ပေ ၂၀၀၀ နှင့် ၄၀၀၀ ကြား) မှာ စိုက်ပျိုးထားတဲ့ လက်ဖက်တွေကိုတော့ Medium Grown Tea လို့ ခေါ်ပါတယ်။
  • မီတာ ၆၀၀ (ပေ ၂၀၀၀) အောက်မှာ စိုက်ပျိုးထားရင်တော့ Low Grown Tea လို့ သတ်မှတ်ပါတယ်။ 

လက်ဖက်စိုက်ပျိုးထားတဲ့ မြေမျက်နှာသွင်ပြင် အနိမ့်အမြင့်ကိုလိုက်ပြီး လက်ဖက်အမျိုးအစား ခွဲခြားသလို လက်ဖက်စိုက်ပျိုးရာဒေသတွေကိုလည်း ၇ ခု ထပ်မံ ခွဲခြားထားပါသေးတယ်။ Nuwara Eliya ၊ Uda Pussellawa ၊ Uva, Dimbula ၊ Kandy ၊ Sabaragamuwa နဲ့ Ruhuna ဆိုတဲ့ ဒေသ ၇ ခုပါ။ ဘာကြောင့်လဲဆိုရင် အဲဒီ့ဒေသတွေဟာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ တူညီရင်တောင် ရာသီဥတု ကွဲပြားခြားနား နေတတ်ပြန်တာကြောင့်ပါ။ အဲဒီလို ကွာခြားတာနဲ့အမျှ လက်ဖက်ခြောက်ရဲ့ အနံ့၊ အရသာလည်း ကွာခြားမှု ရှိ တယ်လို့ ဆိုပါတယ်။ 

သီရိလင်္ကာနိုင်ငံ၏ လက်ဖက်စိုက်ပျိုးရာဒေသများပြ မြေပုံ

လက်ဖက်ခြောက်အမျိုးအစား

သီရိလင်္ကာ လက်ဖက်ကဏ္ဍအနေနဲ့ Black tea ကို အဓိကထား ထုတ်လုပ်ပေမယ့် Ceylon green tea ကိုလည်း ထုတ်လုပ်ပါတယ်။ ဒါ့အပြင် လက်ဖက်အညွန့်လေးတွေကို သီးသန့်ရွေးချယ်ပြီး White tea အဖြစ် ထုတ်လုပ်ထားတာလည်း ရှိပါတယ်။ သီရိလင်္ကာရဲ့ White tea ဟာ ဈေးအကြီးဆုံး ရရှိပြီး၊ ကမ္ဘာ့ဈေးကွက်မှာ အင်မတန် မျက်နှာပန်းလှတဲ့ ထုတ်ကုန် ဖြစ်တယ်လို့ သိရပါတယ်။ 

ကမ္ဘာ့ဈေးကွက်ထဲမှာ စီလုံတီးအဖြစ် တမူထူးခြားနေရတဲ့ အဓိက အချက် ၂ ချက်ကို EDB က ထောက်ပြပါတယ်။ 

  • ပထမအချက်ကတော့ စီလုံတီးကို ခူးဆွတ်ရာမှာ အများစုကို လုပ်သားတွေကိုယ်တိုင် လက်နဲ့ သေသေချာချာ ရွေးချယ် ခူးဆွတ်ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် "နှစ်ရွက် တစ်ညွန့်" ဆိုတဲ့ အရည်အသွေးထိပ်တန်း လက်ဖက်ရွက်တွေကို ရရှိနေခြင်း ဖြစ်ပါတယ်။ ဒါက စီလုံတီးကို အခြားသော လက်ဖက်အမြောက်အများ ထုတ်လုပ်သူတွေနဲ့ နှိုင်းယှဉ်ရင် အားသာချက်တစ်ခုအဖြစ် ဈေးကွက်က မြင်နေတာပါ။ 
  • ဒုတိယအချက်ကတော့ ကမ္ဘာတလွှားမှာ CTC နည်းလမ်းကို အဓိကအသုံးပြုပြီး လက်ဖက်ခြောက် ထုတ်လုပ်ကြပေမယ့် သီရိလင်္ကာမှာတော့ လက်ဖက်ခြောက်အားလုံးရဲ့ ၉၃ ရာခိုင်နှုန်းကို artisanal (လက်မှုပညာ) နည်းလမ်း၊ ဒါမှမဟုတ် Orthodox  နည်းလမ်းတွေနဲ့ ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

၂၀၂၂ ခုနှစ်အတွင်းမှာ လက်ဖက်ခြောက် မက်ထရစ်တန်ချိန် ၂၅၁.၄၉ သန်း ထုတ်လုပ်ခဲ့ရာမှာ Orthodox tea မက်ထရစ်တန်ချိန် ၂၂၇,၁၁၇ ထုတ်လုပ်ခဲ့ပြီး CTC ကတော့ မက်ထရစ်တန်ချိန် ၂၂,၅၇၁ မက် ထရစ်တန် ထုတ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ Green tea ကိုတော့ မက်ထရစ်တန်ချိန် ၁,၈၀၉ ထုတ်လုပ်ခဲ့တယ် လို့ လက်ဖက်ခြောက်တင်ပို့သူများ အသင်းရဲ့ ကိန်းဂဏန်းတွေက ဖော်ပြပါတယ်။ 

ပြည်ပတင်ပို့နိုင်မှု အခြေအနေ

ကမ္ဘာ့လက်ဖက်ခြောက်ကုန်သွယ်ရေးမှာ ၁၉ ရာခိုင်နှုန်းကို စီလုံတီးက နေရာယူထားပါတယ်။ ၂၀၂၂ ခုနှစ်မှာ လက်ဖက်ခြောက် မက်ထရစ်တန်ချိန် ၂၅၀,၁၉၁ တင်ပို့ခဲ့ရတယ်လို့ ဆိုပါတယ်။ အဓိကတင်ပို့တာကတော့ အရှေ့အလယ်ပိုင်းနိုင်ငံတွေပဲ ဖြစ်ပါတယ်။ ရုရှားကလည်း စီလုံတီးကို အတော်များများ တင်သွင်းတာကို တွေ့ရပါတယ်။ ဥရောပနိုင်ငံအချို့ကလည်း တင်သွင်းကြတာကို တွေ့ရပါတယ်။ 

သီရိလင်္ကာနိုင်ငံမှ လက်ဖက်ခြောက် ပြည်ပတင်ပို့မှု အခြေအနေ (မက်ထရစ်တန်)

အရင်းအမြစ် - Tea Exporters Association - Sri Lanka 

သီရိလင်္ကာနိုင်ငံရဲ့ လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှု ကဏ္ဍကြီးတစ်ရပ်လုံးကို စာမျက်နှာ အနည်းငယ်မျှနဲ့ ပြည့်စုံအောင် ဖော်ပြဖို့ အဆင်မပြေလှပါဘူး။ ဒါကြောင့် မြန်မာ့လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအတွက် အသုံးဝင်မယ်လို့ ယူဆမိတဲ့ အချက်အလက်အချို့ကို ရွေးနှုတ်တင်ပြထားခြင်းဖြစ်ပြီး ဆက်လက်တင်ပြစရာအချက်အချို့လည်း ကျန်ရှိနေပါသေးတယ်။

ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က ဆက်လက် မျှဝေသွားပါမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်