သီရိလင်္ကာရဲ့ လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဟာ စိန်ခေါ်မှုတွေ အများကြီးရင်ဆိုင်နေရပါတယ်။ အဲဒီထဲမှာ သီးနှံတစ်မျိုးတည်းကိုသာ အုံနဲ့ကျင်းနဲ့ စိုက်ပျိုးတဲ့နည်းစနစ်ကို ကျင့်သုံးထားတဲ့ လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုကြောင့် ကျွန်းကြီးပေါ်က သစ်တောတွေ ဆုံးရှုံးလာပြီး၊ ဂေဟစနစ်ပျက်ယွင်းလာခြင်းကလည်း အရေးတကြီး ဖြေရှင်းရမယ့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့်လည်း သီရိလင်္ကာရဲ့ လက်ဖက်ကဏ္ဍဟာ အဲဒီပြဿနာကို ရင်ဆိုင်ကျော်လွှားဖို့ နည်းလမ်းတွေ ရှာဖွေဖော်ထုတ်ပြီး ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
သီရိလင်္ကာလက်ဖက်ကဏ္ဍရဲ့ သမိုင်းကြောင်း
ဗြိတိသျှနဲ့ဒတ်ချ်တွေရဲ့ ကိုလိုနီပြုခြင်း မခံရခင်က သီရိလင်္ကာနိုင်ငံရဲ့ စီးပွားရေးဟာ စိုက်ပျိုးရေးအဓိကဖြစ်သလို၊ ထုတ်လုပ်မှုကလည်း နိုင်ငံတွင်းစားသုံးဖို့ လုံလောက်ရုံမျှသာ ဖြစ်ပါတယ်။ ၁၇၄၀ ခုနှစ်မှာ ဒတ်ချ်တွေက ကော်ဖီကို သီရိလင်္ကာမြေပေါ် ပထမဆုံး မိတ်ဆက်ပေးခဲ့ပါတယ်။ သီရိလင်္ကာကျွန်းကြီးပေါ်မှာ ဒတ်ချ်နဲ့ ဗြိတိသျှတွေရဲ့ ကော်ဖီအပြိုင်စိုက်ကြရင်း ၁၈၆၀ ခုနှစ်အရောက်မှာ အဲဒီကျွန်းကြီးဟာ ဒေသတွင်းမှာ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။ တစ်ဖက်မှာတော့ အဲဒီလိုကော်ဖီကို စီးပွားဖြစ် အကြီးအကျယ် စိုက်ပျိုးထုတ်လုပ်မှုကြောင့် သီရိလင်္ကာရဲ့ အပူပိုင်းအမြဲစိမ်းသစ်တော (tropical rain forest)တွေ အများအပြား ခုတ်ထွင်ရှင်းလင်းခံရပြီး၊ ဂေဟစနစ်တွေ အကြီးအကျယ် ပျက်စီးလာခဲ့ပါတယ်။
ဒါပေမယ့် နောက်ထပ် ဆယ်နှစ်ခန့်အကြာ ၁၈၇၀ ဝန်းကျင်မှာ “coffee leaf rust” ဆိုတဲ့ ကော်ဖီမှိုရောဂါတစ်မျိုး သီရိလင်္ကာကော်ဖီခင်းတွေဆီ ကျရောက်ခဲ့တာမို့ ကော်ဖီစိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းကြီးတစ်ခုလုံး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ကော်ဖီစိုက်မရတဲ့နေရာမှာ လက်ဖက်ကို အစားထိုးစိုက်ပျိုးရင်း သီရိလင်္ကာရဲ့ လက်ဖက်ကဏ္ဍ စတင်ခဲ့တယ်လို့ ဆိုရမှာပါ။ သီရိလင်္ကာမြေပေါ်ကို ပထမဆုံး လက်ဖက်ပင်တွေ ယူလာပြီး စိုက်ပျိုးခဲ့တဲ့ မစ္စတာဂျိမ်းစ်တေလာ (James Taylor)က ၁၈၇၂ ခုနှစ်မှာ ပထမဆုံးလက်ဖက်ခြောက်စက်ရုံကို သီရိလင်္ကာမြေပေါ်မှာ တည်ဆောက်ပြီး နိုင်ငံခြားတိုင်းပြည်တွေဆီ တင်ပို့ခဲ့ပါတယ်။ မစ္စတာဂျိမ်းစ်တေလာ (James Taylor)ဟာ လစ်ပတန်တီးတည်ထောင်သူ မစ္စတာသောမတ်စ်လစ်ပတန်(Thomas Lipton)နဲ့ လက်ဖက်ခြောက် အရောင်းအဝယ်စာချုပ်တွေ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ သီရိလင်္ကာရဲ့ လက်ဖက်ကဏ္ဍကြီးဟာ အရှိန်အဟုန်နဲ့ ကြီးထွားလာခဲ့ပြီး ကမ္ဘာ့လက်ဖက်ခြောက်တင်ပို့မှု ထိပ်တန်းနိုင်ငံတွေစာရင်းမှာ ဝင်ရောက်လာခဲ့ပါ တယ်။
သစ်တောများပြုန်းတီးခြင်း
အရှိန်အဟုန်ကြီးမားတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုတာ “အရ” ချည်းပဲ မဟုတ်ပါဘူး။ “ပြန်လည်ပေးဆပ်” ရတဲ့ အရာတွေလည်း ကြီးကြီးမားမား ရှိပါတယ်။ ၁၈၈၁ ခုနှစ် မတိုင်မီက သီရိလင်္ကာနိုင်ငံနယ်နိမိတ် ရဲ့ ၈၄ ရာခိုင်နှုန်းကို သစ်တောကြီးတွေနဲ့ ဖုံးလွှမ်းထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ဖက်ကဏ္ဍစတင်ပြီး အနှစ် ၂၀ မပြည့်ခင်မှာဘဲ သစ်တောဖုံးလွှမ်းမှုဟာ ၇၀ ရာခိုင်နှုန်းပဲ ရှိတော့တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ၁၉၆၀ ပြည့်နှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ အနှစ် ၅၀ အတွင်း သီရိလင်္ကာနိုင်ငံရဲ့ သစ်တောဧရိယာ ဟက်တာ ၁ သန်းနီးပါး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့မှာတော့ သီရိလင်္ကာနိုင်ငံမှာ အပူပိုင်းအမြဲစိမ်း သစ်တောကြီးတွေရဲ့ အကျယ်အဝန်းဟာ ဟက်တာ ၂ သိန်းဝန်းကျင်ပဲ ကျန်ရှိပါတော့တယ်။ ဒါဟာ တိုင်းပြည်ရဲ့ ကုန်းမြေနယ်နိမိတ် အကျယ်အဝန်း စုစုပေါင်းရဲ့ ၃-၄ ရာခိုင်နှုန်းမျှသာ ဖြစ်တယ်လို့ တွက်ချက်ဖော်ပြကြပါတယ်။ လက်ဖက်စိုက်ပျိုးထုတ်လုပ်တဲ့ ဧရိယာကလည်း ဟက်တာ ၂ သိန်းကျော် ဖြစ်ပြီး၊ စကော့တလန်နိုင်ငံထက်တောင် ကြီးမားကျယ်ပြန့်တဲ့ အကျယ်အဝန်းဖြစ်ပါတယ်။ ပိုဆိုးတာက ဒီဘက်နှစ်တွေမှာ ဆီအုန်းကိုပါ တိုးချဲ့စိုက်ပျိုးလာကြခြင်းပါ။
အစိမ်းရောင်ကန္တာရ
ဂေဟဗေဒပညာရှင်တွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေကတော့ သီရိလင်္ကာရဲ့လက်ဖက်ခင်းတွေကို အစိမ်းရောင်ကန္တာရ (Green desert)တွေလို့ သမုတ်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် စိမ်းလန်းစိုပြေနေတယ်လို့ မြင်နေရပေမယ့် အဲဒီမှာ လက်ဖက်ပင်ကလွဲပြီး အခြားသော အပင်တွေ၊ သတ္တဝါတွေ၊ မျှတတဲ့ ဂေဟစနစ်တွေကို မတွေ့ရလို့ပါ။ တနည်းအားဖြင့် လက်ဖက်စိုက်ပျိုးရေးဟာ monoculture လို့ခေါ်တဲ့ အပင်တစ်မျိုးတည်းကို အကြီးအကျယ် စိုက်ပျိုးတဲ့စနစ်ဖြစ်နေတာပါ။ ဒီပြဿနာဟာ သဘာဝပတ်ဝန်းကျင်ကို အတော်လေး ထိခိုက်စေနိုင်ပါတယ်။
အစိမ်းရောင်ကန္တာရတွေရဲ့ သက်ရောက်မှု
အမြဲစိမ်းသစ်တောတွေဟာ ကာဗွန်စုပ်ယူမှု အလွန်မြင့်မားတာမို့ အမြဲစိမ်းတောတွေ လျော့ပါးလာတာက လေထုညစ်ညမ်းမှုနဲ့၊ ပူနွေးမှုကို ဦးတည်စေပါတယ်။ ကမ္ဘာပေါ်မှာ အမြဲစိမ်းသစ်တောတွေရဲ့ ဧရိယာ စုစုပေါင်းက ဟက်တာပေါင်း ၁.၈၄ ဘီလီယံပဲရှိပြီး၊ အဲဒီသစ်တောတွေကနေ တစ်နှစ်ကို ကာဗွန်ဒိုင်အောက်ဆိုဒ် မက်ထရစ်တန်ချိန်ပေါင်း ၂.၄ ဘီလီယံကို ဖမ်းယူပေးပါတယ်။ ဒီပမာဏဟာ ကမ္ဘာ့ကာဗွန်ထုတ်လုပ်မှု အမြင့်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ တစ်နှစ်တာကာဗွန်ထုတ်လုပ်မှုရဲ့ တစ်ဝက်လောက် ရှိပါတယ်။ သီရိလင်္ကာရဲ့ အမြဲစိမ်းသစ်တော အကျယ်အဝန်းဟာ တစ်ကမ္ဘာလုံးနဲ့ နှိုင်းယှဉ်ရင် ၀.၀၁၁ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ဆိုပေမယ့် အရေးကြီးတဲ့နေရာကတော့ ပါဝင်နေဆဲ ဖြစ်ပါတယ်။
သေချာတာကတော့ သဘာဝတောအုပ်တွေ လျော့ပါးလာတာက သီရိလင်္ကာရဲ့ ရာသီဥတုအပေါ် ကြီးမားတဲ့သက်ရောက်မှုရှိတယ်ဆိုတာပါပဲ။ အခုဆိုရင် နှစ်စဉ်ပျမ်းမျှအပူချိန်တွေ တိုးလာနေတာကို ကောင်းကောင်းသတိထားမိလာနေကြပါပြီ။
အခြားတစ်ဖက်မှာလည်း အမြဲစိမ်းသစ်တောတွေဟာ ဇီဝမျိုးကွဲပေါင်းမြောက်များစွာရဲ့ နေထိုင်ကျက်စားစရာနေရာ (habitat)တွေ ဖြစ်ပါတယ်။ သီရိလင်္ကာရဲ့ အမြဲစိမ်းတောတွေဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ အမြဲစိမ်းတောတွေရဲ့ ဧရိယာနဲ့နှိုင်းယှဉ်ရင် အလွန်သေးငယ်တယ်လို့ဆိုပေမယ့် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဇီဝမျိုးကွဲစုံလင်မှု (biodiversity)ကို ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး အရေးကြီးနေရာ (hotspot) တစ်ခု ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အဲဒီလိုတစ်ကမ္ဘာလုံးအဆင့် အရေးကြီးနေရာအဖြစ် သတ်မှတ်ထားတဲ့ (key global diversity hotspot) နေရာပေါင်း ၃၆ ခုပဲ ရှိတာပါ။ သဘာဝတောအုပ်တွေကို ဖျက်စီးလိုက်ပြီး၊ တောအုပ်တွေနေရာမှာ လက်ဖက်တစ်မျိုးတည်းကို အကျယ်အပြန့်စိုက်ပျိုးလိုက်တဲ့အခါ သဘာဝတောအုပ်ထဲမှာရှိတဲ့ အပင်၊ သတ္တဝါ၊ ပိုးမွှားစသည်ဖြင့် ရာထောင်နဲ့ချီရှိနေတဲ့ ဇီဝမျိုးကွဲ (biodiversity) တွေအားလုံးအတွက် နေထိုင်ကျက်စားစရာနေရာ (habitat)တွေ ပျောက်ဆုံးကုန်ပါတယ်။ သီရိလင်္ကာနိုင်ငံမှာရှိတဲ့ ဇီဝမျိုးကွဲ မျိုးစိတ်စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ သဘာဝအမြဲစိမ်းသစ်တောကြီးတွေထဲမှာ နေထိုင်ကျက်စားနေကြတာပါ။
သစ်တောတွေဟာ မြေအောက်ရေကို ထိန်းသိမ်းပေးထားနိုင်တာမို့ သစ်တောတွေဆုံးရှုံးပြီး လက်ဖက်ပင်ပဲရှိနေရင် မြေအောက်ရေ သိုလှောင်ထိန်းသိမ်းထားနိုင်မှု ကျဆင်းလာပြီး သောက်သုံးရေ အရင်းအမြစ်တွေ လျော့ပါးခမ်းခြောက်လာနိုင်ပါတယ်။ ဒါ့အပြင် မိုးရေချိန်များတဲ့ကာလတွေမှာ ရေကြီးရေလျှံမှုတွေလည်း ဖြစ်လာနိုင်ပါသေးတယ်။
သီးနှံတစ်မျိုးတည်းကို အုံနဲ့ကျင်းနဲ့ စိုက်ပျိုးခြင်းရဲ့ နောက်ထပ်ဆိုးကျိုးတစ်ခုကတော့ ဓာတ်မြေဩဇာနဲ့ ဓာတုဆေးဝါးတွေကို အမြောက်အများအသုံးပြုရတဲ့ ပြဿနာပါ။ ဒါကပတ်ဝန်းကျင်အတွက် ဆိုးကျိုးသက်ရောက်မှုရှိသလို၊ လက်ဖက်ခင်းလုပ်သားတွေနဲ့ လက်ဖက်ခင်းဝန်းကျင်က ဒေသခံတွေရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။
ဒါ့အပြင် ဓာတ်မြေဩဇာနဲ့ ဓာတုဆေးဝါးတွေဟာ ပြည်ပကတင်သွင်းရတဲ့ သွင်းကုန်တွေဖြစ်တာမို့ များများသုံးရလေ စီးပွားရေးအရ တွက်ချေမကိုက်လေဖြစ်ပါတယ်။ တစ်ဖက်မှာက အဲဒီလိုဓာတုပစ္စည်းတွေကို အသုံးပြုပြီး လက်ဖက်တွေ စိုက်ပျိုးထုတ်လုပ်ခြင်းက ကမ္ဘာ့ဈေးကွက်မှာ စီလုံတီးကို မျက်နှာပန်းမလှ ဖြစ်စေပါတယ်။ ဒါကလည်း စီလုံတီးရဲ့ ဈေးကွက်ကို ဖျက်ဆီးပစ်နိုင်တဲ့ အခြေအနေပါ။
သီရိလင်္ကာရဲ့ လက်ဖက် Monoculture မှာ အရေးကြီးတဲ့ သက်ရောက်မှုတစ်ခု ရှိနေပါသေးတယ်။ အဲဒါကတော့ လက်ဖက်ခင်းလုပ်သားတွေနဲ့ ပတ်သက်တဲ့ ကိစ္စပါ။ လက်ဖက်တစ်မျိုးတည်းကို စိုက်ခင်းကြီးတွေအဖြစ် အမြောက်အများစိုက်ပျိုးထုတ်လုပ်မှုကြောင့် လုပ်သားလိုအပ်ချက် ဖြစ်ပေါ်လာပါတယ်။ အဲဒီလုပ်သားလိုအပ်ချက်ကို ဆင်းရဲတဲ့ တမီးလ်လူမျိုးတွေရဲ့ လုပ်အားနဲ့ ဖြည့်ဆည်းထားကြတာ ဖြစ်ပါတယ်။ အဲဒီတမီးလ် လူမျိုးလုပ်သားတွေဟာ ပညာရည်ချိန် နိမ့်ပါးကြသလို ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေကြရသူတွေ ဖြစ်ပါတယ်။ ဒီလိုအားနည်းချက်ကြောင့်ပဲ လုပ်သားတွေအပေါ် ခွဲခြားဆက်ဆံတာ၊ လုံလောက်တဲ့လုပ်ခ လစာနဲ့ ရပိုင်ခွင့်တွေ မပေးတာစတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနေပါတယ်။ ဒီအချက်ကလည်း ကမ္ဘာ့လက်ဖက်ဈေးကွက်မှာ သီရိလင်္ကာနိုင်ငံရဲ့ စီလုံတီးဈေးကွက်အပေါ် ပုံရိပ်ဆိုးတွေ ဖြစ်ပေါ်စေပါတယ်။
ပြန်လည်ကုစားဖို့
သီရိလင်္ကာနိုင်ငံရဲ့ လက်ဖက်ကဏ္ဍအနေနဲ့ ဒီအခြေအနေတွေကို ပြန်လည်ကုစားဖို့ ကြိုးစားအားထုတ်နေပါတယ်။ အဲဒီလို အားထုတ်ကြိုးပမ်းတဲ့ နည်းလမ်းတွေထဲမှာ “သားရွှေအိုးထမ်းလာတာကို မြင်နိုင်တဲ့” နည်းလမ်းတစ်ခုကတော့ Analog Forestry (သစ်တောပုံတူ စိုက်ခင်းတည်ထောင်ခြင်း) ဖြစ်ပါတယ်။
တနည်းအားဖြင့်တော့ Analog Forestry ဆိုတာ monoculture ဖြစ်နေတဲ့ လက်ဖက်စိုက်ခင်းတွေကို တကယ့်သဘာဝတောအုပ်ကြီးတွေလို အရောင်အသွေး ပြန်လည်စုံလင်ပြီး၊ တောအုပ်တွေရဲ့အလုပ် ပြန်လည်အသက်ဝင် လုပ်ကိုင်လာနိုင်စေမယ့်အပြင် လက်ဖက်သာမက အခြားသောသီးနှံတွေပါ ထုတ်လုပ်လာနိုင်မယ့် နည်းလမ်းဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
Analog Forestryကို တည်ထောင်တယ်ဆိုတာ လက်ဖက်စိုက်ပျိုးထားရာဒေသမှာ သဘာဝအတိုင်းရှိနေတဲ့ သစ်တောအုပ်တွေမှာ ဘယ်လိုအပင်တွေ ပေါက်ရောက်ရှင်သန်နေသလဲ၊ အပင်အမျိုးအစားအမျိုးမျိုးဟာ ဘယ်လိုအချိုးအစား၊ ဘယ်လိုဖွဲ့စည်းပုံနဲ့ ပေါက်ရောက်နေကြသလဲစသည်ဖြင့် သစ်တောရဲ့ ဂေဟစနစ်ကို စေ့ငုလေ့လာပြီး အဲဒီစနစ်အတိုင်း ပြန်လည်တုပကာ သင့်လျော်တဲ့ အပင်မျိုးစိတ်တွေကို ထည့်သွင်းစိုက်ပျိုးရင်း လူတွေအတွက်သီးနှံတွေ ထုတ်လုပ်ပေးမယ့် သစ်တောအုပ်ကို “အချိန်ယူ” ပျိုးထောင်ပေးတာ ဖြစ်ပါတယ်။
စာရေးသူကတော့ Analog Forestry ဟာ သီရိလင်္ကာနိုင်ငံရဲ့ အစိမ်းရောင်ကန္တာရအလယ်မှာ ဖြစ်ထွန်းလာမယ့် အိုအေစစ်လေးတွေ ဖြစ်လေမလားလို့ တွေးတောမိပါတယ်။ အဲဒီအိုအေစစ်လေးတွေအကြောင်း အလျဉ်းသင့်သလို ဆက်ပြီးမျှဝေသွားပါရစေ။
ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က ဆက်လက် မျှဝေသွားပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်