Analog Forestry အတွက် ဒီဇိုင်းရေးဆွဲခြင်း

23/03/2024 11:00 AM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား ပြီး Inclusive Systems Myanmar Inclusive Systems Myanmar မှ ပေးပို့ထားပါသည်။

Analog Forestry တည်ထောင်ရာမှာ Physiognomic ပုံသေနည်းလို့ခေါ်တဲ့  သစ်တောနှင့်စိုက်ခင်း သစ်ပင်ပေါက်ရောက်မှုပုံစံများကို နှိုင်းယှဉ်ဖော်ထုတ်သော ပုံသေနည်းကို ထိထိရောက်ရောက် အသုံးချဖို့ လိုအပ်ပါတယ်။ အခြေခံအားဖြင့်တော့ Analog Forestry စတင်မတည်ထောင်ခင် အခြေအနေတွေကို သိရှိအောင်လုပ်ဆောင်တဲ့ အဆင့် (Baseline) မှာ အသုံးပြုတယ်။ သဘာဝတောအုပ်နဲ့ Analog Forestry ဆောင်ရွက်မယ့် နေရာကြားမှာ အပင်တွေပေါက်ရောက်ရှင်သန်ပုံ ဘယ်လောက်ကွာခြားသလဲဆို တာကို လေ့လာတဲ့လုပ်ငန်း (Gap Analysis) မှာ Physiognomic ပုံသေနည်းကို မဖြစ်မနေ သုံးစွဲရမှာပါ။ 

လက်တွေ့ကွင်းဆင်းလေ့လာခြင်း 

Analog Forestry ကို အကောင်အထည်ဖော်မယ့်သူဟာ မိမိရဲ့ဒေသမှာ သဘာဝအတိုင်း ရှင်သန်ပေါက်ရောက်နေတဲ့ သဘာဝသစ်တောအုပ်ကြီး (mature forest) တွေရဲ့ ဒီဇိုင်းကို Physiognomic ပုံသေနည်းနဲ့ တွက်ချက်ယူရပါမယ်။ သဘာဝတောအုပ်ကို F1 အဖြစ် သတ်မှတ်ထားလို့ရပါတယ်။ 

အဲဒီနောက် မိမိအနေနဲ့ Analog Forestry တည်ထောင်မယ့် နေရာ (စိုက်ခင်း၊ မြေလွတ်မြေရိုင်း စသည်) မှာရှိနေတဲ့ အခြေအနေကိုလည်း ရှေ့ကနည်းလမ်းအတိုင်း ထပ်မံတွက်ချက်ယူရမှာ ဖြစ်ပါတယ်။ အဲဒီနေရာကိုတော့ F2 လို့ နာမည်ပေးထားနိုင်ပါတယ်။ 

Physiognomic ပုံသေနည်း ကို တွက်ထုတ်ယူနိုင်ဖို့အတွက် ပထမအဆင့်အနေနဲ့ F1၊ F2 တို့ကို လက်တွေ့ကွင်းဆင်းလေ့လာရမှာ ဖြစ်ပါတယ်။ အဲဒီလို ကွင်းဆင်းလေ့လာရာမှာ လေ့လာရမယ့်နေရာဟာ သိပ်ကိုကျယ်ပြန့်လွန်းနေခဲ့မယ်ဆိုရင် နေရာအားလုံးကို အသေးစိတ် လိုက်ကြည့်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒါ ကြောင့် နမူနာနေရာကို မှန်မှန်ကန်ကန် ရွေးချယ်သတ်မှတ်ပြီး လေ့လာသုံးသပ်ဖို့ လိုအပ်ပါတယ်။

လေ့လာရမယ့် နေရာကို သွားရောက်ပြီး မိမိရောက်ရှိတဲ့နေရာကို ဗဟိုပြုပြီး  ၃၆၀ ဒီဂရီ ပတ်ချာလည်က မျက်လုံးနဲ့ မြင်ရနိုင်တဲ့ အကွာအဝေးအထိကို စိတ်မှန်းနဲ့ စက်ဝိုင်းပုံအတာအထိကို လေ့လာသုံးသပ်မှုတွေ ဆောင်ရွက်မယ့် နမူနာနေရာအဖြစ် သတ်မှတ်ရပါမယ်။ 

အဲဒီနည်းလမ်းကို မသုံးချင်ဘူးဆိုရင်လည်း ဒုတိယနည်းလမ်း ရှိပါသေးတယ်။ လေ့လာမယ့်နေရာကြီး တစ်ခုလုံးမှာ အကျယ်အဝန်း ၁ ဟက်တာတိုင်းအတွက် အနည်းဆုံး ၂၀ မီတာ ပတ်လည် (၂၀ မီတာ x ၂၀ မီတာ) အကျယ်အဝန်းရှိမယ့် နေရာ ၄ နေရာဆီ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ 

အခုအခါမှာ ဒရုန်း (drone) တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်ကြပြီမို့ လူကိုယ်တိုင်ကွင်းဆင်း လေ့လာဖို့ခက်ခဲလွန်းတဲ့ သစ်တောအုပ်တွေကို ဒရုန်းနဲ့ ဓာတ်ပုံရိုက်ပြီး လေ့လာတာမျိုး လုပ်ဆောင်လာ ကြပြီ ဖြစ်ပါတယ်။ 

ဒုတိယအဆင့်အနေနဲ့ကတော့ အပင်တွေဟာ အမြင့် (Height) အုပ်စု ဘယ်နှစ်စုနဲ့ ရှိနေတာလဲဆိုတာကို လေ့လာရမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် သစ်တောအုပ်ကြီးကို အပင်အလွှာ (Strata) ဘယ်နှစ်လွှာနဲ့ ဖွဲ့ စည်းထားသလဲဆိုတာကို အရင်လေ့လာရမှာ ဖြစ်ပါတယ်။ (အပင်အမြင့်အလိုက် သတ်မှတ်ထားတဲ့ နံပါတ်တွေ နဲ့ မှတ်သားရမှာပါ။)

တတိယအဆင့်အနေနဲ့ကတော့ အပင်အလွှာ (Strata) တစ်ခုချင်းစီမှာ ဘယ်လိုအပင်အမျိုးအစားအုပ်စု (Growth category) တွေ ရှင်သန်ပေါက်ရောက်နေသလဲဆိုတာကို လေ့လာရပါမယ်။ (အပင်အမျိုး အစားအုပ်စုအလိုက် သတ်မှတ်ထားတဲ့ အင်္ဂလိပ်အက္ခရာအကြီး (Capital letter) တွေကို သုံးပြီး မှတ်သားရမှာပါ။) 

တပြိုင်နက်တည်းမှာ အပင်အမျိုးအစားတစ်ခုချင်းစီက ဘယ်လောက်ပေါများစွာ ပေါက်ရောက်နေကြသလဲ (coverage/ abundance) ကိုပါ ထည့်သွင်းလေ့လာမှတ်သားရမှာ ဖြစ်ပါတယ်။ (တွေ့ရှိရတဲ့ အပင်တွေရဲ့ ပေါများမှု၊ ရှားပါးမှုပေါ် မူတည်ပြီး သတ်မှတ်ထားတဲ့ အင်္ဂလိပ်အက္ခရာအသေး (Small letter) တွေနဲ့ မှတ်သားရမှာပါ။)

အဒီလို မှတ်သားပြီး ရရှိလာတဲ့ အချက်အလက်တွေကို Physiognomic ပုံသေနည်းထဲမှာ ထည့်သွင်းပြီး တွက်ချက်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက် နေရာနှစ်နေရာရဲ့ ကွာခြားချက်ကို GAP Analysis ပြုလုပ်ရမှာ ဖြစ်ပါတယ်။ 

သဘာဝတောအုပ်နှင့် စီမံကိန်းနေရာ ကွာဟချက်သုံးသပ်ခြင်း (Gap Analysis)

ကွင်းဆင်းလေ့လာပြီးတဲ့နောက်မှာတော့ လေ့လာခဲ့တဲ့ နေရာနှစ်နေရာဖြစ်တဲ့ F1 နဲ့ F2 တွေရဲ့ အခြေအနေကို Physiognomic ပုံသေနည်းတွေနဲ့ ဖော်ပြရမှာဖြစ်ပါတယ်။ ဥပမာ 

F1 ရဲ့ Physiognomic ပုံသေနည်း (ဥပမာ) >> [F1] :V7c, V5p; P4r; R2c; X3-6p; C1-6c; H3p

F1 ရဲ့ Physiognomic ပုံသေနည်း (ဥပမာ) >> [F2] :V5p; C1-3c; G3a

ရရှိလာတဲ့ ရလဒ်နှစ်ခုကို နှိုင်းယှဉ်လိုက်ရင် သဘာဝသစ်တောအုပ် နဲ့ Analog Forestry အကောင်အထည်ဖော်ဆောင်ရွက်မယ့် နေရာတို့ရဲ့ ဒီဇိုင်းတွေကြားမှာ ဘာတွေကွာခြားနေသလဲ ဆိုတာကို တွက်ချက်ယူနိုင်မှာ ဖြစ်ပါတယ်။ အဲဒါကိုတော့ ကွာဟချက်ကို သုံးသပ်ခြင်း (Gap Analysis) လို့ ခေါ်ပါတယ်။  

ဥပမာအဖြစ်နဲ့ ဖော်ပြထားတဲ့ F1 နဲ့ F2 ရဲ့ ကြားမှာ ကွာဟချက် ဘယ်လိုရှိနေသလဲဆိုတာကို သုံးသပ်တဲ့ Gap Analysis ပြုလုပ်တဲ့အခါ (F1 – F2) ဆိုတဲ့ ဖော်မြူလာကို အသုံးပြုရမှာပါ။ F1 နဲ့ F2 ဖော်မြူလာနှစ်ကြောင်းကို ချရေးပြီး F1 ထဲမှာ ပါပြီး F2 ထဲမှာ မပါလာတဲ့ အပင်အမျိုးအစားတွေကို ရွေးထုတ်ယူရမှာ ဖြစ်ပါ တယ်။ 

[F1] : V7c, V5p; P4r; R2c; X3-6p; C1-6c; H3p

[F2] : V5p; C1-3c; G3a

[F1-F2] : V7c; P4r; R2c; X3-6p; C1-6c; H3p

F1-F2 ဟာ Analog Forestry ဆောင်ရွက်မယ့် နေရာမှာ ထပ်ဖြည့်စိုက်ပျိုးဖို့ လိုအပ်တဲ့ အပင်အမျိုးအစားတွေရဲ့ Physiognomic ပုံသေနည်း ဖြစ်ပါတယ်။ F1 – F2 က ရရှိလာတဲ့ အပင်အမျိုးအစားအုပ်စုတွေကို Analog Forestry စီမံကိန်းမှာ ထည့်သွင်းစိုက်ပျိုးနိုင်ဖို့ဒီဇိုင်း (Design) ရေးဆွဲရမှာဖြစ်ပါတယ်။ အဲဒီအပင်အမျိုးအစားအုပ်စုတွေကို စုံလင်အောင် ထည့်သွင်းစိုက်ပျိုးခြင်းအားဖြင့် မိမိတို့ ပျိုးထောင်ယူတဲ့ Analog Forestry ဟာ နာမည်နဲ့ လိုက်အောင် သဘာဝတောအုပ်ကို တုပနိုင်မှာပါ။ 

ဒါကြောင့် Analog Forestry မစတင်မီမှာ Gap Analysis မဖြစ်မနေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်နိုင်ဖို့ Physiognomic ပုံသေနည်း ကို မရှိမဖြစ် လိုအပ်ပါတယ်။ မသုံးမဖြစ် အသုံးချရပါမယ်

အခြားအသုံးချနိုင်မည့် နေရာများ

Physiognomic ပုံသေနည်းကို ဒီဇိုင်းရေးဆွဲဖို့ အသုံးပြုရုံ မကဘဲ နောက်ပိုင်းလုပ်ငန်းတွေမှာလည်း ထပ်မံအသုံးပြုရဦးမှာပါ။ ဥပမာ Analog Forestry ကို လက်တွေ့ အကောင်အထည်ဖော်ပြီးတဲ့အခါ မိမိတို့ရဲ့ ဆောင်ရွက်ချက်ဟာ ဘယ်လောက် မှန်ကန်မှု ရှိ၊ မရှိ ကာလအလိုက် ပြန်လည်သုံးသပ်ဖို့ လိုအပ်သလို လိုအပ်တာတွေကိုလည်း ထပ်မံဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။ ဒီအခါမှာ Physiognomic ပုံသေနည်း အသုံးပြုပြီး၊ Analog Forestry စတင်ကာစက စီမံကိန်းနေရာ F2 ရဲ့ အခြေအနေနဲ့ တစ်နှစ်ကြာပြီးအခြေအနေ နှစ်နှစ်ကြာပြီး အခြေအနေတွေကို F3, F4 စသည်ဖြင့် သတ်မှတ်ပြီး နှိုင်းယှဉ်လေ့လာမှုတွေ ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် Analog Forestry စီမံကိန်းရဲ့ တိုးတက်မှုကို စောင့်ကြည့်လေ့လာသုံးသပ်ခြင်း (Monitoring and Evaluation) အတွက် Physiognomic ပုံသေနည်းကို ဆက်လက်အသုံးပြုရမှာ ဖြစ်ပါတယ်။

ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က ဆက်လက် မျှဝေသွားပါမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်