Analog Forestry ၏ စီးပွားရေးအကျိုးအမြတ်များ

03/07/2024 08:38 AM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား ပြီး Inclusive Systems Myanmar Inclusive Systems Myanmar မှ ပေးပို့ထားပါသည်။

စိုက်ပျိုးရေးသမားတွေက သူတို့ရဲ့ သီးနှံတစ်မျိုးတည်း တစ်အုပ်တစ်မ စိုက်ပျိုးထားတဲ့ စိုက်ခင်းထဲမှာ သစ်တောပုံတူစိုက်ခင်း (Analog Forestry) ထူထောင်ခြင်းအားဖြင့် ဇီဝမျိုးကွဲစုံလင်မှုနဲ့ ဂေဟစနစ်ပြန်လည်ရှင်သန်ရေးအတွက် အထောက်အကူပြုစေတာ အမှန်ပါပဲ။ ဒါပေမယ့် တစ်ဖက်မှာလည်း အဲဒီလို သဘာဝဝန်းကျင်ကို ထိန်းသိမ်းတဲ့ စိုက်ပျိုးရေးသမားအတွက် စီးပွားရေးအကျိုးအမြတ် ဖန်တီးပေးနိုင်ဖို့လည်း လိုအပ်ပါတယ်။ တနည်းအားဖြင့် သစ်တောပုံတူစိုက်ခင်း ထူထောင်ခြင်းဟာ လက်ရှိအသုံးပြုနေတဲ့နည်းလမ်းထက် စီးပွားရေးအရ အကျိုးအမြတ် ပိုရှိနိုင်မှသာ စိုက်ပျိုးရေးသမားတွေက သစ်တောပုံတူစိုက်ခင်းကို ပြောင်းလဲထူထောင်လာကြမှာပါ။ ဒါကြောင့် သစ်တောပုံတူစိုက်ခင်းကနေ ဘယ်လိုအကျိုးအမြတ်တွေ ရရှိနိုင်သလဲဆိုတာကို လေ့လာမိသလောက် တင်ပြပါရစေ။ 

ဝင်ငွေလမ်းကြောင်းအသစ်များ ထပ်မံပေါ်ပေါက်လာနိုင်ခြင်း

သစ်တောပုံတူစိုက်ခင်းထူထောင်ခြင်းဟာ ဇီဝမျိုးကွဲတွေကိုသာ စုံလင်လာစေတာ မဟုတ်ဘဲ ဝင်ငွေလမ်းကြောင်းတွေကိုလည်း စုံလင်လာစေပါတယ်။ ဥပမာ သီရိလင်္ကာနိုင်ငံက သစ်တောပုံတူစိုက်ခင်း ထူထောင်နေတဲ့ လက်ဖက်ခြံတွေဟာ “စိုက်ပျိုးရေးအခြေခံခရီးသွားလုပ်ငန်း” အဖြစ်သာမကဘဲ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ရှေးရှုဆောင်ရွက်တဲ့ “စိုက်ပျိုးရေးနဲ့ သဘာဝအခြေခံတဲ့ ခရီးသွားလုပ်ငန်း”တွေ ဖြစ်လာပါတယ်။ ဒါဟာ ခရီးသွားဝါသနာရှင်တွေကို ပိုစွဲဆောင်ဖို့အတွက် အထောက်အကူပြုနေသလို လာရောက်လည်ပတ်သူတွေက “ငါတို့ဟာ သစ်တောပုံတူ စိုက်ခင်းကို သွားရောက်လည်ပတ်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် ကို ထိန်းသိမ်းနေကြတယ်” ဆိုတဲ့ ခံစားချက်မျိုးကို ရရှိစေပါတယ်။ 

သစ်တောပုံတူစိုက်ခင်းကို စတင်တည်ထောင်သူတွေအတွက် စိတ်ဝင်စားစရာ စီးပွားရေးအခွင့်အလမ်းတစ်ခုကတော့ မိမိရဲ့စိုက်ခင်းကို “လည်ပတ်စရာ” တစ်ခုအနေနဲ့သာမကဘဲ၊ “သင်တန်းနေရာ” တစ်ခုအဖြစ်နဲ့ ပါ အသုံးချပြီး ဝင်ငွေရှာနိုင်တာ ဖြစ်ပါတယ်။ စာရေးသူအနေနဲ့ သီရိလင်္ကာနိုင်ငံမှာ သစ်တောပုံတူစိုက်ခင်းတွေအကြောင်း လက်တွေ့ကွင်းဆင်းလေ့လာခဲ့ရတာဟာ “သင်တန်းနေရာ” အဖြစ် အသုံးချထားတဲ့ “သစ်တောပုံတူ စိုက်ခင်း” တွေမှာချည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက သစ်တောပုံတူစိုက်ခင်း ထူထောင်လိုသူတွေအနေနဲ့လည်း မိမိတို့နိုင်ငံရဲ့ အခြေအနေ၊ မိ မိတို့ဒေသရဲ့အခြေအနေတွေနဲ့ ကိုက်ညီတဲ့ ဝင်ငွေလမ်းကြောင်းအသစ်တွေကို ကြိုတင်စဉ်းစားရှာဖွေထားသင့်တယ်လို့ ယူဆမိပါတယ်။

ထုတ်ကုန်အမယ်သစ်များ ရောင်းချနိုင်ခြင်း

သစ်တောပုံတူစိုက်ခင်းတည်ထောင်ရာမှာ နဂိုကစိုက်ပျိုးနေတဲ့ သီးနှံတစ်မျိုးတည်းသာမကဘဲ အခြားသီးနှံတွေကိုပါ ရောနှောစိုက်ပျိုးတာဖြစ်တဲ့အတွက် သီးနှံအမယ်သစ်တွေ ရောင်းချနိုင်မှာ ဖြစ်ပါတယ်။ အဲဒီသီးနှံအမယ်သစ်တွေအတွက် သွင်းအားစုကတော့ ပုံမှန်ထက်လျော့ပြီး သုံးစွဲရမှာဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံက လက်ဖက်ခင်းတွေကြားမှာ သစ်ဂျပိုးပင်တွေ ထည့်သွင်းစိုက်ပျိုးခြင်းအားဖြင့် သွင်းအားစုနည်းနည်းနဲ့ ဝင်ငွေများများ ရနိုင်ကြတာကို တွေ့ခဲ့ရပါတယ်။ ပုံမှန်စီးပွားဖြစ်စိုက်ပျိုးပြီး ပိုးသတ်ဆေးတွေ အလွန်အကျွံ ဖျန်းပက်ကြတဲ့ စိုက်ခင်းတွေမှာ လုပ်ဆောင်ဖို့ ခက်ခဲတဲ့ ပျားမွေးမြူရေးကို သစ်တောပုံတူစိုက်ခင်းမှာ ဆောင်ရွက်နိုင်ပြီး သဘာဝပျားရည်ထုတ်လုပ်တာမျိုးကိုလည်း စဉ်းစားကြည့်နိုင်ပါတယ်။ 

ဈေးကွက်တည်ငြိမ်မှုကို ဖော်ဆောင်နိုင်ခြင်း

လက်ရှိဆောင်ရွက်နေတဲ့ တစ်အုပ်တစ်မ စိုက်ခင်းတွေရဲ့ အားနည်းချက်တွေထဲမှာ အရေးကြီးတဲ့ အားနည်းချက်တစ်ခုကတော့ သီးနှံပေါ်ချိန်မှာ ထုတ်လုပ်မှုမြင့်မားပြီး ဈေးထိုးကျသွားတာမျိုး (Over supply) ဖြစ်ပါတယ်။ ဒီအခြေအနေဟာ စိုက်ပျိုးသူတွေအတွက် ရင်ဆိုင်ဖို့ အတော်ကို ခက်ခဲပါတယ်။ ဆုံးရှုံးမှုလည်း ကြီးမား လှပါတယ်။ 

သူနဲ့ဆက်စပ်ပြီး တွေ့ရတဲ့ နောက်ထပ်အချက်တစ်ခုကတော့ သီးနှံပေါ်ချိန်မဟုတ်တဲ့ရာသီတွေမှာ ဝင်ငွေမရှိဘဲ သွင်းအားစုတွေဝယ်ယူတဲ့ ထွက်ငွေချည်း ရှိတဲ့ပြဿနာပါ။ တနည်းပြောရရင် ရာသီသီးနှံတွေကို တစ်မျိုးတည်း တစ်အုပ်တစ်မစိုက်ပျိုးခြင်းက ဝင်ငွေလည်ပတ်စီးဆင်းမှု (cash flow) မှာ အားနည်းတယ်လို့ ဆိုနိုင် ပါတယ်။ 

သစ်တောပုံတူစိုက်ခင်းတွေမှာတော့ သီးနှံစုံ စိုက်ပျိုးထားတာမို့ တစ်နှစ်ပတ်လုံး ထုတ်ကုန်တွေ ရှိနေနိုင်ပြီး တစ်နှစ်ပတ်လုံး ဝင်ငွေရရှိနေမှာ ဖြစ်ပါတယ်။ ဒါက မိမိတစ်ဦးတည်းအတွက် အကျိုးရှိသလို Over supply မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်တာမို့ ဈေးကွက်ကြီးတစ်ခုလုံး တည်ငြိမ်မှုရှိအောင် ကူညီပေးတာပဲ ဖြစ်ပါတယ်။ 

တန်ဖိုးမြှင့်ရောင်းချနိုင်ခြင်း

သစ်တောပုံတူစိုက်ခင်းက ထွက်ရှိလာတဲ့ ထွက်ကုန်တွေဟာ သာမန်ထွက်ကုန်တွေနဲ့မတူဘဲ ထူးခြားတဲ့ထုတ်ကုန် (Unique product) တွေ ဖြစ်ကြပါတယ်။ 

ဩဂဲနစ်စားသောက်ကုန်ကို တန်ဖိုးထားပြီး ဈေးကြီးကြီးပေး စားသောက်လာကြတာ နှစ်ပေါင်းအတော် ကြာလာပါပြီ။ ဒါကြောင့် ချမ်းသာတဲ့နိုင်ငံတွေမှာ ဩဂဲနစ်ထုတ်ကုန်တွေရဲ့ “သူမတူအောင် ထူးခြားမှု” လျော့ကျလာပြီလို့ ဆိုရမယ့်အခြေအနေပါ။ ဒါကြောင့် စိုက်ပျိုးသူတွေအနေနဲ့ ဩဂဲနစ်လည်း ဖြစ်သလို ဈေးကွက်ထဲ ရောက်နှင့်ပြီးသား ဩဂဲနစ် ထုတ်ကုန်တွေထက် တစ်မူထူးခြားနေတဲ့ ထုတ်ကုန်မျိုးကို ထုတ်လုပ်ရောင်းချနိုင်ဖို့ လိုအပ်လာပါတယ်။ သစ်တောပုံတူစိုက်ခင်းက ထွက်ရှိလာတဲ့ ထွက်ကုန်တွေဟာ အဲဒီလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ထုတ်ကုန်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ဈေးကွက်ထဲမှာ တန်ဖိုးမြှင့်ပြီး ရောင်းချနိုင်ဖို့ အခွင့်အလမ်းတွေ အများကြီး ရှိနေပါတယ်။ 

သစ်တောပုံတူစိုက်ခင်းက ထုတ်လုပ်တဲ့ သီးနှံတွေအတွက် အသိအမှတ်ပြုလက်မှတ်တွေရယူပြီး နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်ခြင်းအားဖြင့် စီးပွားရေးအကျိုးအမြတ်ကို မြင့်မြင့်မားမား ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ အလွယ်ကူဆုံး၊ အရိုးရှင်းဆုံး အသိအမှတ်ပြုလက်မှတ်ကတော့ “Forest Garden Product” အသိအမှတ်ပြုလက်မှတ် ဖြစ်ပါတယ်။ နိုင်ငံတကာ Analog Forestry ကွန်ယက် (International Analog Forestry Network - IAFN) က စိစစ်ပြီး ထုတ်ပေးတဲ့ အသိအမှတ်ပြုလက်မှတ် ဖြစ်ပါတယ်။ အသိအမှတ်ပြုလက်မှတ်ရရှိဖို့ အဓိကထား စစ်ဆေးတဲ့အချက်တွေကတော့ “ဇီဝမျိုးကွဲစုံလင်မှုကို မြှင့်တင်နိုင်ခြင်းမှု (Biodiversity)”၊ “ဂေဟစနစ်၏  ဝန်ဆောင်မှုများကို ဖော်ဆောင်အောင်မြင်မှု (Ecosystem services)” နဲ့ “မျှတမှု ရှိတဲ့လုပ်ငန်း ဖြစ်/မဖြစ် (Fair trade)” ဆိုတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

“Forest Garden Product - FGP” အသိအမှတ်ပြုလက်မှတ်ဟာ နိုင်ငံတကာ ဩဂဲနစ်ထုတ်ကုန်တွေ နဲ့ ပတ်သက်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ (IFOAM Organic International) ရဲ့ အသိအမှတ်ပြု ဩဂဲနစ်ထုတ်ကုန် စံနှုန်းများ (Standard Family) မှာ ပါဝင်တဲ့ နိုင်ငံတကာအဆင့် စံနှုန်း ၂ ခုအနက်က တစ်ခု ဖြစ်ပါတယ်။ 

တကယ်တော့ သစ်တောပုံတူစိုက်ခင်းထူထောင်စိုက်ပျိုးမယ်ဆိုလျှင် ထုတ်ကုန်တွေဟာ အခြားနိုင်ငံတကာ အဖွဲ့အစည်းတွေက စိစစ်ပြီး ထုတ်ပေးတဲ့ ဩဂဲနစ်ထုတ်ကုန် အသိအမှတ်ပြုလက်မှတ် ရရှိဖို့လည်း လွယ်ကူသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Rainforest Alliance Certification တို့၊ Fair Trade တို့လို အခြားသော နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်တွေ လျှောက်ထားရာမှာလည်း အများကြီး အထောက်အကူဖြစ်ပါတယ်။

ချုပ်ပြောရရင်တော့ သစ်တောပုံတူစိုက်ခင်းက ထွက်လာတဲ့ ထုတ်ကုန်တွေဟာ နိုင်ငံတကာဈေးကွက်ကို တင်ပို့ရောင်းချရာမှာ အသိအမှတ်ပြုလက်မှတ်တွေရယူပြီး တန်ဖိုးမြှင့် ရောင်းချနိုင်ဖို့ အခွင့်အလမ်းတွေ ရှိနေပါတယ်။

ဈေးကွက်မြှင့်တင်ခြင်း 

သစ်တောပုံတူစိုက်ခင်းကို ထုတ်ကုန်အသစ်တွေအတွက်သာမက လက်ရှိစိုက်ပျိုးထားတဲ့ သီးနှံတွေအတွက် ဈေးကွက်မြှင့်တင်ရေး လက်နက်တစ်ခုအဖြစ်လည်း အသုံးချနိုင်ပါတယ်။ ဥပမာ သီရိလင်္ကာနိုင်ငံက သစ်တောပုံတူစိုက်ခင်း ထူထောင်ထားတဲ့ လက်ဖက်ခြံတွေဟာ သူတို့ရဲ့ လက်ဖက်ခင်းတွေကို သိပ်မကြာခင်ကမှ သစ်တောပုံတူစိုက်ခင်းတွေအဖြစ် ပြောင်းလဲစိုက်ပျိုးလာကြတာဖြစ်ပေမယ့် သူတို့ရဲ့ လက်ဖက်ခြောက်တွေကို သစ်တောပုံတူစိုက်ခင်းရဲ့ ပုံရိပ်ကို အသုံးချပြီး အထူးတန်းဝင်လက်ဖက်ခြောက်တွေအဖြစ် ဈေးကွက် မြှင့်တင်လာနေကြတာဖြစ်ပါတယ်။

ရှာဖွေလေ တွေ့ရှိလေ

အထက်မှာတင်ပြခဲ့တဲ့ အချက်အလက်တွေကတော့ အချိန်တိုအတွင်းမှာ စာရေးသူ မြင်မိခဲ့တဲ့ Analog Forestry ရဲ့ စီးပွားရေးအကျိုးအမြတ်တွေပါ။ နောက်ထပ် အကျိုးအမြတ်တွေ အများအပြား ရှိနိုင်ပါသေးတယ်။ ရှာဖွေလေတွေ့ရှိလေ ဆိုသလို မိမိရဲ့ဒေသ၊ ဈေးကွက်တို့နဲ့ သဟဇာတဖြစ်တဲ့ စီးပွားရေးအကျိုးအမြတ်တွေကို ရှာဖွေရင်း သစ်တောပုံတူစိုက်ခင်းတွေ ထူထောင်အောင်မြင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က ဆက်လက်မျှဝေသွားပါမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်