Analog Forestry ဖြင့် အစိမ်းရောင်ကန္တာရများ ကုစားခြင်း

09/03/2024 11:00 AM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား ပြီး Inclusive Systems Myanmar Inclusive Systems Myanmar မှ ပေးပို့ထားပါသည်။

သီရိလင်္ကာနိုင်ငံရဲ့ အမြဲစိမ်းသစ်တောကြီးတွေဟာ လက်ဖက်၊ ဆီအုန်းစတဲ့ စီးပွားဖြစ်သီးနှံတွေကို တစ်မျိုးချင်းစီ အုံနဲ့ကျင်းနဲ့စိုက်ပျိုးခြင်း (monoculture) ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အဲဒီလို စီးပွားဖြစ် သီးနှံတွေကို တအုပ်တမစိုက်ပျိုးထားတဲ့ စိုက်ခင်းကြီးတွေဟာ သီရိလင်္ကာနိုင်ငံရဲ့ ဇီဝမျိုးကွဲစုံလင်မှု (biodiver-sity) ကို ပျက်ယွင်းစေပြီး ဘယ်နေရာကြည့်ကြည့် စိုက်ပျိုးထုတ်လုပ်တဲ့ အပင်တစ်မျိုးထဲကိုပဲတွေ့နိုင်တာမို့  အစိမ်းရောင်ကန္တာရ (green desert) တွေလို့တောင် တင်စားခေါ်ဆိုကြပါတယ်။ ဒါပေမယ့် အဲဒီအစိမ်းရောင် ကန္တရာကတွေမှာ ဇီဝမျိုးကွဲတွေ စုံလင်တဲ့ အိုအေစစ်လေးတွေပေါ်ထွန်းလာဖို့ ရှိနေပါတယ်။ အဲဒီအိုအေစစ်လေးတွေကိုတော့ Analog Forestry (သစ်တောပုံတူ စိုက်ခင်းတည်ထောင်ခြင်း)လို့ပဲ ခေါ်ကြည့်ကြပါစို့။

သမိုင်းအစ

၁၉၈၀ မတိုင်ခင်ကတည်းက Analog forestry ဆိုတဲ့ သဘောတရားကို ဂေဟဗေဒပညာရှင်တွေကြားမှာ ပြောဆိုလာကြပေမယ့် လက်တွေ့လုပ်ဆောင်သူတော့ မရှိခဲ့ပါဘူး။ ကမ္ဘာမြေအတွက် Analog forestry ကို လက်တွေ့မိတ်ဆက်ပေးခဲ့သူကတော့ သီရိလင်္ကာနိုင်ငံသား ဂေဟဗေဒပညာရှင် ဒေါက်တာရာနေးလ် (Dr. Ranil Senanayake) ဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှု ခေါင်းဆောင်လည်းဖြစ်၊ ပထမဆုံး ဝန်ကြီးချုပ်လည်းဖြစ်တဲ့ မစ္စတာဒွန်စတီဖင် (Don Stephen Senanayake) ရဲ့ တူတော်သူ ဖြစ်ပါတယ်။ Analog forestry ကို မစခင်တုန်းက ဂေဟဗေဒပညာရှင်အသိုင်းအဝိုင်းမှာ သူ့ကို Snake man (မြွေဆရာကြီး) လို့ လူသိများပါတယ်။ 

သစ်တောတွေထဲမှာ မြွေတွေရှာရင်း သုတေသနတွေလည်း ပြုလုပ်ရင်း ဒေါက်တာရာနေးလ် သတိထားမိခဲ့တာကတော့ မြွေတွေ လျော့နည်းလာတယ် ဆိုတဲ့အချက်ပါ။ ဘာကြောင့် မြွေတွေ လျော့နည်းလာတယ်ဆိုတာကို လေ့လာကြည့်တဲ့အခါ မြွေတွေနေထိုင်ကျက်စားဖို့နေရာတွေ လျော့နည်းလာလို့ ဖြစ်တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ ဇီဝမျိုးကွဲစုံလင်မှုဟာ ကမ္ဘာမြေရဲ့ ရေရှည်တည်တံ့မှုအတွက် မရှိမဖြစ်အရေးကြီးပြီး ဇီဝမျိုးကွဲတွေ စုံလင်နေဖို့အတွက် သူတို့နေထိုင် ရှင်သန်ကျက်စားစရာနေရာ (habitat)တွေ ရှိနေဖို့ လိုအပ်တယ်ဆိုတဲ့အချက်ကို ဒေါက်တာရာနေးလ် ကောင်းကောင်းသဘောပေါက်ခဲ့ပါတယ်။ သစ်တောတွေကို ခုတ်ထွင်ရှင်းလင်းပြီး သီးနှံတစ်မျိုးချင်းစီ တအုပ်တမ စိုက်ပျိုးတဲ့အခါ သစ်တောထဲမှာ သဘာဝအတိုင်း ရှိနေခဲ့တဲ့ ဇီဝမျိုးကွဲ မျိုးစိတ်တွေအတွက် နေစရာမရှိတော့ဘဲ ပျောက်ကွယ်သွားရပါတယ်။ ဒါကပဲ လူသားတွေနဲ့အတူ လောကကြီး တစ်ခုလုံးအတွက် ဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေတာပါ။ ဒါကြောင့် ဆုံးရှုံးသွားတဲ့ သစ်တောတွေကို ပြန်လည်ပျိုးထောင်ယူရမယ်ဆိုတဲ့ အချက်ကို ဒေါက်တာရာနေးလ် ခိုင်ခိုင်မာမာ ယုံကြည်ခဲ့ပါတယ်။ 

ဒါပေမယ့် တစ်ဖက်မှာက စီးပွားဖြစ်သီးနှံစိုက်ခင်းတွေနေရာမှာ သဘာဝသစ်တောအုပ်တွေပြန်ပြီး အစားထိုး စိုက်ပျိုးဖို့ဆိုတာ စီးပွားရေးအရ မဖြစ်နိုင်ပါဘူး။ တကယ်လို့ စိုက်ခင်းတွေနေရာမှာ သစ်တောတွေကို အစားထိုးစိုက်ပျိုးနိုင်မယ်ဆိုရင်တောင် ပျက်စီးဆုံးရှုံးသွားတဲ့ သဘာဝသစ်တောတွေနဲ့တူတဲ့ သစ်တောတွေဖြစ်လာအောင် ဘယ်လိုပျိုးထောင်ယူမလဲဆိုတဲ့ ပြဿနာရှိနေပြန်ပါတယ်။ ဒါ့အပြင် သစ်တောတွေ ပြန်လည်စိုက်ပျိုးပြီးရင်တောင်မှ တောအုပ်ကြီးဖြစ်လာအောင် နှစ်ပေါင်းများစွာ ရေရှည်ထိန်းသိမ်းပြုစုရမယ့် ပြဿနာက ရှိနေပြန်ပါသေးတယ်။ အဲဒီပြဿနာတွေကို တပြိုင်နက်တည်း ဖြေရှင်းနိုင်မယ့်နည်းလမ်းကတော့ Analog Forestry ဖြစ်တယ်လို့ ဒေါက်တာရာနေးလ်ကယူဆပြီး သူ့အယူအဆကို တင်ပြခဲ့သလို လက်တွေ့လည်း သက်သေပြခဲ့ပါတယ်။ 

အခြေခံအယူအဆ

ဒေသတစ်ခုမှာ သစ်တောပြန်လည်ထူထောင်ရေး (forestry restoration) လုပ်တော့မယ်ဆိုရင် ပထမဆုံးအနေနဲ့ အဲဒီဒေသမှာရှိတဲ့ သဘာဝသစ်တောများ၏ သဘာဝကို လေ့လာရမယ်လို့ ဒေါက်တာရာနေးလ်က ယူဆပါတယ်။ အဲဒီသဘာဝသစ်တောအုပ်တွေထဲမှာ ပေါက်ရောက်ရှင်သန်တဲ့ အပင်အမျိုးအစားတွေ၊ အဲဒီအပင်အမျိုးမျိုးရဲ့ပါဝင်မှု အချိုးအစား၊ ဖွဲ့စည်းပုံ၊ ပေါက်ရောက်ပုံစတဲ့ ဂေဟဗေဒဆိုင်ရာ အချက်အလက်တွေကို စေ့ငုလေ့လာရမှာ ဖြစ်ပါတယ်။ အဲဒီလိုလေ့လာပြီးမှ လေ့လာထားတဲ့ သဘာဝတောအုပ်တွေကို အတုယူပြီး သစ်တောပျိုးထောင်မှု၊ ပြုပြင်ထိန်းသိမ်းမှု၊ ပြန်လည်ထူထောင်မှုများ လုပ်ဆောင်ရမယ်လို့ သူကယူဆပါတယ်။

အဲဒီလို သဘာဝသစ်တောတွေကို လေ့လာ၊ ပုံစံတူကူးယူပြီး မိမိတို့ရဲ့ လက်ရှိစိုက်ခင်းတွေမှာ အခြားသင့်လျော်သည့် သီးနှံပင်တွေကို ထည့်သွင်းစိုက်ပျိုးခြင်းအားဖြင့် လူသားတွေအတွက် စိုက်ပျိုးသီးနှံတွေကို ထုတ်လုပ်ရုံမျှသာမက သဘာဝပတ်ဝန်းကျင်ကိုပါ ပြန်လည်တည်ဆောက်ယူနိုင်ပြီး ဇီဝမျိုးကွဲစုံလင်မှုကို ပြန်လည်ယူဆောင်ပေးနိုင်မယ်လို့ ဆိုပါတယ်။ ဒါဟာ Analog forestry ရဲ့ အခြေခံ အယူအဆပါပဲ။ 

လက်တွေ့စတင်လုပ်ဆောင်ခြင်း

ဒေါက်တာရာနေးလ်ဟာ ၁၉၈၁ ခုနှစ်မှာ ဗန္ဓရာဝေလ (Bandarawella)က ၁၇ ဧက ကျယ်ဝန်းတဲ့ လက်ဖက်ခြံပျက်ပေါ်မှာ Analog forestry ကို ကိုယ်တိုင်တည်ထောင်ပြီး Analog forestry ရဲ့ အကျိုးရှိပုံကို လက်တွေ့ပြနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အဲဒီ Analog forestry သရုပ်ပြစိုက်ကွက်ဟာ အခုအခါမှာတော့ Belipola Arboretum ဟု လူသိများတဲ့ ဂေဟဗေဒသင်တန်းကျောင်းတစ်ခု ဖြစ်လာပါပြီ။ အဲဒီ ၁၇ ဧက ကျယ်ဝန်းတဲ့ Analog သစ်တောအုပ်ကလေးဟာလည်း သဘာဝအမြဲစိမ်းတောကြီးနဲ့မခြား သစ်ပင်မျိုးစိတ်တွေသာမက တောရိုင်းတိရစ္ဆာန်အချို့အတွက်ပါ နေစရာတွေ ပေးထားတဲ့အပြင် လူသားတွေအတွက် စားသုံးဖို့ ရောင်းချဖို့ သီးနှံအချို့ကို ထုတ်လုပ်ပေးလျက်ရှိပါတယ်။ 

ဒါ့အပြင် ဒေါက်တာရာနေးလ်ရဲ့ သင်ကြားပေးမှုနဲ့အတူ သီရိလင်္ကာနိုင်ငံရဲ့ လက်ဖက်စိုက်ပျိုးထုတ်လုပ်ရေးကဏ္ဍမှာ Analog Forestry ကို လက်တွေ့ထည့်သွင်းအသုံးချ စိုက်ပျိုးလာနေကြပြီ ဖြစ်ပါတယ်။ [လက်တွေ့လေ့လာခဲ့ရတာတွေကို နောက်ထပ်ဆောင်းပါးတွေမှာ ဆက်လက်တင်ပြပါဦးမယ်။]

အန်နာလော့ကို ဘာသာပြန်ကြည့်တဲ့အခါ

အန်နာလော့ (Analog) ကို ဘာသာပြန်ဆိုရတာ အတော်လေး လက်ဝင်ပါတယ်။ ဒါကြောင့် Analog forestry ကို မြန်မာစာဖတ်သူတွေရဲ့ နားထဲချောချောမွေ့မွေ့ဝင်နိုင်လောက်အောင် ဘာသာပြန်ဖို့ ပိုလို့တောင် ခက်ပါသေးတယ်။ 

အန်နာလော့ (Analog) ကို အဘိဓာန်တွေက “a person or thing seen as comparable to another (အခြားသူ၊ အခြားအရာတစ်ခုခုနဲ့ တူညီတယ်လို့ နှိုင်းယှဉ်ကြည့်မြင်နိုင်တဲ့ လူတစ်ယောက် သို့မဟုတ် အရာဝတ္ထု တစ်ခုခု)” လို့  အဓိပ္ပာယ်ဖွင့်ပါတယ်။ 

အဲဒီဖွင့်ဆိုချက်အရ Analog forestry ဆိုတာ “စီးပွားဖြစ်စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေကို သဘာဝသစ်တောကြီးတွေနဲ့ သဘာဝချင်း၊ အရည်အသွေးချင်း၊ ထုတ်ကုန်ချင်း ထပ်တူမကျရင်တောင် ဆင်တူအောင် ပြုပြင်ပြောင်းလဲပေးတဲ့ စနစ်" ဖြစ်တယ်လို့ အကြမ်းဖျဉ်း မြင်ကြည့်နိုင်ပါတယ်။ 

တချို့တွေက Analog ကို ဥဒါဟရုဏ် လို့ ဘာသာပြန်ပါတယ်။ ပါဠိစကားဖြစ်တဲ့ ဥဒါဟရုဏကနေ လာတာပါ။ မြန်မာလို အနက်ဖွင့်ရင် "ထင်ရှားစေရန် ဖွင့်ဆိုပြချက်" လို့ အဓိပ္ပာယ် ထွက်ပါတယ်။ ဒါကြောင့် Analog forestry မှာ အသုံးပြုထားတဲ့ Analog ရဲ့ ဆိုလိုရင်းနဲ့ ကွဲပြားနေပါတယ်။ ဒါကြောင့် Analog forestry ကို ဥဒါဟရုဏ သစ်တောလို့ မြန်မာမှုပြုဖို့ကလည်း မဖြစ်ပြန်ပါဘူး။ 

ဒါကြောင့် Analog ကို ဘာသာမပြန်တော့ဘဲ Analog (အန်နာလော့) လို့ တိုက်ရိုက်အသံဖလှယ်လိုက်တာက မြန်မာစာဖတ်သူများအတွက် ပိုမိုရှင်းလင်းလွယ်ကူမယ်လို့ ယူဆမိပါတယ်။ 

အဓိပ္ပာယ်ဖွင့်ဆိုချက်

နိုင်ငံတကာ Analog forestry ကွန်ယက် (International Analog Forestry Network – IAFN) က Analog forestry ကို "a system (set of principles and methodologies) to recover biodiversity and create forests that are similar to those that originally existed, in form (structure) and services they provide (Ecological functions)" လို့ အဓိကအချက် ၄ ချက်နဲ့ ဖွင့်ဆိုပြပါတယ်။ 

(၁) “စနစ်(system) - Analog forestry ဆိုတာ သင့်လျော်ကောင်းမွန်တဲ့ သိပ္ပံနည်းကျ သဘောတရားတွေ၊ လက်တွေ့ဆောင်ရွက်ရမယ့်နည်းလမ်းတွေကို စနစ်တကျ စုပေါင်းထားတဲ့ စနစ်တစ်ရပ်ဖြစ်ပါ တယ်။

(၂) “ပြန်လည်တည်ထောင်ခြင်း (recover)” - Analog Forestry ဟာ ဆုံးရှုံးသွားတဲ့ သစ်တောတွေ၊ အဲဒီသစ်တောတွေနဲ့အတူ ပျောက်ကွယ်သွားတဲ့ ဇီဝမျိုးကွဲစုံလင်မှု (biodiversity) ကို ပြန်လည်ပြီး တည်ဆောက်ယူဖို့ ဖြစ်တယ်။

(၃) “ဖွဲ့စည်းပုံ (structure)” - အဲဒီလို ပြန်လည်တည်ထောင်ယူရာမှာ နဂိုကရှိခဲ့တဲ့ သစ်တောအတွင်းက သဘာဝပေါက်ပင်တွေရဲ့ အုပ်စုအလိုက် အချိုးအစားတွေ၊ ဖွဲ့စည်းပုံတွေအတိုင်း တူညီအောင် ပြန်လည်တည်ဆောက်ယူမှာ ဖြစ်ပါတယ်။ 

(၄) “ဝန်ဆောင်မှုများ (services)” - ပျိုးထောင်လိုက်တဲ့ Analog forestry ဟာ နဂိုရှိခဲ့တဲ့ သစ်တောကြီးတွေက ထမ်းဆောင်ပေးတဲ့ လုပ်ငန်းတာဝန်တွေကို ပြန်လည်ဖြည့်စွမ်းနိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ လူသားတွေရဲ့ စားနပ်ရိက္ခာ၊ အခြားဇီဝမျိုးကွဲတွေအတွက် ရှင်သန်ကျက်စားရာအပြင် ရေ၊ မြေ၊ လေအစရှိတဲ့ သဘာဝတရားအတွက် အကျိုးဖြစ်ထွန်းစေတဲ့ လုပ်ငန်းတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ 

အနှစ်ချုပ် 

Analog forestry ဆိုသည် ဂေဟစနစ်ကို ပြန်လည်ထိန်းသိမ်းသည့် စနစ်တစ်ခုဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာ Analog forestry က စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်နိုင်တဲ့ အခြေအနေတစ်ရပ်ကိုလည်း ဖော်ဆောင်ပေးနိုင်ပါတယ်။ အဲဒီလို ဂေဟစနစ်ထိန်းသိမ်းရေး၊ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးအကျိုးအမြတ်ဆိုတဲ့ မျှော်မှန်းချက်သုံးရပ်ကို တပြိုင်နက်တည်း အောင်မြင်နိုင်စေဖို့အတွက် Analog forestry ဖော်ဆောင်ရာမှာ သဘာဝသစ်တောများကို လမ်းညွှန်မြေပုံအဖြစ် အသုံးပြုကြခြင်း ဖြစ်ပါတယ်။ 

သီရိလင်္ကာရဲ့ အစိမ်းရောင်ကန္တာရများအလယ်မှာ Analog Forestry ဆိုတဲ့ အိုအေစစ်တွေ ပေါ်ပေါက်လာနေပါပြီ။ မြန်မာ့စိုက်ပျိုးရေးကဏ္ဍမှာလည်း အစိမ်းရောင်ကန္တာရတွေကြားမှာ Analog Forestry အိုအေစစ်တွေ ပေါ်ပေါက်လာနိုင်ခြေ ရှိပါသလား။

စာဖတ်သူတွေရဲ့ အမြင်ကို ကြားသိချင်လှပါတယ်။ 

ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က ဆက်လက် မျှဝေသွားပါမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်