ငါးရစ်/ငါးသန် ဘေးမဲ့ချန်ပြီး ငါးသယံဇာတများ ဝိုင်းကူထိန်းသိမ်းပေးကြပါ

21/06/2022 11:45 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

 

        ငါးရစ်/ငါးသန်ကာလဖြစ်သည့် မိုးဖြိုင်ဖြိုင်ရွာသော မေလနှောင်းပိုင်းနှင့် ဇွန်၊ဇူလိုင်လ များတွင် မြစ်၊ ချောင်း၊ အင်းအိုင်အနှံ့အပြား၌ ဥများဖြင့်ပြည့်နေသော ငါးမကြီးများနှင့် မျိုးရည်ပြည့်ဝနေသော ငါးထီးကြီးများသည် ဥချရန်နေရာရှာ၍ ငါးရစ်တက်လေ့ရှိကြပါသည်။      

        ငါးရစ်ငါးဆိုသည်မှာ ငါးဥများ၊ မျိုးရည်များရင့်မာပြီး မျိုးပေါက်ဖွားဖို့ရာ အသင့်ဖြစ်နေကြသည့် ငါးအထီး၊ ငါးအမ အားလုံးကိုခြုံငုံပြီး ငါးရစ်ငါးဟု ခေါ်ကြခြင်းဖြစ်ပါသည်။ ငါးများ ငါးရစ်တက်သည် ဆိုသည်မှာ မိုးဖြိုင်ဖြိုင်ရွာသည့် မေလ နှောင်းပိုင်းနှင့် ဇွန်၊ ဇူလိုင်လများတွင် မြစ်၊ ချောင်းများထဲမှ ငါးရစ်ငါးများသည် ရေစီးကြောင်းအတိုင်း ရေတိမ်ကွင်းများရှိရာဘက်ကို မြူးထူးစွာဆန်တက်ကူးခပ်ပြီး ဥချပေါက်ဖွားဖို့ သွားကြသည်ကို ငါးရစ်တက်သည်ဟု ဆိုပါသည်။    

          ထိုငါးရစ်တက်နေသောငါးများကို ဖမ်းဆီးလိုက်ပါက ပေါက်ပွားလာမည့် သန်းပေါင်းများစွာသော ငါးသားပေါက်လေးများသည်လည်း သေကြေပျက်စီးကာ တစ်နိုင်ငံလုံး ဖူလုံစွာ ငါးစားသုံးမှုနှင့် လူမှု စီးပွားဖွံ့ဖြိုးမှုကို အထောက်အကူ မပြုနိုင်တော့ဘဲ ငါးမျိုးပြုန်းတီးစေနိုင်ပါသည်။

       ငါးဆိုသည့်အမျိုးက ဥရှိမှအကောင်ဖြစ်လာပြီး အသေးရှိမှ အကြီးဖြစ်လာတာမို့ မျိုးကျန်အောင် ချန်ထားပေးသင့်ပါသည်။ ငါးများဥချတော့မည့်အချိန်တွင် ဥများနှင့်ဖောင်းကားနေသော မျိုးပွားတော့မည့် မျိုးငါးကြီးများကို အကုန်အစင် ဖမ်းဆီးပစ်၊ စားသုံးပစ်လိုက်လျှင် တဖြည်းဖြည်းနှင့် ငါးမျိုးများ မျိုးသုဥ်းပြုန်းတီးလာနိုင်ပါသည်။ 

       ယခုလို မိုးရာသီကာလရောက်ပြီဆိုလျှင်ဖြင့် ငါးရစ်များ တက်ချိန်၊ ငါးများ ဥဥချိန်များ ဖြစ်သဖြင့် စျေးထဲတွင်ဥပါသော ငါးတချို့ကို ရောင်းချနေကြသည်ကို တွေ့ကြရပါလိမ့်မည်။ အထူးသဖြင့် ဥပါသော ငါးပုဏ္ဏား၊ ငါးသလောက်၊ ငါးဇင်ရိုင်းများကို တွေ့ကြရပါမည်။ သို့သော် ရေရှည်အကျိုးကိုသာ ရှု့မျှော်ကြည့်တတ်မည်ဆိုပါက ငါးသလောက်ဥ၊ ငါးပုဏ္ဏားဥ အပါအဝင် မည်သည့်ငါးဥကိုမျှ မစားသင့်ပေ။

          အဘယ်ကြောင့်ဆိုသော် ငါးဥအတွဲတစ်တွဲတွင် ငါးဥကလေးပေါင်း မြောက်များစွာ ပါရှိနေကြပါသည်။ ငါးဥအတွဲကြီး တစ်တွဲလုံးတွင်ပါရှိသော တစ်ခုချင်းစီသောဥများ အားလုံးထဲမှ ငါးကြီးများအဖြစ် ရှင်သန်ပေါက်ဖွားမလာနိုင်သည့်တိုင်အောင် ပျှမ်းမျှ ထိုငါးဥတွဲကြီး၏ သုံးပုံနှစ်ပုံခန့်(သို့) ထက်ဝက်နီးပါးလောက်သောဥများမှ ငါးကြီးများအဖြစ် မလွဲမသေ ရှင်သန်ပေါက်ဖွားလာကြပါလိမ့်မည်။

        ထို့ကြောင့်လည်း ငါးလုပ်ငန်းဦးစီးဌာနမှ နှစ်စဥ်နှစ်တိုင်း ငါးရစ်တက်ချိန်၊ ငါးဥချချိန်များတွင် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား စသည့် လူမှုဆက်သွယ်ရေးကွန်ရက်များမှ တစ်ဆင့် “ဥနှင့်ငါးကို ပွားစေလို ၊ ငါးရစ်ဆို မဖမ်းနဲ့”၊ “ငါးရစ်ငါးသန် ဘေးမဲ့ချန်၊ ပုံမှန်စားသုံး မျိုးမသုဥ်း”၊ “ငါးရစ်တစ်ကောင်သုံးလရှောင်၊ ထောင်သောင်းတိုးပွား ရေရှည်စား” စသောဆောင်ပုဒ်များအပါအဝင် ရေနေသယံဇာတထိန်းသိမ်းရေး ပညာပေးပိုစတာများ စိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ငါးရစ်ငါးသန်နှင့် ရေနေသယံဇာတထိန်းသိမ်းရေး ဟောပြောပွဲများပြုလုပ်ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း၊ အသံချဲ့စက်ဖြင့် ကြေငြာခြင်းများ ပြုလုပ်ကြပါသည်။ 

        တားမြစ်ထားသော ငါးရစ်/ငါးသန်ချိန်ကာလ (မေ၊ ဇွန်၊ ဇူလိုင်)လများတွင် သဘာဝရေပြင်မှ ငါး/ပုစွန်များကို ဖမ်းယူခြင်း၊ သတ်ဖြတ်ခြင်း၊ သယ်ယူခြင်း၊ ပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းဝယ်ခြင်း(သို့)အခြားနည်းဖြင့် တစ်စုံတစ်ရာနှောင့်ယှက်ခြင်း မပြုလုပ်ကြရန် တားမြစ်ထားပြီး ဖောက်ဖျက်ကျူးလွန်သူများအား ရေချိုငါးလုပ်ငန်းဥပဒေပုဒ်မ(၆၂)အရ တရားစွဲဆို အရေးယူခြင်းခံရမည်ဖြစ်သဖြင့် ရှောင်ရှားကြပါရန် တိုက်တွန်းအပ်ပါသည်။

       သို့ပါသောကြောင့် ငါးသယံဇာတများ မပျောက်ပျက်ရလေအောင် ရေလုပ်သားများမှလည်း ငါးရစ်တက်ချိန်နှင့် ငါးသားပေါက်လေ့ရှိသော မိုးရာသီကာလတွင် ငါးရစ်ငါးများ လွတ်လပ်စွာ ဥချသား ပေါက်နိုင်ရေးနှင့် နုနယ်လှသော ငါးသားပေါက်များ ဆက်လက်ရှင်သန်ကြီးထွားနိုင်ရေးတို့အတွက် ငါးရစ်ငါးများနှင့် ငါးသားပေါက်များကို ဖမ်းဆီးခြင်း မပြုဘဲ တာဝန်သိစိတ်ဖြင့် ဘေးမဲ့လွှတ်ပေးသင့် ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်