ဝါးကို ဘယ်အချိန်မှာ ဘယ်လိုခုတ်ကြမလဲ

15/01/2018 14:16 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဝါးခုတ်ရာတွင် အချိန်ကိုက်ခုတ်ခြင်းသည် အရေးပါလှသော အကြောင်းကိစ္စတစ်ခု ဖြစ်ပါသည်။ ဝါး အရင်းအမြစ် ရှားပါးသောဒေသများတွင် ဝါးထိန်းသိမ်းရေး လုပ်ဆောင်သည့် နည်းလမ်းများထဲမှ ဝါးကို ဘယ်အချိန်၊ ဘယ်လိုခုတ်ရမည် ဆိုတာကို သိထားဖို့ အလွန်ပင် အရေးကြီးလှပါသည်။

ဝါးခုတ်ရာတွင် အချိန်ရာသီကို ထည့်သွင်း စဉ်းစားစရာမလိုဟု လူတချို့မှ ထင်မြင် ယူဆကြသည်။ သို့ရာတွင် ဤသို့ ထင်မြင်နေကြခြင်းသည် မှားယွင်းသော ကိစ္စ တစ်ခုပင်ဖြစ်ပါသည်။ ဝါးများကို မှန်ကန်သော ရာသီတွင် မခုတ်ခြင်း၊ ဂရုတစိုက် ထိန်းသိမ်းမှုမပြုခြင်းတို့သည် ဝါးများကို ပိုမို ပျက်စီးသွားဖို့ု လွယ်ကူမြန်ဆန်စေသည့်အပြင် ဖျက်ဆီးတတ်သော ပိုးကောင်များကိုလည်း ပိုမိုဆွဲဆောင်နေသလိုဖြစ်နေကြောင်း သုတေတန လေ့လာချက်များအရ သိရှိရသည်။ ထို့ကြောင့် မှန်ကန်ကောင်းမွန်သော ဝါးခုတ်နည်းစနစ်များကို ကျင့်သုံးမှသာလျှင် ခံနိုင်ရည် အားကောင်းသော ဝါးပင်များ တိုးပွားလာနိုင်မည်ဖြစ်ပြီး အရည်အသွေးကောင်းသည့် ဝါးများကို ထုတ်လုပ်နိုင်မည် ဖြစ်ပါသည်။

ဝါးကို အဘယ့်ကြောင့် အချိန်ကိုက် ခုတ်သင့်သည် ဆိုတာကို နားလည်ရန် အတွက် ဝါးတွင် ပါဝင် ဖွဲ့စည်းထားသော အရာများကို သိရှိရန် လိုအပ်ပါသည်။ ဝါးတွင် ကပ်ပါးကောင်များ၊ ပိုးမွှားများအတွက် အဓိကကျသည့် အစာ အာဟာရဖြစ်သည့် ကစီဓါတ် (သကြားဓါတ်) များ မြောက်မြားစွာ ပါဝင်ပါသည်။ ဝါးပင် များသည် ကစီဓါတ်၊ သကြားဓါတ်များဖြင့် ဖွဲ့စည်းထားသည့် ကာဗွန်ဟိုက်ဒြိုက်ဓါတ်နည်းပါးသည့် အချိန်တွင်မှသာ ဖျက်ဆီး စားသောက်ရှင်သန်မည့် ပိုးမွှားများရန်မှ သဘာဝအလျောက် ခုခံကာကွယ် နိုင်စွမ်းရှိကြလေသည်။

ဝါးခုတ်ဖို့ ဘယ်ရာသီက အကောင်းဆုံးလဲ

၀ါးပင်တိုင်းမှာ ပါဝင်တဲ့ သကြားဓါတ်ဟာ ရာသီအလိုက် ပြောင်းလဲမှုရှိသည်။ ခြောက်သွေ့သော နွေရာသီသည် ဝါးပင်များအတွက် ကြီးထွားမှု ခဏတာရပ်တန့်ပြီး အပင်အတွက် စွမ်းအင် သိုလှောင်သောရာသီဖြစ်သည်။ ဝါးပင်တို့သည် လာမည့်မိုးရာသီတွင် အတက်အသစ်များ ရှင်သန်ကြီးထွားလာစေရန်အတွက် လိုအပ်သော အစာအာဟာရ စွမ်းအင်များကို နွေရာသီကာလတွင် ထိန်းသိမ်း သိုလှောင်ကြသည်။ ထို့ကြောင့် နွေရာသီ အကုန်ကာလများသည် ဝါးပင်များ၌ ကစီဓါတ် ပါဝင်မှုအဆင့်မှာ အမြင့်ဆုံး အခြေအနေဖြစ်သည့်အတွက် နွေနှောင်းပိုင်းအချိန်ကာလများတွင် ဝါးခုတ်ခြင်းမှာ ဝါးပင်များကို ဖျက်ပိုးကောင်များ တိုက်ခိုက်ရန်နှင့် မှိုတက်ရန် ပိုမို အခွင့်အရေးပေးလိုက်သကဲ့သို့ ဖြစ်စေနိုင်သည်။

မိုးရာသီအတွင်းမှာတော့ အသစ်ထွက်လာသော အတက်အဖူးများက ဝါးပင်များ၏ ကစီဓါတ်အားလုံးကို စုပ်ယူစားသုံးလိုက်သည့်အတွက် အပင်တွင်း ကစီဓါတ်ပါဝင်မှု ကျဆင်းသွားသည်။ သို့ရာတွင် ဝါးပင်၏ ပင်စည်တွင် ရှိနေသော အစိုဓါတ်ပါဝင်မှုမှာ မိုးရာသီဖြစ်သဖြင့် မြင့်မားကာ ဤသို့ အစိုဓါတ်မြင့်မားနေမှုက ဝါးပင်များကို ခုတ်ထစ်ပြီးချိန်တွင် ကွဲအက်သွားနိုင်ခြေ ပိုများစေသည်။ ထို့အပြင် မိုးရာသီသည် ဝါးပင်များ အဖူးအတက် ရှင်သန်ကြီးထွားရာ ရာသီဖြစ်သဖြင့် ၎င်းရာသီတွင် ဝါးပင်ခုတ်ခြင်းမှာ ရှင်သန်ကြီးထွား စပြုနေသော အတက်၊ အညွှန့်များကိုပါ ပျက်စီးစေနိုင်လေသည်။ ထို့ကြောင့် တနည်းအားဖြင့်ပြောရသော် ဝါးပင်ခုတ်ရန် အကောင်းဆုံးဟု သတ်မှတ်သင့်သော ရာသီများမှာ မိုးရာသီအကုန်နဲ့ နွေရာသီအစ ( သီတင်းကျွတ်-တန်ဆောင်မုန်းမှ စ၍ တပို့တွဲလအတွင်း) တို့ပင် ဖြစ်သည်။

ဝါးပင်အရင့်များကို ဘယ်လိုခွဲခြားသိနိုင်မလဲ

ဝါးပင်များတွင် ကစီဓါတ်ပါဝင်မှုမှာ သက်တမ်းပေါ်တွင် မူတည်၍လည်း ကွဲပြားမှုရှိသည်။ ကစီဓါတ်ပါဝင်မှုမှာ အပင် သက်တမ်း(၁)နှစ်တွင် အနိမ့်ဆုံးဖြစ်ပြီး အပင်သက်တမ်း (၁)နှစ် နှင့် (၃)နှစ်ကြားတွင် အမြင့်ဆုံးဖြစ်သည်။ ပုံမှန်အားဖြင့် ဝါးခုတ်သူတို့သည် မရင့်သေးသော ဝါးပင်များကို ခုတ်ယူလိုစိတ် မရှိကြပေ။ အဘယ်ကြောင့် ဆိုသော် ဝါးပင်နုများကို ခုတ်ခြင်းမှ ရလာသော ဝါးများသည် ခိုင်မာမှုအားနည်းပြီး လွယ်ကူစွာ ခြောက်သွေ့ကာ ပျက်စီးသွားနိုင်၍ ဖြစ်သည်။ ဝါးပင်များကို သက်တမ်း(၄) နှစ်မှ(၇)နှစ် အရွယ်ကို ရင့်သော၊ ခုတ်ထစ် အသုံးပြုနိုင်သော သက်တမ်းဟု ယူဆနိုင်သည်။ သက်တမ်း(၇)နှစ် နောက်ပိုင်းတွင်မူ ဝါးပင်များသည် တဖြည်းဖြည်း ခြောက်သွေ့လာကာ ခိုင်မာမှု အားနည်း လာတတ်သည်။ ရင့်ပြီးသော ဝါးပင်များကိုသာ ခုတ်ထစ်အသုံးပြုခြင်းသည် ရေရှည်တည်တံ့သော ဝါးပင်စိုက်ပျိုးရေးဆိုင်ရာ စီမံခန့်ခွဲမှုအတွက် အရေးပါသော အစိတ်အပိုင်းဖြစ်သည်။

ဝါးပင်များကို အပြင်ပန်းကြည့်ရုံမျှဖြင့် သိသိသာသာ ဂရုမပြုမိနိုင်သော ကြီးထွားမှုအဆင့်(၄)ဆင့် ရှိပါသည်။ ၎င်းတို့မှာ ၁)အပင်စို့ (ဝါးပျံ) အဆင့်၊ ၂) အပင်ပျို အဆင့်၊ ၃) အပင်ရင့် အဆင့်၊ ၄) အပင်အို အဆင့် ( ဝါးနု၊ တညင်၊ ဝါးရင့် ဟု ဒေသတွင် ခေါ်ဝေါ်ကြပါသည်) တို့ဖြစ်သည်။ ဤဖော်ပြ ထားသော အဆင့်များမှာ ဝါးပင်၏ အပြင်ပန်း ပုံသဏ္ဍာန်များကို ကြည့်ရုံနဲ့ သိနိုင်သည်။ အတွေ့အကြုံရှိသော ဝါးပင်ခုတ်သူများမှာ ဝါးပင်၏ ပင်စည်ကို ခဲဖြင့်ခေါက်ကြည့်ရုံနဲ့ဖြစ်စေ၊ ဓါးဖြင့် ခေါက်ကြည့်ရုံနဲ့ဖြစ်စေ ထွက်လာသော အသံကိုကြားရုံမျှဖြင့် အပင် ရင့်မရင့်၊ ခုတ်ရန် ဖြစ်မဖြစ် သိနိုင်ကြလေသည်။

 

ဝါးပင်တစ်ပင်၏ သက်တမ်းသည် အနည်းဆုံး(၄)နှစ်မှ (၇)နှစ် အထိသာ ဖြစ်သင့်သည်။ အကယ်၍ ဝါးပင်သည် (၇)နှစ်ထက် ကြီးရင့်သွားသော် ၎င်းအပင်သည် ခြောက်သွေ့လာပြီး အရည်အသွေးလဲ တဖြည်းဖြည်း ကျဆင်းလာလေသည်။ ယင်းအခြေအနေမျိုးတွင် အဆိုပါဝါးကို ထင်းမီးနဲ့ မီးသွေးအတွက် သုံးရန်မှအပ တခြား ပိုမိုအကျိုးရှိသော ပုံစံများဖြင့် သုံးစွဲ၍ မရတော့သည်ကို ဆိုလိုပါသည်။ သက်တမ်းငယ်သော ဝါးပင်များကို ပင်စည်၏ အရောင်နဲ့ ပင်စည်ဖုံးကို ကြည့်ခြင်းအားဖြင့် လွယ်ကူစွာ ခွဲခြားသိနိုင်သည်။ သက်တမ်းရင့်သော၊ အိုနေပြီးသော ဝါးပင်တို့သည် ပင်စည်ခေါက်များပေါ်တွင် အပွေးတက် နေမှု (မှို - lichens စွဲကပ်နမှု) ပိုမိုများပြားပြီး အရောင်မှာ သက်တမ်းနုစဉ်ကနဲ့မတူပဲ သိသာစွာ ကွဲပြားလေသည်။

ဝါးပင်တစ်ပင်၏ ပင်စည်သည် ကြည်လင် တောက်ပြောင်နေသော အစိမ်းရောင်မှ မီးခိုးရောင်သန်းသော အစိမ်းရင့်ရောင်သို့ ပြောင်းလဲသွားသော အခါဖြစ်စေ၊ အပင်စ ရှင်သန်ကတည်းက ပင်စည်အဆစ် တစ်ခုချင်းစီတွင် ပါလာသော အဖြူရောင်ကွင်းသည် လုံးဝပျောက်ကွယ် လုနီးပါးဖြစ်လာပြီး သိသာ ထင်ရှားသော မီးခိုးရောင်အကွင်းဖြင့် အစားထိုးလာသောအခါတွင်ဖြစ်စေ ထိုဝါးပင်သည် လုံးဝ ရင့်မာပြီးဖြစ်ကြောင်း သက်သေပြနေခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့သော ဝါးပင်ကို ဝါးခင်းထဲမှ ရွေးချယ်ထုတ်ယူ ခုတ်လှဲနိုင်ပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းဝါးပင်၏ အရွက်တို့သည် သက်တမ်းနုသေးသော ဝါးပင်တို့၏ အရွက်များထက် အစိမ်းရောင် တဖြည်းဖြည်း ဖျော့သွားပြီဖြစ်သည်။ အကယ်၍ ဝါးပင်၏ ပင်စည် ကိုယ်ထည်သည် လုံးဝဖြူဖွေးနေပြီး အရောင်မရှိသလောက်လွှင့်ပြယ်နေမည်ဆိုလျှင် ထိုဝါးပင်သည် သက်တမ်းလွန်နေပြီဖြစ်ပြီး အသုံးပြုရန် အိုမင်းလွန်သွားပြီဖြစ်သည်။

ဝါးပင်စည်ပေါ်တွင် စက်ဝိုင်းပုံစံ အဖြူရောင် အစက်အပြောက်ကိိုု ကြည့်ခြင်းအားဖြင့်လည်း ဝါးပင်၏ သက်တမ်းကို ခန့်မှန်းနိုင်လေသည်။ ဝါးပင်ကို ဖုံးလွှမ်းနေသော ထိုအဖြူ အစက်အပြောက်များ၏ အချင်းဝက် ၃စင်တီမီတာ (တစ်လက်မကျော်) ထိရှိပြီ ဆိုလျှင် ဝါးပင် ရင့်နေပြီဖြစ်ကြောင်း သတ်မှတ်နိုင်သည်။

နွေးထွေးစိုစွတ်သော ရာသီဥတုတွင် ရှင်သန်ကြီးထွားနေသော ဝါးပင်တို့တွင် စက်ဝိုင်းပုံ အဖြူရောင် အစက်အပြောက်တို့အပြင် ရေညှိများ တက်နေသည်ကိုလည်း တွေ့ရတတ်သည်။ ဝါးပင်တို့တွင် ထိုမှိုများကို တွေ့ရပါက ဝါးပင် ဖျက်ပိုးကောင်များ၏ အန္တရာယ်မှ ခံနိုင်ရည်ရှိပြီဖြစ်ကြောင်း၊ သက်တမ်းမှာလည်း အနည်းဆုံး (၄)နှစ် ရှိပြီဖြစ်ကြောင်း သိရှိနိုင်ကာ ခုတ်လှဲအသုံးပြုနိုင်ပြီ ဖြစ်သည်။ အဆိုပါ အဖြူအစက်အပျေက်များ ပိုမိုသိသာထင်ရှားကာ ဖြူဖွေးနေပါက ဝါးပင်မှာ သက်တမ်းရင့်ကာ အပင်အိုအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သိနိုင်သည်။

လပြည့် လကွယ်အရ ဝါးခုတ်ခြင်း

လပြည့် လကွယ်တွင် ပြောင်းလဲသော လ၏ ပုံပန်းသဏ္ဍာန်ကို ကြည့်ကာ ဝါးခုတ်နိုင်သည်ဟူသော ကျေးလက်ပြည်သူများ လက်ခံထားသည့် အယူအဆနှင့် ပတ်သက်ပြီး ယခုတိုင် သိပ္ပံပညာရှင်များကြားတွင် အငြင်းပွားနေကြဆဲဖြစ်သည်။ သို့ရာတွင် ကိုလန်ဘီယာနိုင်ငံတွင် ပြုလုပ်ခဲ့သော လေ့လာတွေ့ရှိချက်များအရ သိပ္ပံပညာအရ တွက်ချက်ကာ အချိန်ကိုက်ခုတ်လှဲထားသော ဝါးခင်းများနှင့် လပြည့် လကွယ်ကိုကြည့်ကာ ခုတ်လှဲသော ဝါးခင်းများကြား သိသာသော ကွဲပြားခြားနားမှုများကို တွေ့ရှိခဲ့ကြသည်။ ထိုတွေ့ရှိချက်များတွင် လပြည့်ပြီး ၆ရက်မြောက်နဲ့ ၈ရက်မြောက်နေ့များတွင် လဆွဲငင်အားမြင့်မားမှုကြောင့် ဝါးပင်များ၏ ကစီဓါတ်ပါဝင်မှု အနိမ့်ဆုံး ဖြစ်နေသည်ကို တွေ့ရသည်။

ဝါးပင်များ၏ အစာချက်လုပ်ပုံအဆင့်ဆင့်အရ ကစီဓါတ်များကို အပင်မြစ်များမှ အရွက်သို့ ပို့ဆောင်သည့်ဖြစ်စဉ်ကို မနက်ပိုင်းတွင် စတင် လုပ်ဆောင်ကြလေ့ရှိသည်။ နေ့အပူချိန် ပြင်းလာသည်နှင့်အမျှ ကစီဓါတ်ပို့ဆောင်သည့်လုပ်ငန်းစဉ်မှာ အားအကောင်းဆုံးအချိန်သို့ ရောက်ရှိလာလေဖြစ်သဖြင့် ပင်စည်နှင့် အရွက်များတွင် ကစီဓါတ်များပြားချိန်ဖြစ်သော နေ့ခင်းဘက်တွင် ဝါးပင်များကို ခုတ်လှဲရန် မသင့်တော်ပေ။ သို့ဖြစ်၍ ဝါးပင်များကို ခုတ်လှဲရန် အသင့်တော်ဆုံးအချိန်မှာ ကစီဓါတ်များ အပင်မြစ်တွင်သာ ရှိနေသေးသည့် နေမထွက်ခင်အချိန် (ည၁၂နာရီမှ မနက်၆နာရီ)ကြား ဖြစ်လေသည်။

ဝါးပင်များကို ဤနည်းဖြင့် ခုတ်လှဲပါက ရရှိုနိုင်သော အကျိုးကျေးဇူး(၃)မျိုး ရှိသည်။ ဝါးပင်များကို မနက်စောစော နေမထွက်မှီ ခုတ်လှဲပါက ဝါးပင်ကို ဖျက်ဆီးနိုင်သော အင်းဆက်/ပိုးမွှားများကို ဖိတ်ခေါ်နိုင်ရည် နည်းပါးခြင်း (ကစီဓါတ်နည်းပါးခြင်းကြောင့်)၊ ခုတ်လှဲသော ဝါးပင်များသည် အလေးချိန်လျော့သဖြင့် သယ်ယူပို့ဆောင်ရန် ပိုမို အဆင်ပြေ လွယ်ကူစေခြင်းနှင့် ဝါးပင်များ ခြောက်သွေ့ရန် လွယ်ကူခြင်း တို့ဖြစ်သည်။

ခုတ်လှဲခြင်းနှင့် ကိုင်တွယ်အသုံးပြုခြင်း

ဝါးခုတ်ရာတွင် ဓား သို့မဟုတ် လွှဖြင့် ဝါးပင်၏ မြေပြင်မှ အကွာ ပထမ (သို့မဟုတ်) ဒုတိယ အဆစ်အပေါ်မှ စတင်ခုတ်ပါ။ ဤသို့ ခုတ်ခြင်းဖြင့် မိုးရွာချိန်တွင် ခုတ်ထားသည့် ဝါးဆစ်ပေါ်၌ မိုးရေတင်ကျန်စရာ ချိုင့်ခွက် ရှိတော့မည် မဟုတ်ချေ။ ဝါးဆစ်များပေါ်တွင် ရေဝပ်နေပါက ပုပ်ဆွေးစေနိုင်ပြီး ဝါးပင်၏ အပင်စနစ်ကို အားနည်းသွားစေနိုင်လေသည်။

ဝါးခုတ်နေစဉ်အတွင်းတွင် အပင်မှာရှိနေသော အစို့များကို မထိခိုက်ပါစေနဲ့။ ထိခိုက်မိပါက နောက်ကြီးထွား ရှင်သန်လာမည့် ဝါးပင်၏ ကျန်းမာကောင်းမွန်စွာ ပေါက်ရောက်နိုင်မှုကို ဆိုးကျိုးသက်ရောက်စေပေလိမ့်မည်။

ခုတ်ယူပြီးသော ဝါးများကို မြေကြီးပေါ်တွင် ဒရွတ်တိုက်ဆွဲသွားခြင်း မပြုလုပ်ပါနဲ့။ ဝါးများကို မြေကြီးပေါ်တွင် ဒရွတ်တိုက်ဆွဲယူခြင်းသည် ဝါးချောင်း၏ အပြင်ဖက်လွှာကို ပွန်းပဲ့သွားစေနိုင်သောကြောင့်ဖြစ်သည်။

ထို့အပြင် ဝါးများကို မာကျောသော မြေကြီးပေါ်သို့ ပစ်မချမိပါစေနဲ့။ မြေကြီးမာတွင် ပစ်ချခြင်းမှ ရလာမည့် ဒဏ်ရာတို့သည် ဆိုးရွားသော အစင်းကြောင်းများဖြစ်ပေါ်စေကာ ဝါး၏အသားကို ကွဲအက်စေပေလိမ့်မည်။
ကောင်းမွန်သော ဝါးဖြစ်ကုန်ပစ္စည်းများ ပြုလုပ်ရန်အတွက် အရည်အသွေးကောင်းသည့် ဝါးများကိုသာ ရွေးချယ် သုံးစွဲသင့်သည်။ ပိုးမွှားများ ကျရောက် ဖျက်ဆီးခြင်းကို ခံထားရသော၊ ပျက်စီးနေသော ဝါးများကို အသုံးပြုလျှင် အရည်အသွေးကောင်းသည့် ပစ္စည်းများ ထုတ်လုပ်နိုင်မည် မဟုတ်ပေ။ ကွဲအက်နေသော ဝါးများ၊ ကောက်ကွေးနေသော၊ ပိုးထိုးနေသော ဝါးများကို ဆောက်လုပ်ရေး ပစ္စည်းများအတွက် မသုံးစွဲသင့်ပေ။ ဤသို့သော ဝါးအမျိုးအစားများကို ခုတ်ပိုင်းပြီး စက်ရုံသုံးနဲ့ မီးစာအဖြစ်သာ သုံးစွဲသင့်သည်။

ဝါးခုတ်ပြီးနောက် ငွေ့ရည်ပျံခြင်း

ခုတ်ပြီးသော ဝါးများကို ချက်ချင်း သယ်ယူမသွားဘဲ ဝါးခင်းမှ တခြားအပင်များတွင် အချိန် (၄)ပတ်ကြာလုနီးပါး မှီထားခြင်းကလည်း ဝါးများတွင် ရှိနေသော ကစီဓါတ်များကို လျော့နည်းစေလေသည်။ သို့ရာတွင် သေချာအောင်လုပ်ရမည်မှာ ခုတ်လှဲပြီးသော ဝါးပင်ခြေရင်းကို မြေကြီးနဲ့ တိုက်ရိုက်မထိစေရန် ကျောက်ခဲ သို့မဟုတ် သစ်သားဖြင့် ခုထားပါ။ ဝါးပင်များတွင် ပါရှိသည့် ကစီဓါတ်သည် အပင်ကို ခုတ်လှဲထားသည့်တိုင် အချိန် အတော်ကြာသည် အထိ ပင်စည်ထဲတွင် ရှိနေနိုင်ကြသေးသည်။ ဝါးပင်ခုတ်လှဲပြီး ဝါးခင်းတွင် မှီထားသော ကာလတွင် ဝါးပင်တွင်ရှိသော ကစီဓါတ်တို့ကို အသုံးပြုနေဆဲဖြစ်ကာ ငွေ့ရည်ပျံသွားသဖြင့် တဖြည်းဖြည်း လျော့နည်းလာပေလိမ့်မည်။ ဤနည်းဖြင့် ဝါးပင်များ ခြောက်သွေ့ခြင်း ပိုမိုမြန်ဆန်လာပြီး ကောင်းမွန်သည့် တပြေးညီအရောင်ကို ရရှိပေလိမ့်မည်။

မုဒြာ (အစိမ်းရောင်လမ်း)

ကိုးကား - Guadua Bamboo


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်