ပဲဘက်တီးရီးယားရွက်ခြောက်ရောဂါနဲ့ နေလောင်လက္ခဏာခွဲခြားနည်း

22/12/2023 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

ရာသီဥတု အ​ပြောင်းလဲမြန်ခြင်းနဲ့ အယ်လ်နီညိုရဲ့ ရိုက်ခတ်မှုတွေကြောင့် လူ၊ တိရစ္ဆာန်တွေအတွက် ကျန်းမာ​ရေးအဟန့်အတား​ဖြစ်​စေရုံသာမက အပင်တွေအပေါ်လည်း ထိခိုက်မှုတွေရှိလာပါတယ်။

အခုတ​လော မတ်ပဲ၊ ပဲတီစိမ်းစိုက်​တောင်သူများထံကနေ အ​မေးများ​နေကြတဲ့ ပဲရွက်​​ပြောက်၊ ရွက်​ခြောက်လက္ခဏာအ​ကြောင်း ၊​ဖြေကြားရင်းနဲ့ ဒီစာစု​လေးကို ​ရေးသားတင်ပြလိုက်ပါရစေ။

​မေးခွန်း-၁။

ဆရာ.. ကျ​နော့ပဲခင်းမှာ အရွက်​လေး​တွေ ​ခြောက်လိုက်လာလို့၊ ဘက်တီးရီးယား ရွက်​ခြောက်​ရောဂါလား ဘယ်လိုဆက်လက်​ဆောင်ရွက်သင့်ပါသလဲ?..ဆိုပြီး အပင်ပုံနဲ့တကွ​မေးလာပါတယ်။

​မေးခွန်း-၂

ကျ​နော့ ပဲခင်းကို ​ရေသွင်း​ပေးလိုက်တာ အခုလိုဖြစ်သွားပါတယ်ခင်ဗျာ .. ဆေးဖျန်းလို့ရပါသလား။

ကြုံဖူးတဲ့သူရှိရင် မှတ်ချက်​​ပေးသွားကြပါဆိုပြီး အပင်ပုံနဲ့တကွ ​မေးလာပြန်ပါတယ်။ မေးခွန်းရှင်​တွေဟာ ဧရာဝတီတိုင်းကပါ။

ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး စဖြေရမယ်ဆို ပဲပင်များ ကြိုက်နှစ်သက်တဲ့ အပူချိန်ကပဲ စရပါမယ်။

 

  • ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုပ်စတဲ့ ပဲအမျိုးအစား​တွေက အပူချိန်၁၅°Cနဲ့ ၃၀°C အကြား ကြိုက်နှစ်သက်​လေ့ရှိကြပါတယ်။
  • အ​အေးကြိုက်တဲ့ ပဲပုပ်သီးနှံပင် အပူချိန် ၁၈°- ၂၈°C အကြားဖြစ်ထွန်းနိုင်ပါတယ်။
  • ပဲပင်​တွေက များ​သောအားဖြင့် အပူချိန်ကွာခြားချက်များခြင်းဒဏ်ကို ခံနိုင်ရည်နည်းကြပါတယ်။

အထူးသဖြင့် ဆောင်းသီးနှံ ပဲတီစိမ်း၊ မတ်ပဲပင်တွေမှာ ဒီဇင်ဘာလ နှင်းဖြိုင်ဖြိုင်ကျ​သော နံက်ခင်းတွေမှာ အပူချိန် ၁၃°Cရှိ​နေပြီး နေ့လယ်နေပူချိန် ၃၅ °Cထက်​ကျော်လွန်ပါက အရွက်တွေမှာ နေလောင်တဲ့ (Sun burn or  Ozone damage) လက္ခဏာ ​တွေ့ရတတ်ပါတယ်။

 

နောက်တစ်ခုက ဘက်တီးရီးယားရွက်ခြောက်ရောဂါအကြောင်းပါ။ ဒီရောဂါမှာ ၂ မျိုးရှိပါတယ်။

 

 

 ၁။ Common blight ရိုးရိုးရွက်​ခြောက်​ရောဂါ (Xanthomonas campestris pv phaseoli)

၂။ halo blight ဟေလိုရွက်​ခြောက်​ရောဂါ (Pseudomonas syringae pathovar phaseolicola).

အရွက်မှာပြတဲ့ ​ရောဂါလက္ခဏာ

အရွက်ပေါ်မှာ ​ရေစိုနာလက္ခဏာ စတင်ဖြစ်လာပါတယ်။ ရွက်ကြောများအကြား ​ဒေါင့်ချွန်ပုံ အစက်အပြောက်တွေ ​တွေ့ရပါတယ်။

​ရောဂါပြင်းထန်လာရင် ဆဲလ်​သေကွက် ကျယ်လာပြီး ညိုမဲ​ရောင်အကွက် ကျယ်လာပါတယ်။

ဆဲလ်​သေကွက်ရဲ့ ​ဘေးနှုတ်ခမ်းနားမှာ အဝါရောင်တစ်သျှူးများဖြင့် ဝန်းရံထားလေ့ရှိပါတယ်။ ​ရေစိုနာနဲ့အဝါရစ်ဟာ ထူးခြားတဲ့ လက္ခဏာပါ။ ကူးစက်မြန်ပါတယ်။ ပုံမှာလည်း ပြထားပါတယ်။

နေလောင်ဒဏ်ရာဖြစ်တဲ့ပုံကတော့ (Sun burn/Ozone damage)

ပဲပင်​တွေက ညမှာ​အေးပြီး၊ မနက်ခင်း နှင်းကျရင် အပင်ဖြစ်ထွန်းမှု အ​ကောင်းဆုံးအ​နေအထားဖြစ်ပြီး ဒီအချိန်မှာ ရုတ်တရက် အပူချိန်မြင့်လာလျှင်ဖြစ်စေ (ခရမ်းလွန်​ရောင်ခြည်တိုက်ရိုက်ကျ​ရောက်လျှင်ဖြစ်စေ) နေ​ရောင်ခြည် အများဆုံးထိ​သော​နေရာ​တွေမှာ ဆဲလ်​သေကွက်​တွေ ​ပေါ်လာပါတယ်။

​နေပူချိန်မှာ Sulphur 80%​တွေ ဆေးပူ​တွေ ဖျန်းမိရင် အရွက်​လောင်တဲ့ လက္ခဏာမျိုး(မီး​လောင်ဒဏ်ရာလို) အရွက်​လောင်တဲ့ပုံစံ အတူတူပါပဲ။

(ဆိုတော့ အပူချိန် ၈၀°F =27°C အ​ခြေအ​နေမှာ ဓာတု​ဆေးများ ဖျန်းခြင်း မလုပ်သင့်ပါ)

ပုံမှာ ပြထားပါတယ်။

​နေပူ​လောင်နာနဲ့ ဘက်တီးရီးယား ရွက်​ခြောက်ကွာခြားချက်က

  • ရေစိုနာ မဖြစ်ဘဲ တိုက်ရိုက် ​ကောက်ရိုး​ရောင် ဖြစ်​စေပါတယ်။
  • အဝါရစ် အနားသတ်မ​တွေ့ရပါဘူး။
  • တစ်ပင်မှတစ်ပင် မကူးစက်ပါဘူး။

ပြန်လည်ကုစားနည်း(Remedial treatment)

 

ဘက်တီးရီးယား ရွက်​ခြောက်​ရောဂါ ဖြစ်ပါက

Xanthomonas sp အတွက်

  • ​ ကော့ပါးဟိုက်​ဒြောက်ဆိုဒ်+ ကာဆူကာမိုင်စင်
  •  ကော့ပါးဟိုက်​ဒြောက်ဆိုဒ် + ဘစ်စမာသိုင်ယာဇိုး

Pseudomonas  sp ကတော့ ကုသဖို့ခက်ပါတယ်။

တက်ထရာဆိုက်ကလင်း၊ အောက်ဆီတက်ထရာ၊ စထရက်တိုမိုက်စင် ကလိုရိုဒ် လိုမျိုးဆေးတွေသုံးလို့ရပါတယ်။

နေ​လောင်/​ဆေး​လောင်ဒဏ်ရာ​ကြောင့် ဖြစ်ပါက...

  • ဓာတု ​မြေသြဇာ​ကျွေးခြင်း၊ ဓာတုအား​ဆေး၊​ ဟော်မုန်းဆေးဖျန်းခြင်း မလုပ်သင့်ပါ။
  • နေ့လယ်ချိန် ​ရေဖျန်းခြင်း၊​ ရေသွင်းခြင်း ​ရှောင်ပါ။
  • နံနက်၊ ည​နေချိန်ဓာတုမဟုတ်​သော အမိုင်နိုအား​ဆေး သို့မဟုတ် သဘာဝ အပင်​​ဟော်မုန်းအား​ဆေး(PGR)ဖျန်း​ပေးသင့်ပါတယ်။
  • Green houseမှာဆိုပါက ယာယီအရိပ်ဖန်တီးခြင်း
  • ​မြေဖုံးပစ္စည်းအသုံးပြုခြင်း
  • Drip irrigation ဖြင့် ​ရေ​ပေးခြင်းပြုလုပ်နိုင်ပါတယ်။

ကဲ ဒါဆိုမိတ်​ဆွေရဲ့ပဲခင်းမှာ အရွက်နား​​လေး​တွေ​ခြောက်​နေရင် ဘက်တီးရီးယား ရွက်​ခြောက်​ရောဂါလား ​နေ​လောင်ဒဏ်ရာရ​နေလား  ဆိုတာ ခွဲခြားသိနိုင်​လောက်ပြီလို့ ယူဆပါတယ်။

​စေတနာများစွာဖြင့်

ဒို့ဦး​လေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်