အိန္ဒိယက(G to G)ဖြင့် မြန်မာပဲများကိုဆက်လက်၀ယ်ယူရန် အလားအလာရှိနေ

11/12/2025 10:47 AM တွင် AMIA AMIA မှ ရေးသား

အိန္ဒိယက မြန်မာအပါအ၀င် အာဖရိကနိုင်ငံအချို့မှ အစိုးရခြင်းသဘောတူညီမှု(G to G)ဖြင့် ပဲ၀ယ်ယူတင်သွင်းခြင်းကို ဆက်လက်ဆောင်ရွက်မည့် အလားအလာရှိနေကြောင်း အိန္ဒိယ မီဒီယာအချို့ကဖော်ပြကြသည်။

အစိုးရချင်း သဘောတူညီမှုဖြင့် ၅နှစ်တာ ပြည်ပမှ ပဲ၀ယ်ယူတင်သွင်းမည့် အစီအစဉ်ကို သက်ဆိုင်ရာ၀န်ကြီးဌာနအချင်းချင်း ကော်မတီများတွင် သဘောတူညီမှုရရှိထားပြီး ပြည်ပရေးရာ ၀န်ကြီးဌာနမှတစ်ဆင့် ၃ နိုင်ငံသံတမန် ညှိနှိုင်းဆောင်ရွက်ရန်သာလို‌ကြောင်း အိန္ဒိယအစိုးရ အရာရှိတစ်ဦး၏ ပြောကြားချက်ကိုကိုးကားပြီး ဖော်ပြထားသည်။

အိန္ဒိယအစိုးရက ၂၀၂၆-၂၇ ဘဏ္ဍာနှစ်မှ ၂၀၃၀- ၃၁ ဘဏ္ဍာနှစ်အထိ ၅နှစ်တာ နှစ်နိုင်ငံအစိုးရ(G to G) သ‌ ဘောတူညီမှုဖြင့် ပဲတင်သွင်းမည့်အစီအစဉ်ကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားရန် ရှိ‌နေခြင်းဖြစ်သည်။

"သက်တမ်းတိုးလည်း ၀ယ်လိုအားက အပြောင်းအလဲမရှိရင် ဘာမှမထူးပါဘူး။ G to G လက်မှတ်ထိုးလည်း ကုန်သည်ကဈေးမပေးရင် ပြည်တွင်းဈေးပါလာမှာမဟုတ်ဘူး"ဟု ပြည်တွင်းကုန်သည်တစ်ဦးက သူ၏အမြင်ကိုပြောသည်။

အိန္ဒိယသည် အစိုးရခြင်းသဘော တူညီမှုဖြင့် ၂၀၂၁-၂၂ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၆ဘဏ္ဍာနှစ်အထိ တစ်နှစ်လျှင် မတ်ပဲတန်ချိန် နှစ်သိန်းခွဲ၊ ပဲစင်းငုံတန်ချိန် တစ်သိန်းကိုလွတ်လပ်စွာ၀ယ်ယူရန် သဘောတူညီခဲ့သည်။ အိန္ဒိယအစိုးရ၏ G to G ဖြင့် ပဲ၀ယ်ယူရေး ၅ နှစ် အစီစဉ်က လာမည့် ၂၀၂၆ မတ်လတွင် သတ်တမ်း ကုန်ဆုံးမည်ဖြစ်သည်။

မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ မတ်ပဲနှင့်ပဲစင်းငုံတင်ပို့ရာတွင် နှစ်စဉ်အစိုးရခြင်းသဘောတူထားသည့် ပမာဏထက်ကျော်လွန်နေသည်။ ပြီးခဲ့ သည့်၂၀၂၄- ၂၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် ၇သိန်းကျော်၊ ပဲစင်းငုံတန်ချိန် ၄သိန်းကျော်ကို အိန္ဒိယက ၀ယ်ယူတင်သွင်းခဲ့သည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် မတ်ပဲစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်ပြီး တစ်နှစ်တန်ချိန် ၂ ဒ သမ ၉ သန်းကျော် ထုတ်လုပ်သော်လည်း ပြည်တွင်းစားသုံးမှုလိုအပ်ချက်ကြောင့် မြန်မာနိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့မှ မတ်ပဲများ၀ယ်ယူတင်သွင်းနေရသည်။ ထို့အတူ ပဲစင်းငုံကိုလည်း မြန်မာနိုင်ငံနှင့်အတူ မိုဇမ်ဘစ်၊ မလာဝီနိုင်ငံတို့မှလည်း တင်သွင်းနေသည်။

မြန်မာနိုင်ငံသည် နှစ်စဉ် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းအပါအ၀င် ပဲအမျိုးစားများစွာ စိုက်ပျိုးပြီး ပြည်ပဈေး ကွက်သို့ တင်ပို့ရောင်းချနေသည်။ယခုဘဏ္ဍာနှစ်တွင်လည်း ပြည်ပသို့ ပဲမျိုးစုံ တန်ချိန် (၁ ဒသမ ၈ သန်း ) တင်ပို့ပြီးနိုင်ငံခြား၀င်ငွေ အမေရိကန်ဒေါ်လာ (၁ ဒ သမ ၅ ဘီလီယံ) ရရှိရန် ရည်မှန်းထားသည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်