ပဲကြီး ဈေးကျရိပ်ပြလာပြီး ကုလားပဲ၊ စားတော်ပဲနဲ့ နှမ်းမျိုးစုံ ဈေးတွေတက်နေ

12/01/2024 15:39 PM တွင် AMIA AMIA မှ ရေးသား

ပြည်တွင်းစားသုံးမှု အဓိကဖြစ်တဲ့ ပဲကြီးက စျေးအနည်းငယ်ကျရိပ်ပြပေမယ့် ကုလားပဲကစျေးနှုန်း ထပ်တက်လာသလို စားတော်ပဲနဲ့ နှမ်းမျိုးစုံ စျေးလည်းတက်လာပါတယ်။

ကုလားပဲစျေးကွက်

ကုလားပဲကတော့ ရန်ကုန်ရော မန္တလေး ကုန်စည်စျေးကွက်မှာပါ စျေးနှုန်းတွေထပ်မံမြင့်တက်လာပါတယ်။

ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ  ကုလားပဲဖြူလုံး တစ်ပိဿာကို ၅၁၆၅ ကျပ်မှ ၅၃၃၅ ကျပ်ရှိပြီး ကုလားပဲဖြူလုံးကြီး တစ်ပိဿာကို ၅၃၃၀ မှ ၅၅၀၀  ကျပ်စျေးတန်းရှိလာတာကြောင့် ပြီးခဲ့တဲ့တစ်ပတ်နဲ့ယှဥ်ရင် တစ်ပိဿာကို ၄၀၀ ကျပ်အထက် ထပ်မံ မြင့်တက်လာပါတယ်။

မန္တလေးစျေးကွက်မှာလည်း  ကုလားပဲ v2 က ၃၁၀၀၀၀ ကျပ်၊ ကုလားပဲ v7 ၃၁၂၅၀၀  ကျပ်၊ ကုလားပဲ 929 က ၂၉၃၀၀၀ မှ ၂၉၅၀၀၀ ကျပ်စျေးပေါက်လို့ အရင်တပတ်ကထက်  တစ်အိတ်ကို ၁၁၀၀၀ မှ ၁၂၅၀၀   ကျပ်ထပ်တက်လာတယ်လို့သိရပါတယ်။

ကုလားပဲက ပြည်တွင်း စားသုံးမှုလည်းရှိသလို ပြည်ပတင်ပို့မှုလည်းရှိတာကြောင့် လက်ရှိကာလက ပြည်ပက ဝယ်လိုအားရှိချိန်နဲ့ ပြည်တွင်းပဲလက်ကျန်နည်းချိန် ကြုံနေတဲ့အတွက် စျေးမြောက်လာတာဖြစ်ပါတယ်။

ဒါကြောင့် ပြည်ပကဝယ်လိုအားရှိလာချိန်နဲ့ ပြည်တွင်းလက်ကျန်နည်းတဲ့အချိန်တွေမှာ စျေးတန်းကမြင့်တက်လာပြီး ဒေါ်လာစျေးအတက်အကျ အပေါ်လိုက်ပြီးလည်း စျေးနှုန်းမတည်ငြိမ်မှုဖြစ်တတ်တယ်လို့ ကုန်သည်တွေကဆိုပါတယ်။

ကုလားပဲအသစ်တွေက လာမယ့် ဖေဖော်ဝါရီ လကုန်နဲ့ မတ်လလောက်မှာ စတင်ထွက်ရှိမှာဖြစ်ပြီး အသစ်ပေါ်ချိန်မှာလည်း စျေးတန်းက အများကြီးကျဆင်းနိုင်တဲ့အခြေအနေမရှိဘူးလို့ကုန်သည်တွေကသုံးသပ်ထားပါတယ်။

မန္တလေးနဲ့အောင်လံကထွက်တဲ့ V2 ၊ V7 ကုလားပဲနဲ့ မြကြေးမုံ ကုလားပဲ တွေက ပြည်ပကိုတင်ပို့မှုရှိပြီး ကျန်တဲ့ ပဲတွေက ပြည်တွင်းစားသုံးမှု အဓိကဖြစ်ပါတယ်။

ပဲကြီးစျေးကွက်

ပဲကြီးကတော့ ပြည်တွင်းစားသုံးမှုသာအဓိက ဖြစ်ပြီး ခုတပတ် ရန်ကုန်စျေးကွက်မှာ စျေးတန်းငြိမ်နေပြီး မန္တလေးကုန်စည်စျေးကွက်မှာတော့ ကျရိပ်ပြလာပါတယ်။ 

ဒါပေမယ့် ပြည်တွင်း စားသုံးမှုအဓိကဖြစ်လို့ စျေးတန်းက အမ​ျားကြီးကျ ဆင်းနိုင်ဖွယ်မရှိသလို စျေးတက်နိုင်တဲ့အခြေအနေလည်း မရှိဘူးလို့ သိရပါတယ်။

 မန္တလေးစျေးကွက်မှာ ပဲကြီး ( လတ် )၅၅.၂၅ ပိဿာကို ၃၈၀၀၀၀ ကျပ် ရှိလို့ အရင်တပတ်ကထက် ၂၀၀၀၀ ကျပ်ကျလာပြီး   ပဲကြီး (သေး  )က ၃၆၅၀၀၀ မှ  ၃၇၀၀၀၀ ကျပ်စျေးပေါက်လို့ အရင်တပတ်ကထက် ၅၀၀၀  မှ ၁၀၀၀၀ ကျပ် စျေးကျသွားတာတွေ့ရပါတယ်။

ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာတော့ အကျမရှိဘဲ အရင်တစ်ပတ်စျေးတန်းဖြစ်တဲ့   ပဲကြီး (ကုန်း) တစ်ပိဿာကို ၆၄၃၀ မှ ၆၇၈၅ ကျပ်ရှိပြီး ပဲကြီး (ရွှေကျွန်း ) တစ်ပိဿာကို ၇၀၇၅ မှ ၇၄၃၅ ကျပ်စျေးတန်းမှာပဲ ရှိနေပါတယ်။

 လက်ရှိမှာပဲကြီးက လက်ကျန်အဟောင်းသာရှိပြီး ပဲအသစ်တွေက မပေါ်သေးပါဘူး။ ပဲအထွက်နှုန်းလျော့ကျရင် စျေးကတက်နိုင်ပြီး အထွက်နှုန်းပိုလျှံရင်တော့ စျေးတန်းက ပြန်အေးသွားနိုင်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

နှမ်းစျေးကွက် 

နှမ်းကို တရုတ်က အဝယ်လိုက်လာတာကြောင့် မန္တလေးစျေးကွက်မှာ နှမ်းမျိုးစုံ စျေးနှုန်းတွေ မြင့်တက်လာနေတယ်လို့သိရပါတယ်။

မန္တလေး ကုန်စည်စျေးကွက်မှာ နှမ်းနက် စမုံက ၄၅ ပိဿာကို ၃၄၀၀၀၀ ကျပ်မှ ၃၈၀၀၀၀ ကျပ်စျေးပေါက်လို့ ၁၀၀၀၀ ကျပ် တက်လာ၊ နှမ်းဖြူဂျပန်က ၃၈၅၀၀၀ ကျပ်မှ ၃၉၀၀၀၀ သိန်းစျေးပေါက်လို့ ၂၀၀၀၀ ကျပ် တက်လာ ပြီး နှမ်းဖြူရိုးရိုးကလည်း ၃၅၀၀၀၀ ကျပ်မှ ၃၆၅၀၀၀ ကျပ်စျေးပေါက်လို့ ၂၀၀၀၀ ကျပ် တက်လာကာ နှမ်းညိုကလည်း ၂၉၅၀၀၀ ကျပ်မှ ၃၀၀၀၀၀ ကျပ်စျေးပေါက်လို့ ၁၅၀၀၀ ကျပ် တက်လာ ပါတယ်။

နှမ်းကို တရုတ်ကသာအဓိကဝယ်ယူတာကြောင့်  တရုတ်အဝယ်လိုက်ချိန် စျေးတက်ပြီး ဝယ်လိုအားလျော့ပါက စျေးတန်းက ပြန်အေးသွားတတ်တယ်လို့ကုန်သည်တွေကဆိုပါတယ်။

တရုတ်က အက်ဆစ်လွတ်တဲ့နှမ်းကိုသာအဓိကဝယ်ယူတဲ့အတွက် အက်ဆစ်လွတ်တဲ့နှမ်းကစျေးကောင်းရပါတယ်။

စားတော်ပဲစျေးကွက်

စားတော်ပဲကတော့ ပြည်တွင်းစားသုံးမှုသာအဓိကရှိပြီး လက်ရှိကာလမှာ  ပဲလက်ကျန်အဟောင်း နည်းလာတာကြောင့် စျေးတန်းကတက်လာတာဖြစ်တယ်လို့သိရပါတယ်။

မန္တလေးကုန်စည်စျေးကွက်မှာ စားတော်ပဲ( ကနေဒါ) ၅၉.၂၅ ပိဿာကို  ၂၈၀၀၀၀ မှ ၂၈၂၀၀၀ ကျပ်၊ စားတော်ပဲ( ယူကရိန်း) က ၂၆၆၀၀၀ ၂၇၀၀၀၀၊ စားတော်ပဲ (ကျွန်း )၃၁၀၀၀၀ မှ ၃၆၀၀၀၀ ကျပ်စျေးပေါက်နေလို့ အရင်တစ်ပတ်ကထက် တစ်အိတ်ကို ၁၀၀၀ မှ ၁၀၀၀၀ ကျပ်အထိစျေးမြင့်တက်လာပါတယ်။

ပြည်တွင်းကထွက်ရှိတဲ့ စားတော်ပဲကျွန်းက စားသုံးမှုများပြီး အရသာ နူးညံ့မှုရှိတာကြောင့် လက်ကျန်နည်းလာတဲ့အခါ စျေးတန်းကအမြင့်ဆုံးဖြစ်နေတာဖြစ်ပါတယ်။

 ချစ်ခွန်းချို(AMIA)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်