တောင်သူတွေကို အကျိုးပြုမယ့်မြေဆီလွှာ ဆိုတာ..

06/08/2024 11:00 AM တွင် ဒေါက်တာစန်းလှထွေး ဒေါက်တာစန်းလှထွေး မှ ရေးသား

မြေဆီလွှာဆိုတာ အပင်များကြီးထွားရန်အတွက် အထောက်အကူပြုသော  ကမ္ဘာ့မြေ မျက်နှာပြင် အပေါ်ယံရှိ အလွှာပါးဖြစ်ပါတယ်။  ပြိုကွဲ ကျေပျက်ပြီးသော တွင်းထွက်သတ္တုများ နှင့်  ဆွေးမြည့်နေသော သက်ရှိပစ္စည်းများ ရောနှော ပါ၀င်ဖွဲ့စည်းထားပါတယ်။ အပင်များ အတွက် အာဟာရနှင့်ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးပြီး ရေနှင့်လေပေါက်များ ပါဝင်ပါတယ်။

မြေဆီလွှာ ဖြစ်ပေါ်စေသော အကြောင်းအရင်း ယေဘုယျအားဖြင့် (၅) ချက် ရှိပါတယ်။ အဲဒါတွေကတော့ ရာသီဥတု၊ သက်ရှိနှင့် သဘာဝပေါက်ပင်၊ မြေမျက်နှာသွင်ပြင်အနေအထား၊  အမိကျောက်လွှာနှင့် အချိန် တို့ ဖြစ်ပါတယ်။ အဲဒီအကြောင်းရင်းများကို ကြည့်ရအောင်ပါ။

ရာသီဥတုဟာ မြေသားထုများ ဖြစ်စဉ် ပြောင်းလဲမှုကို လွှမ်းမိုး/ထိန်းချုပ် နိုင်ပါတယ်။

ရာသီဥတုလို့ဆိုရာမှာ  အဓိကအနေဖြင့် အစိုဓာတ်နှင့် အပူချိန် ပါဝင်ပါတယ်။ မိုးရေချိန်များပါက မြေချဉ်ပြီး မြေသားထုတွင်းရှိ ကာဗွန်နိတ် ၊ နိုက်ထရိုဂျင် ၊ ရွှံ့စေးဓာတ် ပါဝင်မှုများ များလာနိုင်ပါတယ်။ အပူချိန်များပါက မြေသားထု အရောင် အနီရင့်ရောင်ဖြစ်ခြင်း၊  နိုက်ထရိုဂျင်နှင့် သစ်ဆွေး ဓာတ် ပါဝင်မှုနည်းခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒုတိယအချက်က သက်ရှိ၊ သဘာဝပေါက်ပင်ပါ။

သက်ရှိ၊ သဘာဝပေါက်ပင် အနေနဲ့ ပြောရရင်တော့ အဏုဇီဝသက်ရှိများ၊ တိရစ္ဆာန်များက မြေမှုန်များကို ရောနှောစေကာ မြေသားထုအတွင်း မြောင်းလေးများ၊ အပေါက်ငယ်များ ဖြစ်ပေါ်စေနိုင်ပါတယ်။  အဏုဇီဝသက်ရှိများက အမြစ်နှင့် မြေဆီလွှာကြား အာဟာရဓာတ် ရရှိစေရေး စွမ်းဆောင်ပေးနိုင်ပါတယ်။  ဒါ့အပြင် လူသားများကြောင့်  မြေဆီလွှာကို များစွာအကျိုးသက်ရောက်မှုရှိ ပါတယ်။  ဥပမာ−  သစ်တောများ ခုတ်ထွင်ရှင်းလင်းခြင်းကြောင့် သစ်တောများ ပြုန်းတီးကာ မြေဆီလွှာ တိုက်စားခြင်း၊ အပေါ်ယံမြေများ ဆုံးရှုံးခြင်းကို ဖြစ်ပေါ်စေပါတယ်။  စက်မှုလယ်ယာများ လုပ်ကိုင်ခြင်းကြောင့် အသုံးပြုတဲ့  စက်ကြီးများ၏ ဝန်အားကြောင့် မြေသားထုမာစေပြီး မြေသားအတွင်းသို့ ရေစိမ့်ဝင်မှု နည်းစေပါတယ်။ သဘာဝပေါက်ပင်များကို ကြည့်မည်ဆိုပါက သစ်တောနှင့်မြက်ခင်းနှိုင်းယှဉ်လျှင် သစ်တောရှိမြေဆီလွှာက မြေပိုကောင်းတာကို တွေ့နိုင်သော်လည်း အမျိုးအစား မတူညီသော သစ်ပင်များကြောင့် မြေသား ကွာခြားနိုင်ပါတယ်။ ဥပမာ ထင်းရှုးပင်ရှိ ထင်းရှုးရွက်ကြွေများကြောင့်  မြေချဉ်ပြီး မြေသားဖွဲ့စည်းမှုညံ့စေတာကို တွေ့နိုင်ပါတယ်။ အခြားရွက်ကြွေသစ်တောများ၊ အမြဲစိမ်းသစ်တောများမှာတော့ မြေသားဖွဲ့စည်းမှုကောင်းတာကို တွေ့နိုင်ပါတယ်။ 

တတိယအချက်ကတော့ မြေမျက်နှာသွင်ပြင် အနေအထား ဖြစ်ပါတယ်။

မြေမျက်နှာသွင်ပြင် အနေအထားမှာ  ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေတည်ရှိမှု၊ ဆင်ခြေလျှော၊ တောင်ကုန်း တောင်စောင်း မြေပြန့်၊ တောင်စောင်းများ၏ နေသို့ မျက်နှာမူမှု နှင့် နေရောင်ခြည်ရရှိမှု အနေအထား၊ ရေသွင်းရေထုတ်အခြေအနေ စတာတွေ  ပါဝင်ပါတယ်။ မြေမျက်နှာသွင်ပြင် အနေအထားက မြေဆီလွှာ ဖြစ်ပေါ်မှု မည်သည့်နေရာမှ စတင်သည်ကို သိရှိနိုင်ပါတယ်။ ဆင်ခြေလျှော အနေအထား၊ လျှောစောက် ရာခိုင်နှုန်း၊ တောင်စောင်းမှနေကို မျက်နှာမူမှု့အပေါ်မူတည်ပြီး မြေထုအတွင်းရှိ အစိုဓာတ်နဲ့ အပူချိန်ကို အကျိုးသက်ရောက်မှု ရှိစေပါတယ်။  ယေဘုယျအားဖြင့် လျှောစောက်ရာခိုင်နှုန်းများပါက   မြေသားထုအတွင်းပိုင်းသို့ ရေစိမ့်ဝင်မှုနည်းပြီး မြေမျက်နှာပြင်ပေါ် ရေစီးဆင်းမှုများစေသည့်အပြင် သစ်ဆွေးဓာတ်ပါဝင်မှုနည်းကာ မြေသားထုပါးသည်ကို တွေ့နိုင်ပါတယ်။ 

စတုတ္ထအချက်ကတော့ အမိကျောက်လွှာ ဖြစ်ပါတယ်။

အမိကျောက်လွှာက မြေသား အနုအကြမ်း၊ မြေဆီလွှာတွင် ပါဝင်သော အာဟာရဓာတ်၊ မြေဆီလွှာ၏ ဂုဏ်သတ္တိများကို ဆုံးဖြတ်သည်သာမက အမိကျောက်လွှာတွင် ပါဝင်သော သတ္တုဓာတ် များက မြေဆီလွှာဖြစ်ပေါ်မှု ဖြစ်စဉ်ကို ဆုံးဖြတ်ပါတယ်။ ကျောက်သားထုမှ မြေသားထု ဖြစ်ပေါ်စေရန် နှစ်ပေါင်း  (၁) သန်းကနေ (၂) သန်း ကြာမြင့်နိုင်ပါတယ်။

နောက်ဆုံးအချက်ကတော့ အချိန်ကာလ ဖြစ်ပါတယ်။

မြေသားထုဖြစ်ပေါ်စေရန် လိုအပ်သော အမိကျောက်လွှာ၊ ရာသီဥတု၊ မြေမျက်နှာသွင်ပြင် အနေအထားနှင့် သက်ရှိ သဘာဝပေါက်ပင် စသည့် အချက်များဟာ နေရာဒေသအလိုက် မတူညီကြသလို မြေသား ဖြစ်ပေါ်မှုအတွက်  ကြာမြင့်သည်အချိန်လည်းမတူညီကြပါ။ ဒါ့ကြောင့် မြေသားဖြစ်ပေါ်မှုနှုန်း ခန့်မှန်းချက် အမျိုးမျိုးကွာခြားတာကို တွေ့နိုင်ပါတယ်။ ယေဘုယျအားဖြင့်  မြေသားထု (၁) လက်မ ဖြစ်ပေါ်ရန် နှစ်ပေါင်း (၁၀၀) ကြာနိုင်တယ်လို့ သုတေသနပညာရှင်များ ဆိုပါတယ်။ Simonson (1959) ၏ ခန့်မှန်းချက်က မြေသားထု (၁) စင်တီမီတာ ဖြစ်ရန်   ၁၂.၅ နှစ်ခန့်သာ ကြာမည်ဖြစ်ပြီး Wakatsuki and Rasyidin(1992)က မြေသားထု (၁)စင်တီမီတာ ဖြစ်ရန်   ၁၇၈ နှစ် ခန့် ကြာတယ်လို့ ခန့်မှန်းခဲ့ပါတယ် ။ ဒီလိုမြေသားဖြစ်ပေါ်မှုနှုန်း ခန့်မှန်းချက် အမျိုးမျိုးကွာခြားခြင်းဟာ  မိခင်ကျောက်သားအခြေအနေ မတူညီခြင်းနှင့် မြေသားဖြစ်ပေါ်ရန် အတွက် စွမ်းအင်လိုအပ်မှုများ မတူညီမှုကြောင့် ဖြစ်ပါတယ်။

မြေဆီလွှာဖြစ်ပေါ်စေသော အကြောင်းအရင်းများကို  ယေဘုယျအားဖြင့် ဆွေး နွေးပြီးတဲ့နောက်မှာ မြေအမျိုးအစားအလိုက်  ဂုဏ်သတ္တိများနဲ့  အဲဒီမြေအမျိုးအစားမှာ စိုက်ပျိုးရန်  သင့်လျော်တဲ့ သီးနှံပင်များအကြေင်း ဆွေးနွေးလိုပါတယ်။

မြေဆီလွှာကို ယေဘုယျအားဖြင့် အရွယ်အစားပေါ်မူတည်၍ သဲ၊ နှုန်း၊ မြေစေးစသဖြင့် အမျိုးအစား (၃) မျိုး ခွဲခြားနိုင်ပါတယ်။ သဲ၊ နှုန်း၊ မြေစေး (၃)မျိုးဟာ အချိုးအမျိုးမျိုးဖြင့် ရောနှောပေါင်းစပ်ကာ တည်ရှိနေပါတယ်။ မတူညီသော မြေမှုန်ပေါင်းစပ်မှုများကြောင့် မြေဆီလွှာ၏ ဂုဏ်သတ္တိများသည်လည်း ကွဲပြားခြားနားကြပါတယ်။ မြေမှုန်ပေါင်းစပ်မှုများ ပေါ်မူတည်ပြီး မြေအမျိုးအစား၊ မြေသားအနုအကြမ်း ကွာခြားပါတယ်။ သဲမြေ၊ သမဆန်သော သဲမြေ၊ သဲဆန်သောမြေစေးသမမြေ၊ နှုန်းသမမြေ၊ နှုန်းဆန်သောမြေစေးသမမြေ၊ မြေစေးဆန်သော သမမြေ၊ နှုန်းမြေ၊ သဲဆန်သော မြေစေး၊ မြေစေး၊ အလွန်စေးသော မြေစေး  စသဖြင့်  အမျိုးမျိုး ကွာခြားကြပါတယ်။

မြေစေးရဲ့ အရည်အသွေး လက္ခဏာများကတော့ -  ရေထိန်းသိမ်းနိုင်စွမ်းမြင့်မားခြင်း၊ မြေဆီလွှာအတွင်း လေနှင့်ရေ ရွေ့လျားမှု နှေးကွေးခြင်း၊ မြေတွင်း အစိုဓာတ် များပါက ပွပြီး မြေတွင်းခြောက်တွေ့ပါက ပတ်ကြားအက်ခြင်း၊  အပင်အတွက် လိုအပ်သော အာဟာရဓာတ်များကို ထိန်းသိမ်းနိုင်မှု ကောင်းခြင်း၊ ဓာတ်ဖိုဖလှယ်နိုင်စွမ်းကောင်းခြင်း၊ အစိုဓာတ်များပါက မြေကျပ်လွှာဖြစ်စေနိုင်ခြင်းတို့ ဖြစ်ပါတယ်။ စပါးကဲ့သို့ ရေလိုအပ်မှုများသော သီးနှံပင်များ ထွန်ယက်စိုက်ပျိုးရန် သင့်လျော်ပါတယ်။ အခြားသင့်လျော်သော သီးနှံပင်များကတော့ ဘရိုကိုလီ၊ မုန်ညင်း၊ ဂေါ်ဖီထုတ်၊ ကိုက်လန်၊ ပဲ၊ အာလူး၊ ဆလပ်၊ ပဲသီးတောင့်၊ ပဲမျိုးစုံ၊ မုန်လာဥစသည်တို့ ဖြစ်ပါတယ်။ အခြားသီးနှံများ ဖြစ်သော အမြစ်တိမ်သော အပင်များလည်း သင့်လျော်ပါတယ်။

သဲမြေ၏ အရည်အသွေး လက္ခဏာများကတော့ - ရေကို ကြာရှည်ထိန်းသိမ်းနိုင်စွမ်း မရှိပါဘူး။ မြေဆီလွှာအတွင်း လေနှင့်ရေ ရွေ့လျားမှု မြန်ဆန်ပါတယ်။ ရေထုတ်ရ လွယ်ကူပါတယ်။ လေပေါက်ရေပေါက် ကြီးပြီး လေပေါက်ရေပေါက် အရေအတွက်နည်းပါတယ်။ ရေကြောင့် မြေဆီလွှာဟာ ကျုံ့ခြင်း ပြန့်ခြင်းမရှိပါဘူး။ အပင်အတွက် လိုအပ်သော အာဟာရဓာတ်များ ထိန်းနိုင်မှု၊ အားနည်းပါတယ်။ ဓာတ်ဖိုဖလှယ်နိုင်စွမ်း နည်းပါတယ်။ မြေကြပ်လွှာ မဖြစ်နိုင်ပါဘူး။ မုန်လာဥ၊ ခါကျက်ဥ၊ အာလူး၊ ဆလတ်၊ ခရမ်းချဉ်၊ ဘူးဖရုံ၊ ပြောင်း၊ ကညွတ်၊ ဖရဲ၊ ပဲမျိုးစုံ၊ သခွား၊ မြေပဲ၊ နှံစားသီးနှံများ စိုက်ပျိုးရန် သင့်လျော်ပါတယ်။  ဒါပေမဲ့ မြေဆီလွှာ ပြုပြင်ပစ္စည်းများဖြစ်တဲ့ သစ်ဆွေးမြေသြဇာများ၊ နွားချေးဆွေး၊ ကြက်ချေးဆွေး၊ သိုးဆိတ်ချေးဆွေးတို့ ထည့်သွင်းပြီး စိုက်ပျိုးပါက မြေသားထုအတွင်း ရေထိန်း သိမ်းနိုင်မှု စွမ်းရည်မြင့်မားပြီး အာဟာရဓာတ်များ အပင်မှရရှိနိုင်မှု  ပိုမိုကောင်းမွန်နိုင်ပြီး အောင်မြင် ဖြစ်ထွန်းနိုင်ပါမယ်။  ဒါ့အပြင် ဓာတ်မြေသြဇာထည့်သွင်းရာမှာလည်း ထည့်သွင်းရ မည့် ပမာဏကို တစ်ကြိမ်တည်း မထည့်သွင်းဘဲ အကြိမ်ကြိမ် ခွဲ၍ ထည့်သွင်းရန် လိုအပ်ပါတယ်။ 

နုန်းမြေရဲ့  အရည်အသွေးလက္ခဏာများကတော့ - သဲမြေနှင့် နှိုင်းယှဉ်ပါက ရေထိန်းသိမ်းနိုင်မှု ပိုကောင်းပါတယ်။  မြေဆီသြဇာဓာတ် မြင့်မားပါတယ်။ ရေသွင်းရေထုတ် ကောင်းမွန်ပါတယ်။ အလွယ်တကူ မြေကြပ်လွှာ ဖြစ်နိုင်သလို၊ မိုးရေဖြင့် အလွယ်တကူ စီးမျှောသွားနိုင်ပါတယ်။ ဂျုံ၊ အာလူး၊ ပဲမျိုးစုံ၊ ဥစားသီးနှံများ၊ ဟင်းသီးဟင်းရွက်များ မျိုးစုံ စိုက်ပျိုးနိုင်ပါတယ်။

သမမြေရဲ့ အရည်အသွေး လက္ခဏာများကတော့  - သဲမြေနှင့် မြေစေး နှစ်မျိုးစလုံး၏ အရည်အသွေးများ ပိုင်ဆိုင်ပါတယ်။ သဲနှင့် မြေစေးတို့၏ လွန်ကဲသော ဂုဏ်သတ္တိများ မရှိသည့်အတွက် အပင်များအတွက် စံအဖြစ် သတ်မှတ်နိုင်သော မြေအမျိုးအစား ဖြစ်ပါတယ်။ သဲမြေထက် ပို၍ အာဟာရဓာတ်ထိန်းနိုင်ပါတယ်။ ဂျုံ၊ ကြံ၊ ဝါ၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ၊ ခရမ်းချဉ်၊ ငရုတ်၊ သခွား၊ ဘိုစားပဲ၊ ကြက်သွန်နီ၊ ဆလတ်၊ ဖူးစားပြောင်း၊ ရုံးပတီ၊ မုန်လာဥ၊ ခရမ်း၊ ခါကျက်ဥ၊ တိုင်ထောင်ပဲ၊ ဟင်းနုနွယ်စသဖြင့် သီးနှံ အမယ်စုံ စိုက်ပျိုးဖြစ်ထွန်းနိုင်ပါတယ်။

ဒါဆို ကိုယ့်စိုက်ခင်းထဲက မြေကို ဘယ်လိုအလွယ်တကူ ခွဲခြားသိနိုင်မလဲ။ ပုံမှာ ပြထားတဲ့အတိုင်း အလွယ်လုပ်ဆောင်ကြည့်ပြီးတော့ ခွဲခြားသိရှိနိုင်ပါတယ်။ 

တောင်သူများအနေနဲ့ မိမိ စိုက်ပျိုးနေတဲ့ မြေဆီလွှာရဲ့ အခြေခံအကြောင်းရင်းများ၊ ဂုဏ်သတ္တိများနဲ့ သင့်လျော်တဲ့ သီးနှံပင်များကို သိရှိနားလည်ပြီး စိုက်ပျိုးအောင်မြင်နိုင်စေရန်အတွက် ရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်