BAP ဆိုတာဘာလဲ?
BAP (Best Aquaculture Practices) သည် ရေနေသတ္တဝါမွေးမြူထုတ်လုပ်မှုတွင် တိုးတက် မြင့်မားဘေးကင်းလုံခြုံသည့် အဆင့်မြင့် လုပ်ထုံးလုပ်နည်းများကို ဆိုလိုသည်။ BAP စံနှုန်းများသည် မွေးမြူရေးစနစ်များ၊ ဖမ်းဆီးမှု၊အလုပ်သမားအခွင့်အရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းမှု၊ အစာအသုံးပြုမှု အရည်အသွေးထိန်းချုပ်မှု စသည်တို့ကို အာရုံစိုက်ပြီး တိကျသော စံသတ်မှတ်ချက်များ ထားရှိသည်။
BAP Certificationဆိုတာကကော ဘာလဲ?
BAP အသိအမှတ်ပြုလက်မှတ် (BAP Certification) ကိုရရှိရန် ငါးသားပေါက်ထုတ်လုပ်သည့် ရုံများ (Hatchery)၊ အသားတိုးငါး မွေးမြူရေးကန်များ (Grow-out Farm) ၊ ငါးအစာထုတ်လုပ်သည့် စက်ရုံများ (Fish Feed Plant) ၊ ငါးပြုပြင်ထုတ်လုပ်သည့် စက်ရုံများ (Fish Processing Establishment) တို့သည် BAP စံနှုန်းများနှင့် ကိုက်ညီကြောင်း သက်သေပြရန် လိုအပ်သည်။
အဆိုပါ BAP Certificate ရရှိထားသော သက်ဆိုင်ရာ ကဏ္ဍအလိုက် ထုတ်ကုန်များနှင့် ပတ်သက်၍ တရားဝင်တာဝန်ယူမှုရှိပြီး ရေရှည်အကျိုးစီးပွားအတွက် ရေသတ္တဝါမွေးမြူရေး ထုတ်ကုန်များကိုသာ အသုံးပြုသည်ဟု သက်သေပြနိုင်သည်။
BAP Certificate ရရှိရန် လိုက်နာရမည့်အချက်များ
BAP စံနှုန်းများသည် ရေသတ္တဝါမွေးမြူရေးလုပ်ငန်းများအတွက် တာဝန်ယူမှုရှိသော ထုတ်လုပ်မှုစံနှုန်းများကို သတ်မှတ်ထားသည်။ BAP Certificate လက်မှတ်ရရှိရန် လိုက်နာရမည့် အချက်များမှာ -
(၁) ပတ်ဝန်းကျင်ထိန်းသိမ်းရေးတာဝန်ယူမှု (Environmental Responsibility)
ရေသန့်ရှင်းမှု - မွေးမြူရေးလုပ်ငန်းတွင် အသုံးပြုပြီးသည့် ရေကိုသာမက ရေထွက် ပစ္စည်းများကို သန့်စင်စွာ ထုတ်လုပ်ရာတွင် အသုံးပြုပြီးသည့် ရေဆိုး (Wastewater) များကို သင့်တော်သည့် ပြုပြင်မှု (Treatment) ပြုလုပ်ပြီးမှသာ ပတ်ဝန်းကျင် မထိခိုက်အောင် စွန့်ပစ်ရန်။
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချမှု - သစ်တောထိန်းသိမ်းမှုနှင့် သဘာဝမြေဆီလွှာ ပျက်ဆီးမှု မဖြစ်အောင် ထိန်းသိမ်းခြင်း။
ငါးမွေးမြူရေးကန်မြေဖန်တီးမှု - သဘာဝသယံဇာတများကို မဖျက်ဆီးဘဲ ရေရှည်တည်တံ့သောစနစ်ဖြင့် မွေးမြူခြင်း
(၂) မွေးမြူထားသည့်သတ္တဝါများ ကောင်းစွာနေနိုင်ရန်နှင့် ကျန်းမာရေး စောင့်ရှောက်ပေးမှု (Animal Health & Welfare)
ရောဂါထိန်းချုပ်မှု - မွေးမြူရေးကန်များတွင်ငါး၊ပုစွန်နှင့်ရေနေသတ္တဝါများ၏ ကျန်းမာရေးကို ထိန်းသိမ်းခြင်း။
ဆေးဝါးအသုံးပြုမှု - သုံးစွဲခွင့်ပြုထားသည့် ထိရောက်သော ဆေးဝါးအသုံးပြုမှုများကိုသာ လိုက်နာခြင်း။
ကျွေးမွေးမှုစနစ်များ - သဘာဝနှင့်ကိုက်ညီမှုရှိပြီးအာဟာရပြည့်ဝစွာပါဝင်ရေးနှင့် ကျန်း မာရေးထိခိုက်မှုမရှိစေရေး။
(၃) အလုပ်သမားနှင့် လူ့အခွင့်အရေး (Social Responsibility)
အလုပ်သမားအခွင့်အရေး - မတရားဖိအားပေး အလုပ်လုပ်စေခြင်း (Forced Labour) နှင့် ကလေးအလုပ်သမား (Child Labour) ကို တားမြစ်ခြင်း။
လုပ်သားများအား လုပ်ခလစာနှင့် အခွင့်အရေးများပေးခြင်း - တရားဝင်သော လုပ်ခလစာနှင့် တူညီသော အခွင့်အရေးများကို ရရှိစေရေး။
လုံခြုံမှုနှင့် ကျန်းမာရေး - လုပ်သားများအတွက် လုံခြုံသော လုပ်ငန်းခွင်နှင့် ကျန်းမာရေးစောင့် ရှောက်မှုများကို ထောက်ပံ့ခြင်း။
(၄) အစားအသောက်ဘေးအန္တရာယ်ကင်းရေးနှင့် နောက်ကြောင်းပြန်ခြေရာခံခြင်း (Food Safety & Traceability)
ပြုပြင်ထုတ်လုပ်မှု (Processing) နှင့် ထုတ်ပိုးမှု (Packaging) စံနှုန်းများအတိုင်း ကိုက်ညီ အောင် ဆောင်ရွက်ခြင်း
သန့်ရှင်းမှုရှိပြီးဘေးကင်းသည့် အရည်အသွေးပြည့်မီသော ထုတ်ကုန်များ ထုတ်လုပ်ခြင်း
ထုတ်ကုန်၏မူလအစ(Source)များကိုလိုအပ်ပါကနောက်ကြောင်းပြန် ခြေရာခံနိုင်စေရန် ရှင်းလင်းသည့် မှတ်တမ်းများ ထားရှိခြင်း။
(၅) သားဖောက်ရုံနှင့် အသားတိုးမွေးမြူရေးကန်များအား စီမံခန့်ခွဲခြင်း (Farm & Hatchery Management)
မွေးမြူမှုဆိုင်ရာ အဆင့်မြှင့်တင်မှု - သားဖောက်ရုံနှင့် အသားတိုးမွေးမြူရေးကန်များတွင် ခေတ်မီအဆင့်မြင့်နည်းပညာများ အသုံးပြုခြင်း။
လက်တွေ့ကျသော စီမံခန့်ခွဲမှုများ - ရေနေသတ္တဝါမွေးမြူရေးလုပ်ငန်းများကို လက်တွေ့ကျစွာ စနစ်တကျ စီမံခန့်ခွဲခြင်း
မတူညီသောလုပ်ငန်းများအကြား သက်ဆိုင်မှု ရှိစေရန် ထိန်းသိမ်းမှု - ငါးမွေးမြူရေးလုပ် ငန်း (သားပေါက်/အသားတိုး)၊ အစာထုတ်လုပ်မှု၊ ငါးပြုပြင်ထုတ်လုပ်မှုလုပ်ငန်းများ ကြားတွင် သက်ဆိုင်မှုရှိစေရန်၊ အရည်အသွေးထိန်းသိမ်းနိုင်ရန် ဆောင်ရွက်ခြင်း။
BAPs စံနှုန်းများကို လိုက်နာခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ
Best Aquaculture Practices (BAPs) စံနှုန်းများကို လိုက်နာခြင်းသည် ရေသတ္တဝါ မွေးမြူ ရေးလုပ်ငန်းများ၊ စားသုံးသူများနှင့် ပတ်ဝန်းကျင်အတွက် များစွာသော အကျိုးကျေးဇူးရရှိနိုင်မည် ဖြစ်သည်။ အဓိက အကျိုးကျေးဇူးများမှာ -
(၁) စျေးကွက်ဝင်ခွင့်နှင့် ရောင်းအားတိုးတက်မှု
BAP လက်မှတ်ရရှိသူများသည် အပြည်ပြည်ဆိုင်ရာ စျေးကွက်များ (ဥပမာ - USA, EU, JAPNA, CHINA, CANADA, SOUTH KOREA, MIDDLE EASTRN COUNTRIES-UAE, SAUDI, etc., ...) သို့ ပို့ကုန်များ တင်ပို့နိုင်ခြင်း။
BAP အသိအမှတ်ပြုထုတ်ကုန်များသည် စားသုံးသူများ၏ ယုံကြည်မှုကို ရရှိနိုင်ခြင်း။
စျေးကွက်အတွင်း ယှဉ်ပြိုင်မှုအားကောင်းပြီး ရောင်းအားတိုးတက်စေခြင်း။
(၂) အရည်အသွေးမြင့်သော ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်း
မွေးမြူရေး ရေထွက်ကုန်ပစ္စည်းများတွင် တားမြစ်ထားသော ဆေးဝါးများနှင့် ဓာတုပစ္စည်းများ ကို စံနှုန်းနှင့်အညီ ထိန်းချုပ်ထားနိုင်ခြင်း။
စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းသော စားသောက်ကုန် (Safe Food) များ ထုတ်လုပ်ပေးခြင်း။
မတော်တဆ ဖြစ်နိုင်သော ရောဂါများကို ကြိုတင်ကာကွယ်နိုင်ခြင်း။
(၃) ပတ်ဝန်းကျင်ထိန်းသိမ်းမှု
ရေသန့်ရှင်းမှု - လုပ်ငန်းကဏ္ဍအလိုက် အသုံးပြုသည့် ရေအားသန့်ရှင်းမှု ရှိစေရန် ထိန်းသိမ်း နိုင်ခြင်း။
သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျော့ချပြီး မွေးမြူမှုကို တာရှည် တည်တံ့စေခြင်း။
အန္တရာယ်ရှိသော ဓာတုပစ္စည်းနှင့် ဆေးဝါးများ အသုံးပြုမှုကို လျော့ချနိုင်ခြင်း။
(၄) အလုပ်သမားအခွင့်အရေးများ ပိုမိုကောင်းမွန်ခြင်း
BAP စံနှုန်းများသည် လူ့အခွင့်အရးများကို ထိန်းသိမ်းရန် တာဝန်ယူမှုရှိခြင်း။
အလုပ်သမားများကို တရားဝင်လုပ်ခလစာ၊ အလုပ်ချိန် သတ်မှတ်မှုများနှင့် လုံခြုံမှုရှိသော လုပ်ငန်းခွင်များ ပေးနိုင်ခြင်း။
အလုပ်သမားများဆိုင်ရာ ဥပဒေအတိုင်း အခွင့်အရေးများကို လက်ခံနိုင်စေခြင်း။
(၅) စဉ်ဆက်မပြတ်တိုးတက်မှုနှင့် စံချိန်မီမှု
BAP စံနှုန်းများကို လိုက်နာခြင်းဖြင့် နည်းပညာအသစ်များနှင့် အဆင့်မြင့်မှုများကို လိုက်နိုင် စေခြင်း။
မွေးမြူရေးစန်စများကို ပိုမိုကောင်းမွန်လာစေရန် အဆင်မြှင့်ခြင်းနှင့် သေချာသည့် နည်းပညာ ဖြစ်စေခြင်း။
အရည်အသွေးကို ထိန်းသိမ်းပြီး အနာဂတ်တွင် မျှတသော စီးပွားရေးဖွံ့ဖြိုးမှုများ ရှိနိုင်ခြင်း။
(၆) စားသုံးသူ ယုံကြည်မှုရရှိခြင်း
စားသုံးသူများ အနေဖြင့် BAP လက်မှတ်ရှိသော ထုတ်ကုန်များကို ပိုမိုယုံကြည်မှု ရှိစွာ ဝယ်ယူစားသုံးနိုင်ခြင်း။
BAP အသိအမှတ်ပြုထုတ်ကုန်များသည် တာဝန်ယူမှုရှိသော မွေးမြူမှုမှ ထွက်ပေါ်လာသည်ဟု ယုံကြည်မှုရရှိခြင်း
BAP လက်မှတ်ကြောင့် Customer Loyalty (ဝယ်လိုအားဆက်ရှိမှု) တိုးမြှင့်နိုင်ခြင်း။
BAP စံနှုန်းများကို လိုက်နာခြင်းသည် မွေးမြူရေးလုပ်ငန်းများအတွက် စီးပွားရေးပိုင်းမှာ သာမက လူ့အခွင့်အရေးပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် လုပ်သားကျန်းမာရေးတို့ကိုပါ အကျိုးပြုနိုင် သော စံနှုန်းတစ်ခုဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ရေချိုငါးမွေးမြူရေးလုပ်ငန်းသည် ကမ္ဘာ့အဆင့် ရေချိုမွေးမြူရေးငါး ထုတ်လုပ်မှုတွင် ထိပ်ဆုံး (၁၀) နိုင်ငံအတွင်း ပါဝင်နေပါသည်။ ရေချိုမွေးမြူရေးငါးများတွင် အဓိက ငါးမြစ်ချင်းကို အများဆုံးမွေးမြူကြပြီး ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးခေါင်းပွ၊ ရွှေဝါငါးကြင်း မွေးမြူမှုသည် စုစုပေါင်း ရေချိုငါးမွေးမြူခြင်း၏ ၇၀% ကျော်ရှိပါသည်။
ပြင်ပသို့တင်ပို့ရာတွင်လည်း မွေးမြူရေးထွက်ကုန် ရေချိုငါးများကို Gulf Cooperation Council (GCC) အဖွဲ့ဝင် (၆) နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ကူဝိတ်၊ ကာတာ၊ ဘာရိန်းနှင့် အိုမန်နိုင်ငံတို့ကို အဓိကတင်ပို့လျက်ရှိပါသည်။ လက်ရှိမှာ ဆော်ဒီအာရေဗျနိုင်ငံက မြန်မာနိုင်ငံက ရေချိုမွေးမြူရေးငါးတွေကို (၂၀၁၈) ခုနှစ်ကတည်းက တင်သွင်းခွင့်ပိတ်ပင် ထားတာ ဖြစ်ပါသည်။
ယင်းကြောင့် BAPs စံနှုန်းများအတိုင်း အကောင်အထည်ဖော်လိုက်နာကျင့်သုံးပြီး BAPs Certificate ရယူထားခြင်းဖြင့် ဆော်ဒီအာရေဗျနိုင်ငံသာမက အခြားသော စျေးကောင်းရရှိနိုင်သည့် စျေးကွက်များဖြစ်သည့် USA, EU, Japan, China, Canada, South Korea နိုင်ငံများသို့ပါ တိုးမြှင့် တင်ပို့နိုင်မည်ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ

Aqua ဘူစတာ

Aqua ကယ်လဆီယမ်
