ဂေါ်ဖီထုပ်လိပ်ပြာပိုးကို ဘယ်လိုကာကွယ်နှိမ်နင်းရမလဲ?

27/12/2024 10:30 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

စိုက်ခင်းထဲမှာရှိတဲ့ ကိုက်လန် သို့မဟုတ် အခြား brassica မျိုးရင်းဝင် (ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ မုန်ညှင်း) အပင်များရဲ့အောက်ခြေမှာ အစိမ်းရောင် ပိုးလောက်ကောင်ငယ်လေးများကို တွေ့ရှိရတယ်ဆိုရင် သင့်ရဲ့စိုက်ခင်းထဲမှာ ဂေါ်ဖီထုပ်လိပ်ပြာပိုး (cabbage worms) ရဲ့ သားလောင်းတွေရှိနေပြီလို့ ယူဆနိုင်ပါတယ်။ ဂေါ်ဖီထုပ်လိပ်ပြာပိုးဟာဆိုရင် မျိုးစိတ်များစွာရှိတာ ဖြစ်ပါတယ်။ ဂေါ်ဖီထုပ်စိုက်ခင်းတွေမှာ အများဆုံးတွေ့ရှိရတဲ့ အဖျက်ပိုးတွေကတော့ ဂေါ်ဖီထုပ်လိပ်ပြာပိုး (Pieris rapae)၊ ဂေါ်ဖီထုပ်ပိုးစိမ်းကောင် (Trichoplusia ni) နဲ့ စိန်ကွက်ဖလံ (Plutella xylostella) တို့ပဲ ဖြစ်ကြပါတယ်။

ဂေါ်ဖီထုပ်လိပ်ပြာပိုးရဲ့ သားလောင်းတွေဟာဆိုရင် Cruciferous ဟင်းသီးဟင်းရွက်တွေဖြစ်ကြတဲ့ ထိုင်ဝမ်မုန်ညှင်း၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥ၊ မုန်ညှင်းစိမ်း စတဲ့ အပင်တွေပေါ်မှာ စားသောက်ဖျက်ဆီးကြတာ ဖြစ်ပါတယ်။ ထို့အပြင် ၎င်းတို့ဟာ တောင်ကြာကလေး (nasturtiums) ကဲ့သို့သော မုန်ညင်းဆီပါဝင်တဲ့ ပန်းပင်များနဲ့ Brassicaceae မျိုးနွယ်ဝင်ဖြစ်တဲ့ ပေါက်ပေါက်ဆုပ်ပန်း (sweet alyssum) ကဲ့သို့သော ပန်းများကိုပါ တိုက်ခိုက်နိုင်တာ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ ပိုးဖလံ (သို့မဟုတ်) လိပ်ပြာတွေကတော့ ပန်းပွင့်များမှ ဝတ်ရည်ကို စုပ်ယူစားသုံးကြတာဖြစ်ပြီး ၎င်းအခြေအနေကတော့ သားလောင်းများကျရောက်သကဲ့သို့ အပင်များကို ထိခိုက်ပျက်စီးမှု မဖြစ်စေနိုင်ပါဘူး။ 

ဂေါ်ဖီထုပ်လိပ်ပြာပိုးကောင်တွေက ဘယ်လိုပုံစံရှိသလဲ 

ပိုးလောက်ကောင်တွေကို အပင်များရဲ့အနီးနားမှာ စတင်တွေ့ရှိပါက မကြာခင်မှာပဲ သီးနှံတွေ ထိခိုက်ပျက်စီးလာမှာကို မြင်တွေ့ရနိုင်တာကြောင့် ဂေါ်ဖီထုပ်လိပ်ပြာပိုးရဲ့  သားလောင်းများနဲ့ အရွယ်ရောက်ပြီး ပိုးကောင်တွေရဲ့ ပုံပန်းသဏ္ဌာန်ကိုသိရှိဖို့ရာ ၎င်းတို့ရဲ့ ဘဝစက်ဝန်း (life cycle) ကို အကျွမ်းတဝင်သိထားဖို့ လိုအပ်ပါတယ်။ တစ်နှစ်အတွင်းမှာ အဖျက်ပိုးရဲ့ သက်တမ်းနဲ့ မျိုးဆက်အရေအတွက်ဟာ ကွဲပြားပေမဲ့လည်း အဖျက်ပိုး မျိုးစိတ်သုံးခုရဲ့ ဘဝစက်ဝန်းကတော့ တူညီကြပါတယ်။ အရွယ်ရောက်ပြီးတဲ့ လိပ်ပြာ (သို့မဟုတ်) ဖလံတွေဟာ  ဝတ်ရည်ကိုစုပ်ယူစားသောက်ပြီး လက်ခံပင်များပေါ်မှာပဲ ဥချကြတာ ဖြစ်ပါတယ်။ ဥကနေပေါက်လာတဲ့ သားလောင်းတွေဟာဆိုရင် လက်ခံပင်ပေါ်မှာ ဆိုးဆိုးရွားရွား စားသောက်ဖျက်ဆီးပြီးနောက် ပိုးရုပ်ဖုံး (pupae) ပြုလုပ်ဖို့ရာအတွက် အပင်ပေါ်မှာ အကာအကွယ်ရှိတဲ့နေရာကို ရှာဖွေမှာဖြစ်ပါတယ်။ အဲ့ဒီနောက် ပိုးရုပ်ဖုံးတွေဟာ အရွယ်ရောက်တဲ့ ပိုးကောင်များအသွင်သို့ ပြောင်းလဲသွားပြီးနောက် အဖျက်ပိုးရဲ့ ဘဝစက်ဝန်း တဖန်ပြန်လည်စတင်မှာ ဖြစ်ပါတယ်။ 

နေ့ခင်းဘက်မှာ ပျံဝဲနေတတ်တဲ့ အရွယ်ရောက်ပြီးသော ဂေါ်ဖီထုပ်လိပ်ပြာတွေရဲ့ အဖြူခပ်မှိုင်းမှိုင်းရှိတဲ့ အရှေ့တောင်ပံတစ်ခုချင်းစီရဲ့ပေါ်မှာ အမည်းရောင်အစက် တစ်ခု (သို့မဟုတ်) နှစ်ခုပါရှိပါတယ်။ ၎င်းတို့ရဲ့ အတောင်ပံဟာဆိုရင် ၂ လက်မခန့် ရှိကြပါတယ်။ အရွယ်ရောက်ပြီးတဲ့ အကောင်တွေဟာ ၎င်းတို့ရဲ့ဥတွေကို အရွက်တွေရဲ့ အပေါ်ဘက်နဲ့ အောက်ဘက်မှာ ဥချထားလေ့ ရှိပါတယ်။ ဥတွေဟာ အဝါရောင်ရှိပြီး ဘဲဥပုံသဏ္ဌာန်ရှိကြပါတယ်။ ကတ္တီပါစိမ်းရောင်ရှိတဲ့ သားလောင်းတွေဟာ အရွယ်ရောက်လာတဲ့အခါမှာ ၁ လက်မအထိ ရှည်လျားလာပြီး ၎င်းတို့ရဲ့ ကျောဘက်နဲ့ ခန္ဓာကိုယ်တစ်လျှောက်မှာ အဝါရောင် အစင်းကြောင်းတွေ ပါရှိတာ ဖြစ်ပါတယ်။ ၎င်းတို့ဟာ လက်ခံပင်တွေပေါ်မှာ ၁၅ ရက်ခန့် စားသောက်ဖျက်ဆီးပြီးနောက် အနှောက်အယှက်ဖြစ်လာတဲ့အခါမှာ တဖြေးဖြေးနဲ့ ပြောင်းရွှေ့သွားကြမှာ ဖြစ်ပါတယ်။ ဂေါ်ဖီထုပ်လိပ်ပြာပိုးတွေဟာ တစ်နှစ်လျှင် မျိုးဆက် နှစ်ခုမှ သုံးခုအထိ ပွားလေ့ရှိကြပါတယ်။ 

ဂေါ်ဖီထုပ်လိပ်ပြာပိုး ကျရောက်ခြင်းရဲ့ လက္ခဏာများ

၎င်းတို့ရဲ့ ပြင်းပြသော အစာစားချင်စိတ်ကြောင့် “ပိုး” ကောင်တွေကို အပင်တစ်ပင်လျှင် ၂ ကောင် သို့မဟုတ် ၃ ကောင်နှုန်းဖြင့် တွေ့ရှိနိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်းနဲ့ ဂေါ်ဖီထုပ်တွေရဲ့ အတွင်းဘက်ထဲကို အဖျက်ပိုးရဲ့ သားလောင်းတွေ ဝင်ရောက်ထားတဲ့ အပေါက်များရှိ မရှိကို ရှာဖွေသင့်ပါတယ်။ ထို့အပြင် ဂေါ်ဖီထုပ်လိပ်ပြာပိုးတွေ တွယ်ကပ်နေတတ်တဲ့ နေရာဖြစ်တဲ့ ပင်မရွက်ကြောနဲ့ အရွက်ရဲ့အောက်ပိုင်းတို့ကို သေချာစစ်ဆေးသင့်ပါတယ်။ အထူးသဖြင့် အကောင်ပေါက်ပြီး အလွန်သေးငယ်တဲ့အချိန်မျိုးမှာ အစိမ်းရင့်ရောင်ရှိနေခြင်းဟာ ၎င်းတို့ကို ရှာဖွေတွေ့ရှိဖို့ ခက်ခဲနိုင်ပါတယ်။ အခြားသောပိုးကောင်များကဲ့သို့ပင် ၎င်းတို့ဟာ အရွက်များနဲ့ သီးနှံများကို ကိုက်ဖြတ်စားသောက်လာတာနဲ့အမျှ အရွယ်အစား ပိုကြီးလာမှာ ဖြစ်ပါတယ်။ အစာစားပြီးတဲ့အခါ သားလောင်းတွေဆီကနေ အစိမ်းရောင်လွှစာမှုန့်ကဲ့ စွန့်ပစ်အညစ်အကြေးတွေ ထွက်လာမှာဖြစ်ပြီး ၎င်းတို့ကိုတွေ့ရှိရခြင်းဟာလည်း မိမိရဲ့စိုက်ခင်းမှာ ဂေါ်ဖီထုပ်လိပ်ပြာပိုး ရှိနေခြင်းရဲ့ နောက်ထပ်လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဂေါ်ဖီထုပ်လိပ်ပြာပိုးများ ဆိုးဆိုးရွားရွား ကျရောက်တဲ့အခါ အရွက်များကို ထိခိုက်ပျက်စီးစေပြီး အစာချက်လုပ်နိုင်မှုကိုလျော့နည်းစေကာ အပင်ကိုပါ သေစေနိုင်တာ ဖြစ်ပါတယ်။ 

ကာကွယ်နှိမ်နင်းနည်း

ဂေါ်ဖီထုပ်လိပ်ပြာပိုးကို ကာကွယ်ဖို့ရာ ပထမဆုံးပြုလုပ်သင့်တဲ့ အရာကတော့ စိုက်ခင်းကို ပေါင်းမြက်သန့်ရှင်းရေးပြုလုပ်သင့်တာ ဖြစ်ပါတယ်။ စိုက်ပျိုးရာသီ ကုန်ဆုံးချိန်မှာ ပိုးမွှားတွေ ကျရောက်ထားသည်ဖြစ်စေ မကျရောက်ထားသည်ဖြစ်စေ အဖျက်ပိုးမွှား ခိုအောင်းနိုင်တဲ့ နေရာများကို ဖယ်ရှားရှင်းလင်းဖို့ လိုအပ်ပါတယ်။  ကပ်ပါးပြုနကျယ်နဲ့ ကပ်ပါးပြု ယင်တို့ဟာ ဂေါ်ဖီထုပ်လိပ်ပြာအတွက် သားရဲကောင်တွေဖြစ်တာကြောင့် ၎င်းတို့ကနေလည်း သဘာဝအတိုင်း နှိမ်နင်းပေးနိုင်ပါတယ်။ နောက်တစ်နည်းကတော့  အဖော်ပင်စိုက်ပျိုးတဲ့နည်းလမ်း ဖြစ်ပါတယ်။ ဂေါ်ဖီစိုက်ခင်းရဲ့ အနီးအနားမှာ နံနံပင်၊ စမုန်ဖြူ၊ အားလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ထပ်တရာပန်း၊ ရို့မေရီ၊ ကလျာဏီ စတဲ့ အပင်တွေကို တွဲဖက်စိုက်ပျိုးထားခြင်းဖြင့် အကျိုးပြုအင်းဆက်တွေကို ဆွဲဆောင်နိုင်ပြီး မလိုလားအပ်တဲ့ အဖျက်ပိုးများကို ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။  

နောက်ထပ် သဘာဝနည်းလမ်းကတော့ ဂေါ်ဖီပင်တွေမှာ ကျရောက်တတ်တဲ့ ခန္ဓာကိုယ်ပျော့ပျောင်းသော အင်းဆက်တွေကို တမာဆီအသုံးပြုပြီး ကာကွယ်နှိမ်နင်းခြင်းဖြစ်ပါတယ်။ တမာဆီဟာဆိုရင် အဖျက်ပိုးများကို ကာကွယ်ပေးရုံသာမက မှိုရောဂါများကိုပါ ဟန့်တားပေးနိုင်တာ ဖြစ်ပါတယ်။ နောက်ဆုံးတစ်နည်းကတော့ မုန့်ဖုတ်ဆိုဒါ အသုံးပြုခြင်းဖြစ်ပါတယ်။ မုန့်ဖုတ်ဆိုဒါဟာ ဂေါ်ဖီထုတ်လိပ်ပြာပိုး တစ်မျိုးတည်းကိုသာ နှိမ်နင်းပေးနိုင်တာ မဟုတ်ပါဘူး။ အခြားသော အဖျက်ပိုးတွေကိုလည်း နှိမ်နင်းပေးနိုင်တာကြောင့် အသုံးပြုနည်းကို မျှဝေပေးလိုက်ပါတယ်။

- မုန့်ဖုတ်ဆိုဒါ ထမင်းစားဇွန်း ၂ ဇွန်း

- ပန်းနှမ်းဆီ (သို့မဟုတ်) ဟင်းသီးဟင်းရွက် အဆီ ထမင်းစားဇွန်း ၂ ဇွန်း

- ဆပ်ပြာရည် ထမင်းစားဇွန်း ၂ ဇွန်း

- ရေ ၂ ဂါလံ 

- ရှာလကာရည် ထမင်းစားဇွန်း ၂ ဇွန်းစတဲ့ ပါဝင်ပစ္စည်းတွေကို အားလုံးပျော်ဝင်တဲ့အထိ သေချာစွာရောမွှေပေးရမှာ ဖြစ်ပါတယ်။ ပြီးပါက ဖျော်ရည်ကို ဆေးဖျန်းဗူးထဲထည့်ကာ အရွက်တွေရဲ့ အထက်အောက် မျက်နှာပြင် အားလုံးကို နှံ့စပ်အောင်ဖျန်းပေးရမှာ ဖြစ်ပါတယ်။ မုန့်ဖုတ်ဆိုဒါကို အပင်တွေမှာ ပက်ဖျန်းအသုံးပြုလိုက်တဲ့အခါ အရွက်တွေပေါ်မှာ စားသောက်ဖျက်ဆီးနေတဲ့ ဂေါ်ဖီထုပ်လိပ်ပြာပိုးတွေနဲ့ ထိတွေ့သွားမှာဖြစ်ပါတယ်။ မုန့်ဖုတ်ဆိုဒါ အရောအနှောဟာ ပိုးကောင်တွေရဲ့ အစာခြေစနစ်ထဲသို့ ဝင်ရောက်သွားပြီးတာနဲ့ တဖြည်းဖြည်း ဖောင်းကားလာပြီးနောက် ပိုးကောင် (ခူကောင်) တွေကို သေစေမှာဖြစ်ပါတယ်။ ဖျန်းဆေးနဲ့ထိတွေ့ပြီးတဲ့နောက် ၂၄ - ၄၈ နာရီအတွင်း ဂေါ်ဖီထုပ်လိပ်ပြာပိုးတွေရဲ့ နောက်ဆုံးအချိန်ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။

ဤနည်းလမ်းဖြင့် ဂေါ်ဖီထုပ်ပိုးမွှားများသာမက အပင်ရည်ကို စုပ်ယူစားသုံးတဲ့ အင်းဆက်တွေဖြစ်တဲ့ ပျပိုး၊ ပိုးစေးနှဲနဲ့ အကြေးပိုးတို့လို အင်းဆက်တွေကိုပါ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်