တစ်ပိုင်တစ်နိုင် ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူခြင်းအကြောင်း

16/12/2021 10:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

   ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူခြင်းသည် သဘာဝ ရေအရင်းအမြစ်အား တိုက်ရိုက်ထိရောက်အကျိုးရှိစွာ အသုံးပြုနိုင်ခြင်း၊ မြေသားကန်များ တူးဖော်ဖို့ မလိုအပ်တာကြောင့် မြေပြင်အရင်းအမြစ်ကို အသုံးချဖို့ ကာကွယ်လျော့ချနိုင်မှာဖြစ်ပြီး ထည့်သွင်းမွေးမြူမှုနှုန်း တိုးမြှင့်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ငါးများရဲ့ ရှင်သန်နှုန်းနဲ့ ကြီးထွားနှုန်း မြင့်မားနိုင်စေသလို တစ်ယူနစ် ဧရိယာအတွင်း ငါးထွက်ကုန်ပမာဏ မြင့်မားခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ပြန်လည်ဖမ်းဆီးရာမှာ လွယ်ကူစေနိုင်ခြင်း စတဲ့အကျိုးကျေးဇူးများသာမက ကျေးလက်ဒေသများမှာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်းဖြင့် ဆင်းရဲမှု လျှော့ချစေနိုင်မှာပဲ ဖြစ်ပါတယ်။

   ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့်လည်း ဒေသနေပြည်သူများ ငါးစားသုံးမှု ဖူလုံစေရေးနှင့် ငါးမျိုးပြုန်းတီးမှု မရှိစေရေးအပြင် ငါးမွေးမြူရာမှာ ကုန်ကျစရိတ် သက်သာစေဖို့အတွက် ရေပေါ်လှောင်အိမ်စနစ်ဖြင့်  ငါးမွေးမြူစေဖို့ နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ ချောင်းမငယ်ဆည်မှာ ကနဦး စမ်းသပ်မွေးမြူလျက် ရှိပါတယ်။

   

   ချောင်းမငယ်ဆည်တွင် ရေပေါ်လှောင်အိမ် ငါးမွေးမြူနည်းစနစ်ကို ဖော်ဆောင်လျက်ရှိရာမှာ တီလားပီးယား ငါးမျိုးစိတ်ကို စမ်းသပ်မွေးမြူထားတယ်လို့ သိရပါတယ်။ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ အဆင်ပြေ​စေရေး၊ ငါးစျေးနှုန်းတွေ တည်ငြိမ်ကျဆင်း လာစေရေး၊ ဒေသတွင်း ငါးထုတ်လုပ်မှု တိုးတက်လာစေရေး၊ ကျေးလက်နေ ပြည်သူများ ဝင်ငွေတိုးတက် ရရှိလာစေရေး၊ စျေးနှုန်း သက်သာပြီး အရသာကောင်းမွန်တဲ့ ငါးတွေကို ဒေသတွင်းမှာ ပြည်သူလုထုတွေ လုံလုံလောက်လောက် စားသုံးနိုင်ရေး၊ မြစ်၊ ချောင်း၊ ရေလှောင်ကန်၊ ရေကန်ကြီးတွေထဲမှာ ပိုက်လှောင်အိမ်စနစ်နဲ့ မွေးမြူပါက ပုံမှန်မွေးနေကြ ငါးကန်တူးတဲ့ စရိတ် စတဲ့ စရိတ်စက၊ ကုန်ကျစရိတ်တွေ သက်သာပြီး စရိတ်ကျဥ်းကျဥ်းနဲ့ ရေပြင်ကျယ်မှာ မွေးမြူနိုင်ဖို့အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်ဟု သိရပါတယ်။

   နိုင်ငံတကာမှာရော၊ အိမ်နီးချင်းတိုင်းပြည်မှာရော ရေပေါ်လှောင်အိမ်နဲ့ ရေချိုဒေသမှာသော်လည်ကောင်း၊ရေငန်ဒေသမှာသော် လည်းကောင်း မွေးမြူတဲ့ နည်းပညာက ရှိပြီးသား ဖြစ်ပါတယ်။ မြိတ်ကျွန်းစု ဒေသမှာဆို ရေငန်ရေပြင်မှာ ပိုက်လှောင်အိမ်တွေနဲ့ တစ်ပိုင်တစ်နိုင် သော်လည်းကောင်း၊ အလယ်အလတ်သော် လည်းကောင်း ကကတစ်ငါး၊ ရေငန်ငါးနဲ့ စျေးကောင်းရတဲ့ငါးတွေ မွေးမြူထုတ်လုပ်တာလည်း ရှိကြပါတယ်။ 

   ယခုလက်ရှိ အကောင်အထည်ဖေါ်ဆောင်ရွက်နေသည့် ချောင်းမငယ် ရေပေါ်လှောင်အိမ် ငါးမွေးမြူရေးလုပ်ငန်းမှာ လှောင်အိမ် ၅ခု ရှိပါတယ်။ အဆိုပါ ရေလှောင်တမံမှာ အလျား၊ အနံ ၁၂ ပေ၊ အနက် ၈ပေ ရှိတဲ့ အလတ်စား စီးပွားဖြစ် မွေးမြူနိုင်တဲ့ ရေလှောင်ကန် ၄လုံး တည်ဆောက်ထားရှိပြီး တစ်ကန်ကို တီလားပီးယားငါးသားပေါက်ကောင်ရေ (၁၀၀၀)နှုန်းနဲ့ တောင်သူပညာပေးအနေနဲ့က တစ်ကန် မွေးမြူထားပါတယ်။

   အချိန်ကာလအားဖြင့် (၅-၆)လ အကြာမှာ ဘယ်လောက်အကျိုးအမြတ် ရှိမလဲဆိုတာကို တီလားပီးယားငါးကို ရေပေါ်စာကျွေးပြီး စမ်းသပ်မွေးမြူနေပါတယ်။ ဒေသခံ ပြည်သူတွေကိုလည်း အသိပညာပေးရင်း၊ နည်းစနစ်ပြသရင်း စမ်းသပ်မွေးမြူ ဆောင်ရွက်ထားခြင်း ဖြစ်သည်ဟု သိရပါတယ်။

   ရေပေါ်လှောင်အိမ်စနစ်နဲ့ ငါးမွေးမြူတဲ့ နေရာမှာ တည်နေရာရွေးချယ်ခြင်းကလည်း အရေးပါသလို လှောင်အိမ်တည်ဆောင်မှုကလည်း အဓိက ကျပါတယ်။ ချောင်းမငယ် ရေလှောင်တမံမှာ လှောင်အိမ်အကြီး ၄ ခုကို ပလစ်စတစ်တိုင်ကီပုံးအပြာနဲ့ ပြုလုပ်ကြပါတယ်။ သို့သော်လည်း ဒေသခံတွေ တစ်ပိုင်တစ်နိုင် လုပ်နိုင်အောင်လို့ ၁၀ ပိဿာဝင် ပလတ်စတစ် ဆီပုံးအဝါလေးတွေနဲ့ ဒေသထွက် ဝါး၊ မျော တွေနဲ့ ပြုလုပ်ထားတာမို့ ကုန်ကျစရိတ်သက်သာပြီး ပိုက်ဖိုးသာ ကုန်ကျစရိတ်ရှိတာမို့ ဒေသခံတွေ အနေနဲ့ စီးပွားဖြစ်ရော၊ တစ်ပိုင် တစ်နိုင်ရော မွေးမြူနိုင်တယ်ဆိုတာ လက်တွေ့သရုပ်ပြထားပြီး ဖြစ်ပါတယ်။ ဒီလို လှောင်အိမ်စနစ်နဲ့ မွေးမြူပြီး ငါးစာကျွေးခြင်းကို တစ်နေ့လျှင် (၄-၆)ကြိမ် အထိ ငါးခန္ဓာကိုယ် အလေးချိန်ပေါ် မူတည်ပြီး ကျွေးနိုင်ပါတယ်။ မွေးမြူချိန်ကာလမှာ စျေးကွက်ဝင် အရွယ်ရောက်ရှိဖို့ (၅-၆)လအထိ မွေးမြူရမှာ ဖြစ်ပါတယ်။ 

   ရေ​လှောင်တမံအတွင်း ရေပေါ်လှောင်အိမ် ငါးမွေးမြူရေးစနစ်ကို ဖော်ဆောင်လျက်ရှိရာမှာ ကနဦးအနေဖြင့် တီလားပီးယားငါးမျိုးစိတ်ကို စမ်းသပ်မွေးမြူပြီးနောက် ရရှိလာသော ရလဒ်အပေါ်အခြေခံ၍ ပြည်ပစျေးကွက်ဝင် ကကတစ်ငါးကို ဆက်လက်မွေးမြူမည်ဖြစ်ကြောင်း နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရပါသည်။

   လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသော ချောင်းမငယ် ရေပေါ်လှောင်အိမ် ငါးမွေးမြူရေးလုပ်ငန်းတွင် ၂လက်မ၊ ၃လက်မ အရွယ် တီလားပီးယားငါးကို စတင်စမ်းသပ်မွေးမြူလျက်ရှိပြီး မွေးမြူချိန် (၅-၆)လ အကြာတွင် စျေးကွက်သို့ တင်ပို့နိုင်ကာ တစ်နှစ်လျှင် ၂ကြိမ် မွေးမြူနိုင်သောကြောင့် ငါးမွေးမြူသူများ အချိန်တိုအတွင်း ဝင်ငွေရရှိစေမည့်အပြင် ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမက ပြည်ပစျေးကွက်ဝင် ကကတစ်ငါးကိုလည်း ဆည်၊ တမံနှင့် မြစ်ချောင်းများ၌ ရေပေါ်လှောင်အိမ်စနစ်ဖြင့် တစ်နှစ် ၂ ကြိမ် မွေးမြူပြီး စီးပွားဖြစ် ထုတ်လုပ်နိုင်အောင် ဆောင်ရွက်နေသည်ဟု သိရပါတယ်။

   ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ချောင်းမငယ်ရေလှောင်တမံ၌ ရေပေါ်လှောင်အိမ် စနစ်ဖြင့် မွေးမြူမှုအပြင် အထက်ပေါင်းလောင်းဆည်၌လည်း ဆက်လက်မွေးမြူမည်ဖြစ်ရာ ပြည်ပစျေးကွက်ဝင် ကကတစ်ငါးကိုလည်း တနသာ်ရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ ငါးမွေးမြူရေးလုပ်ငန်းရှင်များအား ဖိတ်ခေါ်၍ မွေးမြူထုတ်လုပ်မည် ဖြစ်ကြောင်း သိရပါတယ်။

   ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူခြင်းကို စိတ်ဝင်စားကြသော ရေလုပ်သားများမှလည်း လာရောက်မေးမြန်းကြသဖြင့် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့်လည်း ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူလိုသူများကို နည်းပညာ၊ နည်းစနစ်များနှင့် လိုအပ်တဲ့ အကူအညီများ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သိရပါတယ် ။

Ref: ငါးလုပ်ငန်းဦးစီးဌာန။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။                      

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်