နှစ်ရှည်ပင် ထုံးသုတ်ခြင်း

19/01/2018 16:52 PM တွင် KoWaiAung KoWaiAung မှ ရေးသား

အခေါက်ရှိသော အသီးသီးသည့် နှစ်ရှည်ပင်အများစုအား အပင်ခြေမှ ၄ပေ (သို့မဟုတ်) ပထမကိုင်းခွဲအထိ အခေါက်ပတ်လည်အား ထုံးသုတ်ပေးခြင်းသည် ရှေးအစဉ်အလာကတည်းက လုပ်ဆောင်ခဲ့ကြပေသည်။ သို့သော် ၎င်း၏ အကျိုးကျေးဇူးကိုမူ တိတိပပ ဖော်ပြထားသော ဆောင်းပါးများကို မဖတ်မိခြင်းမှာ မိမိ အားနည်းချက်ကြောင့် ဖြစ်ပေမည်။

စာရေးသူသည် တနေ့သ၌ ရင်းနှီးခင်မင်သော မိတ်ဆွေ အန်ကယ်တဦးနှင့် ခြံထဲတွင် စကားစမြည်ပြောရင်း နှစ်ရှည်ပင် ထုံးသုတ်ခြင်း၏ အကျိုးကျေးဇူးများကို ဆွေးနွေးဖြစ်ကြလေသည်။ ထိုမှ စိုက်ပျိုးတောင်သူများအတွက် အကျိုးများမည့် အရေးဖြစ်သည့်အတွက် ပြန်၍ ဆောင်းပါးတပုဒ် ရေးသားရန် အတွေးဖြစ်မိကာ ဆွေးနွေးသော အကြောင်းအရာများအပြင် Website မှ လိုအပ်သည်များ ဆက်လက် လေ့လာကာ မိမိလက်လှမ်းမှီသမျှ ကောက်နုတ် တင်ပြလိုက်ပါသည်။

ထုံးသုတ်ခြင်းကို အနောက်တိုင်းမှ စိုက်ပျိုးသူများလည်း လုပ်ဆောင်လေ့ရှိသည်။ ၎င်းတို့က Whitewash ဟု သုံးနှုန်းသည်။ Whitewash သည် ထုံးအပြင် တခြားသော ရွံ့စေးဖြူကဲ့သို့သော သဘာဝ ဓာတ်ပေါင်းတို့ဖြင့် အပင်များကို သုတ်လေ့ရှိသည်။

ထုံးသုတ်ခြင်းတွင်ပင် ထုံးတဆ၊ ရေတဆ ရောပြီး စေးပြစ်စေရန် တခြားသော ရောစပ်မှုများကို ပြုလုပ်လေ့ရှိသည်။ ဟင်းရွက်ဆီ၊ တမာဆီကဲ့သို့ အဆီ တမျိုးမျိုး ကျောက်ချဉ်၊ Sulfur ဆာလဖာ ပါသော ကန့်၊ ဘိုရွန်ပါသော လက်ချား၊ ဆားဓာတ်ပါသော ဇဝက်သာ၊ စသော သဘာဝ ဓာတ်ပေါင်း တမျိုးမျိုး ထည့်နိုင်သည်။ ထည့်သွင်းသော အမယ်တိုင်းတွင် တိကျသော ရည်ရွယ်ချက်တို့ ရှိသည်။ အပင်ကို ထုံးသုတ်ရာတွင် တကြိမ်တည်း အပြီးသုတ်ခြင်းထက် ခပ်ပါးပါး အရင်သုတ်ပြီး အရည်ပြစ်ပြစ်ကို ပထမသုတ်ထားခြင်းမှ ခြောက်သည့်အခါ ထပ်လိုက်၍ သုတ်ခြင်းက ကြာရှည်ခံစေသည်။

ယခုဆောင်းပါးတွင် ထုံးတမျိုးတည်း၏ အကျိုးကျေးဇူးများကိုသာ ထုတ်နှုတ်ဖော်ပြပေမည်။နှစ်ရှည် သီးပင်တို့တွင် အခေါက်နှင့် ကပ်ရပ်ရှိသော အစာကြော ရေကြောတို့သည် အခြားသော နေရာတို့ထက် အပင်၏ ပြင်ပ ဝန်းကျင်နှင့် ပိုမို ဆက်စပ်လျက်ရှိသည်။ ဆိုလိုသည်မှာ အပင်၏ ပြင်ပဝန်းကျင် အပူချိန်၊ စိုထိုင်းဆ၊ ရောဂါဝင်ရောက်နိုင်မှု၊ ဖိအား၊ ဒဏ် စသော အကြောင်းတရားများစွာတို့သည် အပင်၏ အခြားနေရာများထက် ထိုထိုသော အခေါက်နှင့် ကပ်ရပ်ရှိသော အစာကြော ရေကြောတို့သည် သက်ရောက်မှုကို ပိုမို ခံစားရလေ့ရှိသည်။

နေရောင်၏ အပူချိန်ကြောင့် နေ့ဘက်တွင်ပူပြီး ညဘက်တွင် အေးသည်ကို လူတိုင်း သိရှိပြီးဖြစ်သည်။ ထိုသို့ နေ့နှင့် ည အပူချိန် ကွာခြားချက်သည် သဘာဝသတ္တ ဇီဝလောကကြီး တခုလုံး မည်သို့ မည်ပုံ ထိန်းကျောင်းမောင်းနှင်နေသည်ကိုတော့ လူတိုင်း မသိရှိနိုင်ပေ။

ဆောင်းတွင်းကဲ့သို့ နေ့နှင့် ည အပူချိန် ကွာခြားချက် အမြင့်ဆုံးနေ့ရက်များတွင် အပင်များတွင် များစွာသော သက်ရောက်မှုကို ဖြစ်ပေါ်စေသည်။ နေ့ဘက်တွင် နေရောင်၏ အပူချိန်ကြောင့် အခေါက်နှင့် ကပ်ရပ် အစာကြော၊ ရေကြောတို့တွင် အောင်းအပူဖြစ်ပေါ်စေပြီး ညပိုင်းတွင် တခြားနေရာများနှင့် ပြင်ပအပူချိန် နီးပါးအေးနေသော်လည်း ၎င်းအခေါက်နှင့် ကပ်ရပ်နေရာတို့တွင် အောင်းအပူကြောင့် ပုံမှန်ကဲ့သို့ မအေးနိုင်ဘဲရှိနေသည်။ ထိုသို့ဖြစ်နေခြင်း ၎င်းနေရာတဝိုက် အပင်အတွက် အစာကြော ရေကြော ပို့လွှတ်ထောက်ပံ့ခြင်း ဖြစ်စဉ်ကို အနှောင့်အယှက်ဖြစ်စေသည်။ ၎င်းနေ့ည အပူကွာဟချက် မြင့်မားမှုသည် ဆက်တိုက်ဆိုသလို ဖြစ်လာပါက ထို အခေါက်နှင့်ကပ်ရပ် အစာကြော၊ ရေကြောများ ပျက်စီးခြင်းတို့ ဖြစ်ပေါ်စေသည်။ ထိုမှတဆက်တည်း အခေါက်များ ကွဲအက်ကာ အက်ကြောင်းများ ဆက်တိုက်ဖြစ်ပေါ်လာစေသည်။

လေ့လာတွေ့ရှိချက်အရ အီကွေတာ မြောက်ပိုင်းဒေသများတွင် ထိုဖြစ်ရပ် ဖြစ်ပေါ်သော အပင်တို့သည် အနောက်တောင်ဘက် အခြမ်းတွင် အဖြစ်များ၏ အီကွေတာ၏ တောင်ပိုင်း ဒေသများတွင်မူ အပင်၏ အနောက်မြောက် အခြမ်းတွင် အဖြစ်များသည်။

မြန်မာနိုင်ငံသည် အီကွေတာ မြောက်ခြမ်းတွင် တည်ရှိသောကြောင့် ထိုသို့ နေ့ည အပူကွာခြားချက် လွန်ကဲမှုကြောင့် ဖြစ်ပေါ်သော နောက်ဆက်တွဲ အခေါက်ကွဲ အက်ရာများသည် အပင်၏ အနောက်တောင်ဘက်အခြမ်းတွင် ဖြစ်လေ့ရှိသည်။

ထိုသို့သော အခေါက်ကွဲ အက်ရာများသည် အင်းဆက် ပိုးကောင်များ ခိုအောင်ပေါက်ဖွားရှင်သန်ဖို့ရာ နေအိမ်သဖွယ် ဖြစ်ပေါ်စေတော့သည်။ သဘာဝတရားအရ အင်းဆက်ပိုးများတွင် အပင်အတွက် ကောင်းကျိုးပေးမှုရှိသလို ဆိုးကျိုးပေးမှုလည်း ရှိသည်။ တချို့အင်းဆက်များသည် အချိန်ကာလအလိုက် အပင်ကို ကောင်းကျိုး ဆိုးကျိုးကို ဖြစ်ပေါ်စေသည်။ ဆိုးကျိုးပေးသော အင်းဆက်များ သို့မဟုတ် အချိန်ကာလအလိုက် ဆိုးကျိုးပေးသော အင်းဆက်များအနေဖြင့် အပင်အတွင်း ဝင်ရောက်နေထိုင်ရာမှ ကပ်ပါးတွယ်ကပ်နေသော ရောဂါ ပိုး၊ မှိုနှင့် ဘက်တီးရီးယားများကို အပင်တွင်း ပျံ့နှံစေတော့သည်။ ထိုမှတဆင့် အပင်ရောဂါဝင်ပြီး သေဆုံးခြင်းသို့ ဖြစ်စေတော့သည်။

၎င်းဖြစ်စဉ်ကို လေ့လာတွေ့ရှိပြီးနောက် ကာကွယ်ရန်အတွက် နည်းလမ်းများကို အောက်ပါအတိုင်း စဉ်းစားမိသည်။

၁။ နေ့ည အပူချိန် ကွာဟမှု မြင့်မားကို ထိန်းချုပ်စေခြင်း။၂။ အင်းဆက်ပိုးတို့ အပင်သို့ မလာရောက်စေရန် ကာကွယ်ခြင်း။ ၃။ အင်းဆက်တို့ လာရောက်ခဲ့လျှင်လည်း ၎င်းတို့ ဆက်လက် ရှင်သန်နိုင်မှု နည်းပါးစေရန် ဆောင်ရွက်ခြင်း။ စသည်တို့ဖြစ်သည်။

ပူခြင်းနှင့် အေးခြင်း ဖြစ်စဉ်တွင် သမပိုင်းဇုန် အပင်အများစု ရှင်သန်သော ဇုန်အတွက် အေးခြင်းသည် ပူခြင်းလောက် အပင်ကို ဒုက္ခမပေးနိုင်ပေ။ အပူချိန် မြင့်မားခြင်းကသာ အပင်အတွက် ဆိုးသော သက်ရောက်မှု ဖြစ်စေသည်။ ထို့ကြောင့် နေ့ဘက်တွင် အပူချိန်ကို ကာကွယ်ရန်အတွက်ကို ဦးစားပေး စဉ်းစားရမည်။ ထို့ကြောင့် လိုအပ်ချက်ပေါ် မူတည်၍ အရိပ်ပင်များ ကြားညှပ် စိုက်ပျိုးခြင်းကို အလျင်းသင့်သလို ပြုလုပ်ပေးသင့်သည်။ ၎င်းထက် ငွေကုန်ကြေးကျ သက်သာပြီး ထိရောက်သော နည်းလမ်းတခုမှာ ထုံးသုတ်ခြင်းဖြစ်သည်။

ထုံးသည် အဖြူရောင် ဖြစ်သောကြောင့် နေ၏ အလင်းရောင် ရာနှုန်းပြည့်နီးပါး အလင်းပြန်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် အပူစုပ်ယူမှုနည်းပြီး အပူထုတ်လုပ်မှုကို ဖြစ်စေသည်။ ပုံမှန်အတိုင်းဆိုလျှင် အပင်၏အခေါက်မှာ အညိုရောင် အမဲဘက်လိုက်ပြီး အလင်းကို ရာနှုန်းပြည့်နီးပါး စုပ်ယူရာမှ အပူဓာတ်ကို စုပ်ယူရစေသည်။ ထိုနေရာကို ထုံးသုတ်လိုက်ခြင်းဖြင့် အပူစုပ်ယူမှု နည်းစေပြီး အလင်းပြန်စေကာ အပူသက်သာစေသည်။ ၎င်းမှ တဆက်တည်း နေ့၊ ည အပူချိန် ကွာခြားချက် မြင့်မားခြင်း နောက်ဆက်တွဲ အခေါက်ကွဲခြင်းကို သက်သာစေသည်။ (ဥပမာအားဖြင့် ပူပြင်းသည့်နေ့များတွင် လူများအပြင် ထွက်ရာ၌ အင်္ကျီအဖြူ ဝတ်ဆင်သကဲ့သို့ ဖြစ်သည်။) ထိုအချက်သည် ထုံးသုတ်ခြင်း၏ အကျိုးကျေးဇူးတစ်ရပ် ဖြစ်သည်။

အပင်များကိုင်းချိုင်ပြီးချိန်တွင် အပင်ခြေသည် ယခင်ကထက် ပိုမို ရှင်းလင်းသွားကာ အလင်းကျရောက်မှု ပိုမို လာနိုင်သည်။ ထိုသို့ အလင်းကျရောက်မှု များခြင်းသည် အပူချိန်မြင့်တက်လာနိုင်စေသောကြောင့် ကိုင်းချိုင် ပြီးချိန်များတွင် ထုံးသုတ်ပေးခြင်းကို တဆက်တည်း ဆောင်ရွက်သင့်ပေသည်။ သို့မှသာ အပင်ကို အပူဒဏ်မှ ကာကွယ်သက်သာစေသည်။

သမပိုင်းဇုန်တွင် အပင်သည် အပူနှင့် အအေးနှိုင်းယှဉ်ရာ၌ အအေးတွင် ပို၍ ခံနိုင်ရည်ရှိကြပြီး အရွက်မှလေပေါက်များ (Stomata)ဖွင့်ချိန် ပိုမို ကြာမြင့်သောကြောင့် အပင်အတွက် အဓိက လိုအပ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပိုမို ရရှိစေသည်။ ထုံးသုတ်ခြင်းဖြင့် အပင်၏ အပူချိန်လျော့ကျစေခြင်းကြောင့် အထက်ပါ အကျိုးကို ရရှိစေနိုင်သည်။

ထို့ပြင် တခြားသော အရေးကြီးသည့် အကြောင်းအရာများလည်း ရှိသေးသည်။ ၎င်းကား ထုံးသည် အဖန်ဓာတ်ဖြစ်၍ အက်ဆစ်ဓာတ် အချဉ်ဓာတ်ကို နိုင်သည်။ သဘာဝ၏ ပုံမှန် ဓာတ်ပြယ်အနေအထား pH သည် ၇.၀ ဖြစ်သည်။ အပင်၊ မှို၊ အင်းဆက် အများစုသည် ၆.၅ မှ ၇.၀ အတွင်း ပေါက်ပွားရှင်သန်ကြသည်။ အခေါက်မျက်နှာပြင်သည် ပုံမှန်အားဖြင့် ၆.၅ မှ ၇.၀ ကြား ဝန်းကျင်တွင် ရှိနေသောကြောင့် အင်းဆက်တို့ ရှင်သန်ပေါက်ဖွားနိုင်ရန် ဖိတ်ခေါ်သလို ဖြစ်နေသည်။ ၎င်းကို ထုံးသုတ်ပေးခြင်းဖြင့် pH တန်ဖိုးမြင့်စေကာ ၇.၀ အထက် ရောက်စေပြီး ပိုးမွှား၊ မှို အချို့ကို သေစေပြီး အများစုကို မျိုးဆက်ပွား ရှင်သန်စေဖို့ အခက်အခဲများစွာ ဖြစ်စေသည်။

စိုက်ပျိုးရေးလောက၏ ကြောက်စရာကောင်းလှသည့် ခြ၊ ပုရွက်ဆိတ်၊ ပင်စည်ထိုးပိုး (Stem Borer)၊ အခေါက်ထိုးပိုး (Skin Borer)၊ များကို ထုံးသုတ်ခြင်းဖြင့် များစွာမကာကွယ်နိုင်ပေမယ့် ၎င်းတို့၏ ဘဝစက်ဝန်းကိုမူ ဟန်ချက်ပျက်စေသည်။ ၎င်းတို့ မျိုးပွားရှင်သန်စေဖို့အတွက် လိုအပ်သော အချဉ်ဓာတ်ကို ထုံးသုတ်ခြင်းဖြင့် တားဆီးဟန့်တားနိုင်သည်။ ထိုအချက်ကပင် ထုံးသုတ်ခြင်း၏ များစွာသော ကျေးဇူးတရားပင်ဖြစ်သည်။

လူတို့၏ မျက်စိသည် အနီရောင်မှ ခရမ်းရောင်အထိ မြင်ရပြီး အင်းဆက်အများစုမှာမူ အစိမ်းရောင်မှ အပြာရောင် ခရမ်းလွန်ရောင်ခြည်အထိ ကောင်းစွာမြင်ရသည်။ အင်းဆက်များ၏ အမြင်ပိုင်းဆိုင်ရာနှင့် ပတ်သတ်၍ လေ့လာကြည့်ရာ အများစုသည် ခရမ်းလွန်ရောင်ခြည် မြင်ရမှုသည် အကောင်းဆုံးအနေထားဖြစ်သည်။ မီးခိုးရောင်၊ သစ်ခေါက် ကဲ့သို့သော အရာများသည် ခရမ်းလွန်ရောင်ခြည်အဖြစ် မြင်ရခြင်းကြောင့် ၎င်းတို့သည် အင်းဆက်တို့ အကြိုက်ဆုံး အစွဲဆောင်ဆုံးသော အရောင်ဖြစ်သည်။

အဝါရောင် သည် အင်းဆက်တို့ကို စွဲဆောင်မှု အနဲဆုံးအရောင်ဖြစ်ပြီး အနီရောင်ကိုကား အင်းဆက်အားလုံးအနေဖြင့် မမြင်နိုင်ပေ။ အဖြူရောင် နှင့် အညို (သို့မဟုတ်) အနက်ရောင် တို့ကို နှိုင်းယှဉ်လျှင် အင်းဆက်အနေဖြင့် အညို (သို့မဟုတ်) အနက်ရောင်ကိုသာ ပို၍မြင်ရပြီး စွဲဆောင်စေသည်။ သစ်ပင်၏ အခေါက်အရောင်မှာ အညိုရောင်ဖြစ်သောကြောင့် အင်းဆက်တို့ အကြိုက်ဖြစ်ကာ စွဲဆောင်မှု ရှိစေသည်။ ၎င်းကို ထုံးသုတ်ပေးခြင်းဖြင့် အင်းဆက်တို့အား စွဲဆောင်မှုလျော့နည်းစေကာ လာရောက် အသိုက်ဖွဲ့ ပေါက်ဖွားခြင်းမှ လျော့ပါးစေသည်။ ဤအချက်သည်လည်း ထုံးသုတ်ခြင်းမှ အကျိုးရလဒ်ကောင်း တခုဖြစ်ပေသည်။

အခြားသော အကျိုးရလဒ်များကား ထုံးသည် ကယ်ဆီယမ်ဓာတ်ဖြစ်ကာ အပင်အတွက် လိုအပ်သော အာဟာရဓာတ်များတွင် တခု အပါအဝင် ဖြစ်သည်။ အပင်ကို ထုံးသုတ်ထားခြင်းဖြင့် အနည်းအများ ဆိုသလို အပင်က စုပ်ယူရနိုင်သည်။ ထုံးသုတ်ခြင်းတွင် အထက်က ဖော်ပြခဲ့သည့်အတိုင်း ဆာလဖာခေါ် ကန့်မှုန့် အနည်းငယ်ထည့်ပေးခြင်းဖြင့် မှိုသတ်အာနိသင်အပြင် အနည်းငယ်ဝါစေခြင်းက အင်းဆက်တို့ကို စွဲဆောင်မှု လျော့နည်းစေသည်။ တမာဆီကဲ့သို့ ပိုးသတ်ဆီတမျိုးပါ ထည့်သွင်း သုတ်လိမ်းပါက အပင်အခေါက်တွင် တွယ်ညှိကပ်ရောက်နိုင်သော အင်းဆက်တို့ကို နှိမ်နင်းပြီး ဖြစ်သည်။

အမြင်ပသာဒအားဖြင့် သစ်တော စိုက်ခင်းတွင် ထုံးဖြူဖြူဖွေးဖွေး ညီညာစွာ သုတ်ထားခြင်းဖြင့် လှပသောရှုခင်းတခု ဖြစ်စေတော့သည်။

ထိုကဲ့သို့ များစွာသော အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သော နှစ်ရှည်သီးပင် ထုံးသုတ်ခြင်းကား ရှေးမိရိုးဖလာ လုပ်ဆောင်မှုမှသည် ခေတ်သစ် သိပ္ပံနည်းကျ လေ့လာဖော်ထုတ်ရာမှ ဆန်းသစ်သော အတွေး၊ လျှို့ဝှက်သော သဘာဝတည်ရှိမှု၊ ယုတ္တိကျသော သဘာဝဂေဟ၏ အပြန်အလှန် သဟဇီဝနကျစွာ ဖြစ်တည်နေမှု၊ လှပသော အမြင်တို့ကို ရရှိခံစား မှတ်သား လေ့လာနိုင်ပါစေကြောင်း အကျိုးငှာ မိမိတွေ့ကြုံသိရှိသမျှ ဖော်ထုတ်ရေးသားလိုက်ရပါသည်။

ကိုဝေအောင် 

မှီးငြမ်းhttp://homeguides.sfgate.com/whitewash-tree-63606.htmlhttp://homeguides.sfgate.com/homemade-whitewash-trees-30913… http://extension.oregonstate.edu/…/whitewash-tree-trunks-pr… http://www.gardena.com/…/garden-m…/whitewashing-tree-trunks/http://cronodon.com/BioTech/Insect_Vision.html https://www.agriculture.purdue.edu/…/2…/June/120614OSL.html…


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်