ကင်ဆာရောဂါ ဘယ်လိုပြန့်နှံလဲ..?

04/04/2024 13:00 PM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

ကင်ဆာအစပြုတဲ့နေရာကနေ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေကို ကင်ဆာဆဲလ်တွေ ပြန့်နှံ့သွား တာကို Metastasis လို့ ခေါ်ပါတယ်။ အဲဒီလိုဖြစ်သွားပြီတဲ့ အခြေအနေကို ဆရာဝန်တွေက “Metastasized ဖြစ်တယ်” လို့ သုံးနှုန်းကြတာပါ။ အဲဒီအခြေအနေကို “Metastatic cancer” ၊ “Advanced cancer” ၊ “Stage 4 cancer (ကင်ဆာ အဆင့် - ၄)” စသည်ဖြင့်လည်း ‌ခေါ်တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီစကားလုံးတွေမှာ သီး ခြားအဓိပ္ပာယ်တွေ ရှိနေတတ်ပြန်ပါတယ်။ ဥပမာပြောရရင် - ကင်ဆာက အခြားအင်္ဂါအစိတ်အပိုင်းတွေကို မ ပြန့်သေးပေမယ့် စဖြစ်တဲ့နေရာမှာပဲ သိပ်ကို ကြီးမားလွန်းနေရင်လည်း “Advanced cancer” ဒါမှမဟုတ် “Locally advanced cancer” လို့ သုံးနှုန်းလေ့ရှိပါတယ်။ ဒါကြောင့် ကင်ဆာဝေဒနာရှင်တွေ၊ လူနာရှင်တွေ အနေနဲ့ “မိမိတို့ကြုံတွေ့နေရတာ ဘယ်လို ကင်ဆာအဆင့်လဲ” ဆိုတာကို သိရှိနိုင်ဖို့ ဆရာဝန်နဲ့ သေသေချာချာ မေးမြန်းဆွေးနွေးဖို့ လိုအပ်ပါတယ်။ 

Metastases ဘယ်လို ဖြစ်လာသလဲ?

Metastasis က တစ်ခုထက် ပိုရင် Metastases လို့ ခေါ်ပါတယ်။ များသောအားဖြင့် ကင်ဆာ စတင် ဖြစ်ပေါ်တဲ့ အဖုအကျိတ် (tumor) ကနေ ကင်ဆာဆဲလ်တွေ ဖောက်ထွက်ပြီး သွေးကြောတွေ၊ ပြန်ရည်ကြောတွေဆီ ဝင်ရောက်သွားပြီဆိုရင် Metastases ဖြစ်ပြီလို့ ဆိုနိုင်ပါတယ်။ အဲဒီသွေးကြောနဲ့ ပြန်ရည်ကြောအဖွဲ့တွေက ခန္ဓာကိုယ်အတွင်းမှာ တစ်နေရာကနေ အခြားတစ်နေရာကို အရည်တွေသယ်ဆောင်ပေးတဲ့ လုပ်ငန်းကို လုပ်ဆောင်နိုင်တဲ့အတွက် ကင်ဆာဆဲလ်တွေဟာ မူလနေရာကနေ ခန္ဓာကိုယ်ရဲ့ အခြားနေရာ ခပ်ဝေးဝေးတွေအထိ ရောက်ရှိပြီး နေရာသစ်မှာ အခြေချနိုင်တယ်၊ အဖုအကျိတ်အသစ်တွေ ထွက်ပေါ်လာနိုင် ပါတယ်။ 

တခါတလေ ကင်ဆာဆဲလ်တွေဟာ သွေးကြောတွေ၊ ပြန်ရည်ကြောတွေက တဆင့်မဟုတ်ဘဲ မူလ အဖုအကျိတ် ပေါက်ထွက်ရာကနေ အနီးအနားက အင်္ဂါအစိတ်အပိုင်းတွေဆီ ရောက်ရှိသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဝမ်းခေါင်းထဲမှာဖြစ်ပေါ်နေတဲ့ ကင်ဆာအကျိတ်ကနေ ပေါက်ကွဲထွက်လာတဲ့ ကင်ဆာဆဲလ်တွေဟာ အသည်း၊ အဆုတ်၊ အရိုးစသည်ဖြင့် နီးစပ်ရာ အင်္ဂါအစိတ်အပိုင်းတွေဆီ တိုက်ရိုက်ရောက်သွားတာမျိုးပါ။ 

ကင်ဆာအမျိုးအစားတိုင်းကတော့ တစ်နေရာကနေ တခြားတစ်နေရာကို ပြန့်နှံ့သွားနိုင်ပါတယ်။ အဲဒီလို ပြန့်နှံ့ သွားတဲ့အခါ အောက်မှာဖော်ပြထားတဲ့ အချက်တွေပေါ် မူတည်ပါတယ်။

ဖြစ်ပွားတဲ့ ကင်ဆာအမျိုးအစားပေါ်မူတည်ပြီး ကင်ဆာပြန့်ပွားမှုက ကွာခြားနိုင်ပါတယ်။ (တချို့ ကင်ဆာအမျိုးအစားတွေဟာ အခြားကင်ဆာအမျိုးအစားတွေထက် ပိုပြီး ပြန့်နှံ့လွယ်ပါတယ်။) 

ကင်ဆာအကျိတ်ရဲ့ ကြီးထွားနှုန်း ဘယ်လောက်လျင်မြန်သလဲဆိုတဲ့ အချက်ပေါ်လည်း မူတည်ပါတယ်။ 

ဖြစ်ပွားတဲ့ ကင်ဆာရဲ့ သဘောသဘာဝပေါ်မူတည်ပြီး ဆရာဝန်အနေနဲ့ ကင်ဆာပြန့်ပွားမှု အပေါ် လွှမ်းမိုးတဲ့ အခြေအနေတွေကို ရှာတွေ့နိုင်ပါသေးတယ်။ 

ကင်ဆာက ခန္ဓာကိုယ်ထဲ ဘယ်နေရာတွေကို ပြန့်ပွားသွားနိုင်သလဲ?

ကင်ဆာဟာ တစ်နေရာမှာ စတင်ဖြစ်ပွားပြီဆိုရင် ခန္ဓာကိုယ်အတွင်းက ဘယ်အစိတ်အပိုင်းကိုမဆို ပြန့်ပွားသွား နိုင်ပါတယ်။ တချို့သောကင်ဆာတွေကတော့ သီးခြားသတ်မှတ်ထားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုပဲ ရောက်ရှိလေ့ ရှိပါတယ်။ ဥပမာအနေနဲ့ကတော့ 

  • ရင်သားကင်ဆာဟာ အရိုး၊ အသည်း၊ အဆုတ်၊ ရင်ခေါင်းနံရံ နဲ့ ဦးနှောက်တို့ဆီကို အဓိကထားပြီး ပြန့်ပွားသွားနိုင်ပါတယ်။
  • အဆုတ်ကင်ဆာကတော့ ဦးနှောက်၊ အရိုး၊ အသည်းနဲ့ အဒ်ရီနယ်ဂလင်း (Adrenal gland) တွေဆီကို ပြန့်ပွားသွားတတ်ပါတယ်။
  • ဆီးကျိတ်ကင်ဆာဟာ အရိုးတွေဆီကို ဦးတည်ပါတယ်။ 
  • အူးမကြီးကင်ဆာတွေဟာ အသည်းနဲ့ အဆုတ်တွေဆီကို ပြန့်ပွားပါတယ်။ 

ကင်ဆာတွေဟာ အရေပြား၊ ကြွက်သားနဲ့ တခြားအင်္ဂါအစိတ်အပိုင်းတွေကိုလည်း (အထက်မှာ တင်ပြခဲ့တဲ့ အင်္ဂါအစိတ်အပိုင်းတွေလောက်တော့ အတွေ့ရမများဘဲ) ပြန့်ပွား ရောက်ရှိနိုင်ပါတယ်။ အဆုတ်ကို ဖုံးအုပ်ပေးထားတဲ့ အလွှာပါးလေး (pleural cavity) ကိုလည်း ကင်ဆာဆဲလ်တွေ ရောက်ရှိဖြစ်ပွားနိုင်ပါတယ်။ ထို့အတူပဲ ဝမ်းခေါင်းကြီးထဲက ကလီစာတွေကို ထုပ်ပိုးပေးထားပြီး ကလီစာတွေနဲ့ ဝမ်းဗိုက်ကြွက်သားတွေကို ကာကွယ်ပေးထားတဲ့ အလွှာပါး (peritoneal cavity) ကိုလည်း ကင်ဆာရောက်ရှိ ဖြစ်ပွားနိုင်တာပါပဲ။ အဲဒါကိုတော့ malignant pleural effusion လို့ ခေါ်သလို malignant ascites (ကင်ဆာရေဖျဉ်း) လို့ ခေါ်ကြပါတယ်။ 

မူရင်းကင်ဆာ နဲ့ metastasis အတူတူပဲလား?

ကင်ဆာဆဲလ်တွေ မူရင်းနေရာကနေ နောက်ထပ် နေရာသစ်တစ်ခုကို ရောက်သွားရင်လည်း ကင်ဆာ အမျိုးအစားအသစ် အဖြစ် မသတ်မှတ်ပါဘူး။ မူလခေါ်နေတဲ့ ကင်ဆာအမျိုးစား နာမည်ကိုပဲ ဆက်လက် ခေါ်ဆိုပါတယ်။ ဥပမာအားဖြင့် ရင်သားကင်ဆာဟာ metastasis ဖြစ်ပြီး အဆုတ်ကို ကင်ဆာ ရောက်ရှိသွားတဲ့အခါ အဆုတ်ကင်ဆာ လို့ မခေါ်ပါဘူး။ ပြန့်ပွားလာတဲ့ ရင်သားကင်ဆာ (metastatic breast cancer) လို့ပဲ ခေါ်ပါ တယ်။ ဘာကြောင့်လဲဆိုရင် ကင်ဆာရဲ့အစဟာ ရင်သားကင်ဆာ ဖြစ်နေပြီး ကုသမှုကလည်း ရင်သားကင်ဆာအတွက် ကုသတဲ့နည်းလမ်းကိုပဲ ဆက်သုံးစွဲရမှာ ဖြစ်လို့ပါ။ 

Metastasis ဖြစ်/မဖြစ် ဆရာဝန်တွေက ဘယ်လို သိနိုင်မလဲ?

မပြန့်ပွားသေးတဲ့ ကင်ဆာရောဂါ (non-metastatic cancer) တစ်ခုခု ခံစားရလို့ ဆရာဝန်ဆီ ပြသနေရပြီ ဆိုကတည်းက နောက်ဆက်တွဲ ရောဂါစစ်ဆေးမှု (follow-up care plan) တွေ ဆောင်ရွက်ရပါတယ်။ ဆရာဝန်နဲ့ ပုံမှန် တွေ့ဆုံပြီး ပြသရပါတယ်။ ဆရာဝန်အနေနဲ့ အဲဒီ ပုံမှန် တွေ့ဆုံစစ်ဆေးမှုတွေအပြင် metastasis တွေ ဖြစ်မဖြစ် သီးခြားသတ်မှတ်ထား တဲ့ ရောဂါစစ်ဆေးမှုနည်းလမ်း (specific tests) တွေကို ပြုလုပ်သွား မှာပါ။ 

တချို့လူတွေမှာကျပြန်တော့ ကင်ဆာဖြစ်နေပြီလို့ စသိရကတည်းက metastases ဖြစ်နေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေဆိုရင်တော့ ကင်ဆာအဆင့် ခွဲနိုင်ဖို့ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ကတည်းက metastases ရှိ၊ မရှိ သိရလေ့ရှိပါတယ်။ 

ကင်ဆာဖြစ်ရင် နာကျင်တာ၊ အသက်ရှုမဝတာလိုမျိုး လက္ခဏာတွေ တွေ့ရကောင်း တွေ့ရနိုင်ပါ တယ်။ ဒါမျိုးလက္ခဏာတွေ့လို့ ဆရာဝန်က စစ်ဆေးစမ်းသပ်ရင်းမှ ကင်ဆာ metastases ဖြစ်နေတာမျိုးလည်း တွေ့ရတတ်ပါတယ်။ 

ဆရာဝန်တွေက Metastasis ကို ဘယ်လို ကုသသလဲဆိုရင်တော့ အောက်ပါအချက်တွေပေါ်မှာ မူတည်ပါတယ်။ 

  • မူရင်း ကင်ဆာက ဘာအမျိုးအစားလဲ။ ဘယ်နေရာမှာ စတင် ဖြစ်ပေါ်တာလဲ။ 
  • ကင်ဆာက ဘယ်လောက်တောင် ပြန့်ပွားနေပြီလဲ။ ဘယ်တွေကို ပြန့်ပွားနေသလဲ။
  • လူနာရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေ ဘယ်လိုရှိသလဲ။ 
  • လူနာက ဘယ်ကုသမှုနည်းလမ်းကို ရွေးချယ်သလဲ။ 

Metastases တွေဟာ မူရင်းကင်ဆာနဲ့ မောလီကျူလာပိုင်း (molecular) ၊ ဗီဇပိုင်း (genetic) မှာ ဘယ်လို ကွာခြား သွားနိုင်သလဲဆိုတာကို သုတေသီတွေက အဖြေရှာထားကြပါတယ်။ ဒါကြောင့်လည်း မူရင်း ကင်ဆာအဖုအကျိတ်ကို ကုသတာနဲ့ metastases ကို ကုသရာမှာ ကွာခြားမှုတွေ ရှိတတ်ပါတယ်။ 

ကုသရာမှာ “ခီမို” လို့ လူသိများတဲ့ ကင်ဆာဆေးသွင်းခြင်း (chemotherapy) ဒါမှမဟုတ် ဟော်မုန်းနဲ့ ကုသခြင်း (hormone therapy) တွေ ပါဝင်နိုင်ပါတယ်။ ကင်ဆာအကျိတ်ကို ခွဲစိတ်ဖယ်ရှားခြင်း (Surgery) နဲ့ ဓာတ်ကင်ခြင်း လို့ လူသိများတဲ့ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (radiation therapy) တွေကိုလည်း အချို့သော ကင်ဆာအမျိုးအစားတွေမှာ အသုံးပြုရပါတယ်။ ကင်ဆာဆရာဝန်တွေက အဲဒီနည်းလမ်းတွေထဲက တစ်နည်းနည်းနဲ့ စတင်ကုသလေ့ရှိပြီး၊ အဲဒီနည်းလမ်း အလုပ်မဖြစ်တဲ့အခါ နောက်တစ်နည်းကို ပြောင်းလဲ အသုံးပြုရလေ့ ရှိပါတယ်။ တခါတရံလည်း နည်းလမ်း တစ်မျိုးထက် ပိုပြီးပေါင်းစပ်ကုသလေ့ ရှိပါတယ်။

ကုသမှု အမျိုးအစားများ 

Metastasis ကို ကုသရာမှာ သုံးစွဲတဲ့ ကုသမှုတွေကို အောက်ပါအတိုင်း အုပ်စုခွဲနိုင်ပါတယ်။

ခန္ဓာကိုယ်တစ်ခုလုံးကို သက်ရောက်မှုရှိတဲ့ ကုသမှုအမျိုးအစား - ဒီအမျိုးအစားကို ဆရာဝန်တွေက Systemic therapy လို့ ခေါ်ပါတယ်။ ဒီနည်းလမ်းမှာ ကင်ဆာဆေးသွင်းခြင်းနဲ့အတူ targeted therapy ၊ hormone therapy နဲ့ immunotherapy စတဲ့ အခြားသော ဆေးကုသမှုတွေကို တွဲဖက် လုပ်ဆောင်လေ့ ရှိပါတယ်။ 

ကင်ဆာဖြစ်ပွားနေတဲ့ အစိတ်အပိုင်းကို ဦးတည်ကုသခြင်း - ဒီနည်းလမ်းကိုတော့ ဆရာဝန် တွေက local therapy လို့ ခေါ်လေ့ရှိပါတယ်။ ကင်ဆာဖြစ်နေတဲ့ အစိတ်အပိုင်းကို ခွဲစိတ် ဖယ်ရှားခြင်း၊ ဓာတ်ရောင် ခြည် ကုသခြင်းနဲ့ အခြားကုသမှုအချို့ကို တွဲဖက် လုပ်ဆောင်လေ့ ရှိပါတယ်။ 

ကုသမှုနည်းလမ်းကို သက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန်တွေနဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးပြီးမှ ဆုံးဖြတ်သင့်ပါတယ်။ အထူးသဖြင့် metastatic ကင်ဆာကို အတွေ့အကြုံရှိတဲ့ ဆရာဝန် ဖြစ်ဖို့ လိုအပ်ပါတယ်။ ဆရာဝန်အချင်းချင်းကြားမှာတောင် “အကောင်းဆုံးကုသမှုအစီအစဉ် (best treatment plan) နဲ့ ပတ်သက်ပြီး မတူညီတဲ့ ရွေးချယ်ပုံတွေ ရှိနေတတ်ပါတယ်။ 

ကုသမှုတွေက Metastatic cancer ကို ပျောက်ကင်းစေမှာလား?

တချို့အခြေအနေတွေမှာ metastases ကို ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ ဒါပေမယ့် များသောအားဖြင့်တော့ ကုသမှုတွေက ကင်ဆာကို ပျောက်ကင်းအောင် မဆောင်ရွက်ပေးနိုင်ပါဘူး။ ဆရာဝန်တွေက ကင်ဆာ ဆက်လက်ပြန့်ပွားမှုကို နှေးကွေးသွားအောင်နဲ့၊ ရောဂါလက္ခဏာတွေကို လျော့ချနိုင်ဖို့အတွက် ကုသမှု တွေပေးတာ ဖြစ်ပါတယ်။ တချို့ ကင် ဆာအမျိုးအစားတွေမှာ Metastasis ဖြစ်နေတာတောင်မှပဲ လပေါင်း၊ နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်သွားနိုင်ပါတယ်။  

ကုသမှုတွေက အလုပ်ဖြစ်၊ မဖြစ်ဆိုတာကတော့ 

  • ကင်ဆာ အမျိုးအစား။
  • ကင်ဆာက ဘယ်လောက် ပြန့်ပွားသွားပြီလဲ။ ဘယ်နေရာတွေကို ရောက်နေပြီလဲ။
  • ကင်ဆာအကျိတ်တွေ ဘယ်လောက်တောင် များနေပြီလဲ။
  • ကင်ဆာတွေက အလျင်အမြန် ကြီးထွားလာနေသလား၊ ဒါမှမဟုတ် နှေးနှေးလေးပဲ ကြီးထွား နေသလားဆိုတာတွေပါ။

ကုသမှုတွေအပေါ် ကင်ဆာက ဘယ်လို တုံ့ပြန်သလဲ။ 

ကင်ဆာဝေဒနာရှင်အနေနဲ့ ကုသမှုရဲ့ ရည်မှန်းချက်ကို ဆရာဝန်ထံ မေးမြန်းထားဖို့ လိုအပ်ပါတယ်။ ကင်ဆာကုသမှုအပေါ် ဘယ်လိုတုံ့ပြန်သလဲ ဆိုတာပေါ်မူတည်ပြီး ကုသမှုရဲ့ ရည်မှန်းချက်က ပြောင်းလဲ ပြင်ဆင်ရတာမျိုး ရှိနိုင်ပါတယ်။ ဒါ့ အပြင် ကုသမှုကြောင့် ဖြစ်ပေါ်လာမယ့် နာကျင်မှု၊ မူးဝေအော့အန်ခြင်းနဲ့ အခြားသော ဘေးထွက်ဆိုးကျိုးတွေကို ကြိုတင်ပြီး မေးမြန်းပြင်ဆင်ထားသင့်ပါတယ်။ ဒါကို palliative care လို့ ခေါ်ပြီး ဘယ်ကုသမှုအစီအစဉ်မှာမဆို palliative care ဟာ ကုသမှုရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်သင့် ပါတယ်။ 

စမ်းသပ်ဆဲကုထုံးများဖြင့် ကုသခြင်း

လူထုကြားမှာသုံးစွဲခွင့်မရှိသေးဘဲ စမ်းသပ်ဆဲကုထုံး (clinical trial) တွေနဲ့ စမ်းသပ်ကုသခံဖို့ ကမ်းလှမ်းတာမျိုးတွေလည်း ရှိပါတယ်။ စမ်းသပ်ဆဲကုထုံးကိုကိုပဲ အဓိကအားကိုးပြီး အစမ်းသပ်ခံရင်း ကုသခံရတဲ့ အခါမျိုး ရှိနိုင်သလို၊ စမ်းသပ်ဆဲကုထုံးကို ရွေးချယ်စရာ တစ်ခုအဖြစ် အသုံးပြုရတာမျိုးလည်း ရှိနိုင်ပါတယ်။ အရွယ်ရောက်ပြီး ကင်ဆာဝေဒနာရှင် ၃% ကနေ ၅% လောက်ကပဲ စမ်းသပ်ဆဲ ကုထုံးတွေမှာ ပါဝင်ပြီး အစမ်းသပ်ခံကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စမ်းသပ်ဆဲ ကုထုံးတွေက ရောဂါကို ကုသရာမှာ အလုပ်ဖြစ်မယ်၊ မဖြစ်ဘူး မသေချာလို့ပါ။ တကယ်လို့ အလုပ်မဖြစ်ဘူး ဆိုရင်တောင် သုတေသီတွေအတွက်တော့ နောက်ထပ် ကင်ဆာဝေဒနာရှင်တွေအတွက် အလုပ်ဖြစ်မယ့် နည်းလမ်းတွေရှာဖွေဖို့အတွက် လိုအပ်တဲ့ အချက်အလက်တွေကို ရရှိစေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ စမ်းသပ်ဆဲကုထုံးတွေအကြောင်းကိုလည်း လေ့လာကြည့်သင့်ပြီး စိတ်ဝင်စားတယ်ဆိုရင် မိမိရဲ့ ကင်ဆာဆရာဝန်နဲ့ တိုင်ပင်ကြည့်သင့်ပါတယ်။ 

Metastatic ကင်ဆာဝေဒနာရှင် 

တကယ်လို့ လူတစ်ယောက်က ကင်ဆာရောဂါနဲ့ လပေါင်းများစွာ ဒါမှမဟုတ် နှစ်ပေါင်းများစွာ နေရမယ်ဆိုရင်၊ ဆရာဝန်တွေ အဲဒီလူကို နာတာရှည်ရောဂါသည်တစ်ယောက်လို ကုသမှုတွေ ရေရှည်ပေးသွားရမှာ ဖြစ်ပါတယ်။ ဆီးချို၊ နှလုံးစတဲ့ နာတာရှည်ရောဂါများကို ရေရှည်ဆွဲပြီး ကုသရသလိုပါပဲ။ 

ဘယ်လိုပဲဖြစ်ဖြစ် ဆရာဝန်ကညွှန်ကြားတဲ့ ကုသမှုအစီအစဉ်အတိုင်း လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါ တယ်။ ဒါမှသာ ကုထုံးရဲ့ အကျိုးအာနိသင်ကို အများဆုံးရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကင်ဆာဝေဒနာရှင် တစ်ယောက်အနေနဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ လူမှုရေးအရ ကူညီထောက်ပံ့မှုတွေ ရယူဖို့ လိုအပ်ပါတယ်။ 

[American Society of Clinical Oncology ၏ ကင်ဆာရောဂါအသိပညာပေး ဝဘ်ဆိုဒ်ဖြစ်သော Cancer.Net တွင် ဖော်ပြ ထားသည့် “What is Metastasis?” ဆောင်းပါးကို ဆောင်းပါးရှင် ခိုင်ကြည်သစ် က ဆီလျော်အောင် ဘာသာပြန် ဆို ထားခြင်း ဖြစ်ပါသည်။ ခိုင်ကြည်သစ် သည် တိရစ္ဆာန်ဆေးကုဆရာဝန် တစ်ဦးဖြစ်ပြီး တစ်စုတည်းသောကျန်းမာရေး (One Health) အသိပညာပေးဆောင်းပါးများကို ရေးသားနေ သူ ဖြစ်ပါသည်။] 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်