ကင်ဆာရောဂါပျံ့နှံမှုနှုန်းကို ဘယ်လိုကိန်းဂဏန်းတွေပေါ်မူတည်ပြီး တွက်ချက်ပါသလဲ..

16/07/2024 11:00 AM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

ကင်ဆာရောဂါပျံ့နှံ့မှု (prevalence) ဆိုတာကတော့ အချိန်ကာလတစ်ခု (ကာလရှည်) အတွင်းမှာ ကင်ဆာရောဂါ လူ ဘယ်နှစ်ယောက် ဖြစ်ပွားခဲ့သလဲ ဆိုတာကို ဖော်ပြတဲ့ ကိန်းဂဏန်း ဖြစ်ပါတယ်။ (သတ်မှတ်ကာလအတွင်း အသစ်ထပ်ဖြစ်လာတဲ့ အရေအတွက် (incidence) ကို ဆိုလိုတာ မဟုတ်ပါဘူး။) 

ရှင်းအောင် ပြောရရင် incidence က သတ်မှတ်ကာလအတွင်း ကင်ဆာရောဂါ ထပ်မံရရှိလာတဲ့ ဝေဒနာရှင် အသစ် အရေအတွက်ကို ဖော်ပြတာ ဖြစ်ပါတယ်။ prevalence ကတော့ သတ်မှတ်ကာလအတွင်း ရောဂါဖြစ်နေတဲ့သူ (အသစ်ရော၊ ယခင်ကတည်းက ဖြစ်နေတဲ့သူရော) အရေအတွက်ကို ဖော်ပြတာ ဖြစ်ပါတယ်။ 

Prevalence မှာ ထည့်သွင်းတွက်ချက်ထားတဲ့အရေအတွက်ထဲမှာ အောက်မှာဖော်ပြထားတဲ့သူတွေ ပါဝင်ပါတယ်။

  • ရောဂါထပ်မံဖြစ်ပွားလာတဲ့ လူနာသစ်အရေအတွက်
  • ကင်ဆာကုထုံး ကုသမှုခံယူနေတဲ့သူ 
  • ကင်ဆာကုထုံး ကုသမှုခံယူခဲ့ဖူးသူ

သုတေသီတွေက prevalence ကို ဖော်ပြရာမှာ ကိန်းဂဏန်းနဲ့ ဖော်ပြလေ့ရှိသလို၊ ရာခိုင်နှုန်းနဲ့လည်း ဖော်ပြလေ့ ရှိပါတယ်။ ရောဂါပျံ့နှံ့မှုနှုန်း (prevalence rate) ကို ဖော်ပြရာမှာတော့ လူအယောက် ၁၀၀,၀၀၀ မှာ ဘယ်နှစ်ယောက် ဆိုတာမျိုးနဲ့ ဖော်ပြလေ့ရှိပါတယ်။ 

  • သုတေသီတွေဟာ အောက်မှာဖော်ပြထားတဲ့ အချက်တွေကို လေ့လာဆန်းစစ်သုံးသပ်ဖို့ prevalence ကို အသုံးပြု ကြပါတယ်။ 
  • လူဦးရေ တစ်ရပ်လုံးအတွင်း ကင်ဆာပျံ့နှံ့မှု (Large populations)
  • သီးသန့် လူအုပ်စုတစ်စုအတွင်း ကင်ဆာပျံ့နှံ့မှု (Specific population groups)
  • ကင်ဆာအမျိုးမျိုး ရောနှောနေတဲ့ အခြေအနေ (several cancers combined)
  • သီးသန့် ကင်ဆာအမျိုးအစား အုပ်စု (specific type of cancer)
  • ကင်ဆာတစ်မျိုးရဲ့ သီးသန့် ကင်ဆာအဆင့်တစ်ဆင့် (specific stage of a type of cancer)
  • ကင်ဆာဖြစ်နိုင်ချေအန္တရာယ်ကို ဖြစ်ပေါ်စေတဲ့ အချက်တစ်ချက် (specific risk factor)

ဥပမာအားဖြင့် BRCA1 နဲ့ BRCA2 မျိုးဗီဇတွေမှာ မျိုးဗီဇထွန်းခြင်း (mutation) ဖြစ်ပေါ်နေတဲ့သူတစ်ယောက်ဟာ အခြားသူတွေထက် ရင်သားကင်ဆာ ဖြစ်ပွားဖို့ အန္တရာယ်ပိုများပါတယ်။ အဲဒီ မျိုးဗီဇ နှစ်ခုအနက် တစ်ခုခုမှာ မျိုးဗီဇထွန်းခြင်း ဖြစ်ပေါ်တဲ့ prevalence က ၁ ရာခိုင်နှုန်းအောက်မှာပဲ ရှိပါတယ်။ ဆိုလိုတာက လူဦးရေ အားလုံးရဲ့ ၁ ရာခိုင်နှုန်းမှာပဲ အဲဒီ မျိုး ဗီဇထွန်းမှု ဖြစ်ပေါ်နိုင်ပါတယ်။ 

ဒါပေမယ့် BRCA မျိုးဗီဇထွန်းခြင်းရဲ့ prevalence ဟာ ရင်သားကင်ဆာဖြစ်ပွားတဲ့ အမျိုး သမီးအရေအတွက် ရဲ့ ၁၀ ရာခိုင်နှုန်းသာ ရှိပြီး၊ ရင်သားကင်ဆာဖြစ်ပွားတဲ့ အမျိုးသား အရေအတွက်ရဲ့ ၂၀ ရာခိုင်နှုန်းမှာသာ ရှိပါတယ်။ ဆိုလိုတာက ရင်သားကင်ဆာဖြစ်ပွားသူတွေထဲက အများဆုံး ၂၀ ရာခိုင်နှုန်းသာလျှင် BRCA မျိုးဗီဇထွန်းခြင်းကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ 

သေဆုံးနှုန်း (Mortality) 

သတ်မှတ်အချိန်ကာလတစ်ခုအတွင်းမှာ ကင်ဆာရောဂါနဲ့ လူဦးရေ ဘယ်လောက် သေဆုံးသလဲ ဆိုတာကိုတော့ သေဆုံးနှုန်း (Mortality) ဆိုတဲ့ ကိန်းဂဏန်းနဲ့ တိုင်းတာဖော်ပြပါတယ်။ အချိန်ကာလတစ်ခုအတွင်း လူအယောက် ၁၀၀,၀၀၀ မှာ ဘယ်နှစ်ယောက်သေဆုံးသလဲ ဆိုတာကို ဖော်ပြတာပါ။ အချိန်ကာလကိုတော့ များသောအားဖြင့် တစ်နှစ်အတွင်း လို့ သတ်မှတ်ဖော်ပြလေ့ ရှိပါတယ်။ 

သုတေသီတွေက သေဆုံးနှုန်းကို ဖော်ပြရာမှာ ကင်ဆာအမျိုးအစားအလိုက် ဖော်ပြနိုင်သလို၊ သီးခြားလူအုပ်စု တစ်စုစီအလိုက်လည်း ဖော်ပြလေ့ ရှိပါတယ်။ လေ့လာဖော်ပြလေ့ရှိတဲ့ သီးခြားလူအုပ်စုတွေအတွက် ဥပမာအချို့ကတော့ အောက်မှာဖော်ပြထား တဲ့အတိုင်း ဖြစ်ပါတယ်။

  • အသက် ၁၂ နှစ်အောက် ကလေးငယ်များ
  • ဆေးလိပ်သောက်သုံးသူများ
  • BRCA1 မျိုးဗီဇ ချို့ယွင်းချက်ရှိသူ အမျိုးသမီးများ 

သုတေသီတွေအနေနဲ့ သေဆုံးနှုန်းကို ဖော်ပြရာမှာလည်း incidence ကို ဖော်ပြသလိုပဲ အသက်အရွယ်ကိုပါ ထည့်သွင်းတွက်ချိန် ညှိနှိုင်းပြီး ဖော်ပြတဲ့ သေဆုံးနှုန်း (age-adjusted mortality rate) အဖြစ်လည်း ဖော်ပြနိုင်ပါတယ်။ 

ကင်ဆာရောဂါကို ကုသနိုင်မှု၊ မဖြစ်ခင် ကြိုတင်ပြီး ရောဂါရှာဖွေဖော်ထုတ်နိုင်မှု (screening test) နဲ့ ကြိုတင်ကာ ကွယ်နိုင်မှုတွေ ပိုပြီး လုပ်လာနိုင်တာနဲ့အမျှ ကင်ဆာတစ်မျိုးချင်းစီရဲ့ သေဆုံးနှုန်းတွေဟာလည်း ပြောင်းလဲလာနိုင်ပါတယ်။ ဥပမာအားဖြင့် ၁၉၆၀ ပြည့်လွန်နှစ်များအတွင်းက အမေရိကန်ပြည်ထောင်စုမှာ Hodgkin lymphoma ကင်ဆာရောဂါရဲ့ age-adjusted mortality rate ဟာ ၁.၅၅ အထက်မှာ ရှိပါတယ်။ ဆိုလိုတာက လူ အယောက် ၁၀၀,၀၀၀ မှာ ၁.၅၅ ယောက် ဟာ အဲဒီရောဂါကြောင့် သေဆုံးရခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၆၀ ပြည့်လွန် နှောင်းပိုင်းကာလတွေမှာ ဆရာဝန်တွေက ဆေးသွင်းကုသမှု (chemotherapy) နည်းလမ်းတွေ ပေါင်းစပ်အသုံးပြုလာကြပါတယ်။ ရလဒ်အနေနဲ့ အဲဒီ ကင်ဆာရောဂါ ကြောင့် သေဆုံးနှုန်းက သိသိသာသာ လျော့နည်းကျဆင်းလာပါတယ်။ ၂၀၁၂ ကနေ ၂၀၁၆ ခုနှစ်အထိ ကောက်ယူထားတဲ့ ကိန်းဂဏန်းတွေအရ အဲဒီရောဂါရဲ့ age-adjusted mortality rate ဟာ ၀.၃ အထိ ကျဆင်းလာတယ်လို့ ဆိုပါတယ်။ 

ကင်ဆာကို ကြိုတင်ရှာဖွေဖော်ထုတ်သည့် စမ်းသပ်မှု (screening test) ပြုလုပ်ရန်လိုအပ်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန်အတွက် လူတစ်ဦး၏ ကင်ဆာဖြစ်နိုင်ချေအန္တရာယ်ကို ခန့်မှန်းခြင်း

သုတေသီတွေအနေနဲ့ ဘယ်လိုလူအုပ်စုတွေဟာ ကင်ဆာရောဂါတစ်မျိုးမျိုးဖြစ်ပွားဖို့ အန္တရာယ်ပိုများသလဲ ဆိုတာ ခန့်မှန်းနိုင်ကြပါတယ်။ မတူညီတဲ့ လူအုပ်စုတွေအကြား အဲဒီ ကင်ဆာအမျိုးအစားရဲ့ incidence ဘယ်လောက်ရှိတယ်၊ pre-valence ဘယ်လောက်ရှိတယ် ဆိုတဲ့ စာရင်းအင်းကိန်းဂဏန်းတွေကို ကြည့်ပြီး ခန့်မှန်းကြတာပါ။ 

ဥပမာအားဖြင့်၊ စာရင်းအင်းကိန်းဂဏန်းတွေက အောက်မှာဖော်ပြထားတဲ့ ခန့်မှန်းစရာ အချက်အလက်တွေကို ဖော်ထုတ်ပေးထားပါတယ်။ 

  • အသက်ငယ်တဲ့ အမျိုးသမီးတွေနဲ့ နှိုင်းယှဉ်ရင် အသက်ကြီးတဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာ ဖြစ်ပွားဖို့ အန္တရာယ် ပိုများတယ်။
  • လူဖြူအမျိုးသားတွေနဲ့ နှိုင်းယှဉ်ရင် လူမည်းအမျိုးသားတွေဟာ ဆီးကျိတ်ကင်ဆာရောဂါ ဖြစ်ပွားဖို့ အန္တရာယ် ပို များတယ်။
  • အရက်သေစာသောက်သုံးသူတွေဟာ မသောက်သုံးသူတွေထက် အသည်းကင်ဆာ ဖြစ်ပွားဖို့ အန္တရာယ် ပို များတယ်။ 

Incidence ကိန်းဂဏန်းတွေ၊ Prevalence ကိန်းဂဏန်းတွေနဲ့ Mortality ကိန်းဂဏန်းတွေကို ပေါင်းစပ်ပြီး လူတစ် ယောက်ဟာ screening test လုပ်သင့်၊ မလုပ်သင့် ဆုံးဖြတ်နိုင်ပါတယ်။ ဥပမာအနေနဲ့ အောက်မှာ ဖော်ပြထားတဲ့ အချက်အ လက်တွေကို လေ့လာကြည့်ပါ။ 

Incidence နဲ့ Prevalence ကိန်းဂဏန်းတွေအရ အူမကြီးကင်ဆာ (colorectal cancer) ဟာ အမေရိကန် ပြည်ထောင်စုမှာ အဖြစ်အများဆုံး ကင်ဆာတွေထဲ က တစ်ခု ဖြစ်ပါတယ်။ 

အသက်အရွယ်အလိုက် လေ့လာထားတဲ့ Incidence နဲ့ Prevalence ကိန်းဂဏန်းတွေအရ အူမကြီးကင်ဆာ ဟာ အသက် ၅၀ ကျော်တွေမှာ ပိုပြီး အဖြစ်များပါတယ်။ 

Mortality ကိန်းဂဏန်းတွေအရ အူမကြီးကင်ဆာကို စောစောသိပြီး၊ စောစောကုသနိုင်လေ၊ ကုသမှုက ပိုပြီး အောင်မြင်နိုင်လေ ဖြစ်ပါတယ်။ အထက်မှာဖော်ပြထားတဲ့ စာရင်းအင်းကိန်းဂဏန်းအချက်အလက်တွေအားလုံးကို ပေါင်းစပ်ပြီး ဆရာဝန်တွေက  အူမကြီးကင်ဆာအတွက် ပုံမှန်စစ်ဆေးမှု (screening test) တွေကို အသက် ၅၀ က စတင်ပြီး ဆောင်ရွက်ဖို့ လမ်းညွှန်ကြတာ ဖြစ်ပါတယ်။ ဒါက ပုံမှန်အနေအထား ရှိသူတွေအတွက် လမ်းညွှန်ချက် ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အူမကြီးကင်ဆာ ကို စောစောစီးစီးသိရှိပြီး၊ ကုသမှုတွေ စောစောလုပ်ဆောင်ခြင်းအားဖြင့် ကုသမှုက ပိုမိုထိရောက်အောင်မြင်စေဖို့ (လူနာ အ သက်ရှင်နိုင်ဖို့) ဖြစ်ပါတယ်။ 

ဆရာဝန်တွေအနေနဲ့ လူတစ်ဦးချင်းစီရဲ့ ကင်ဆာဖြစ်ပွားနိုင်ချေအန္တရာယ်ရှိမှု အနည်း၊ အများပေါ်မှာ မူတည်ပြီး screening test လုပ်ဖို့ လမ်းညွှန်ချက်တွေကို အပြောင်းအလဲပြုလုပ်ပြီး နိုင်ပါတယ်။ ဥပမာအားဖြင့် အောက်ပါအချက်တွေ ပေါ်မူတည်ပြီး လမ်းညွှန်ချက်တွေ ပြောင်းလဲနိုင်ပါတယ်။ 

  • မိသားစုမှာ ကင်ဆာရာဇဝင် ရှိ၊ မရှိ
  • အခြားရောဂါတွေ ရှိ၊ မရှိ
  • ဘဝနေထိုင်မှုပုံစံပဲဖြစ်ပါတယ်။

ဒီဆောင်းပါးမှာ ပါဝင်တဲ့ ကိန်းဂဏန်းအချက်အလက်တွေဟာ American Cancer Society's က ထုတ်ဝေတဲ့ Cancer Facts & Figures 2020 နဲ့ National Cancer Institute Surveillance Epidemiology and End Results (SEER) ရဲ့ database (January 2020) ကနေ ရယူပြီး ထုတ်နှုတ်အသုံးပြု ဖော်ပြထားတာ ဖြစ်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်