မျိုးဗီဇ နှင့် ကင်ဆာ

12/12/2024 11:24 AM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

ခန္ဓာကိုယ်ထဲက ဆဲလ် (cell) တစ်လုံးချင်းစီမှာ ဒီအန်အေ(DNA) လို့ခေါ်တဲ့ မျိုးဗီဇပစ္စည်းတွေရှိပြီး အဲဒီမှာ မျိုးဗီဇ (genes) တွေရှိနေတာပါ။ Genes တွေက ဆဲလ်တွေရဲ့ အလုပ်လုပ်ပုံကို ထိန်းချုပ်ပါတယ်။ သူတို့ထိန်းချုပ်တဲ့အရာတွေထဲမှာ အောက်မှာဖော်ပြတဲ့ အချက်တွေလည်း အပါအဝင် ဖြစ်ပါတယ်။ 

  • ဆဲလ်တွေ ဘယ်လောက်မြန်မြန် ကြီးထွားကြသလဲ?
  • ဆဲလ်တွေဟာ ဘယ်လောက်ကြာတိုင်း ကွဲပွားနေကြသလဲ?
  • ဆဲလ်တွေရဲ့ သက်တမ်းက ဘယ်လောက်ရှည်ကြာသလဲ? 

သုတေသီတွေက ဆဲလ်တစ်ခုချင်းစီမှာ မတူညီတဲ့ genes ပေါင်း ၃၀,၀၀၀ လောက် ပါဝင်နေတယ်လို့ ခန့်မှန်းထားကြပါတယ်။ ဆဲလ်တွေထဲမှာ အဲဒီမြောက်များစွာသော genes တွေဟာ ခရိုမိုဇုမ်း (chromosomes) တွေပေါ်မှာ တည်ရှိနေကြတာ ဖြစ်ပါတယ်။ 

ခရိုမိုဇုမ်း ( Chromosomes) 

ခရိုမိုဇုမ်းတွေဟာ ဆဲလ်ထဲမှာ ရှိပြီး အပ်ချည်မျှင်နဲ့တူတဲ့ အရာတွေပါ။ သူတို့က genes တွေကို သယ်ဆောင်ထားကြပါတယ်။ ဆဲလ်တစ်လုံးမှာ ခရိုမိုဇုမ်း ၄၆ ခု ရှိပါတယ်။ ခရိုမိုဇုမ်း ၂၃ ခု စီပါဝင်တဲ့ အစုံ ၂ စုံ အဖြစ် ရှိတောပါ။ 

လူတစ်ယောက်ရဲ့ ခရိုမိုဇုမ်း ၂ စုံမှာ ၁ စုံကို အဲဒီလူရဲ့ မိခင်ထံက အမွေဆက်ခံရရှိခဲ့တာဖြစ်ပြီး၊ ကျန်တစ်စုံကိုတော့ ဖခင်ထံက အမွေဆက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။ တစ်စုံချင်းစီမှာ ခရိုမိုဇုမ်း ၂၃ ခုစီ ပါဝင်တဲ့အနက် ၁ ခုစီက “အဲဒီလူဟာ မိန်းမ ဖြစ်တယ်” ဒါမှမဟုတ် “ယောက်ျားဖြစ်တယ်” ဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ ကျန်တဲ့ ၂၂ ခုစီကတော့ အခြားသော ရုပ်ပိုင်း ဆိုင်ရာ လက္ခဏာတွေကို အဆုံးအဖြတ်ပေးပါတယ်။ အဲဒီလို ခရိုမိုဇုမ်း အတွဲလေးတွေကိုတော့ autosomes လို့ ခေါ်ပါတယ်။ 

Genes တွေ ဘယ်လို အလုပ်လုပ်သလဲ?

Genes တွေက ခန္ဓာကိုယ်ထဲမှာ ပရိုတင်း (protein) တွေ ကို ပြုလုပ်ပေးခြင်းအားဖြင့် ဆဲလ်တွေကို ထိန်းချုပ်ထားပါတယ်။ ပရိုတင်းတွေမှာ သီးခြားလုပ်ငန်းတွေရှိပြီး သူတို့က ဆဲလ်တစ်လုံး ဘာတွေလုပ်ရမယ်ဆိုတာ သတ်မှတ်ပေးတဲ့ သတင်းအချက်အလက်တွေကို သယ်ဆောင်သူ (messengers) တွေအဖြစ် အလုပ်လုပ်ပါတယ်။ 

Gene တစ်ခုချင်းစီဟာ ဘာ ပရိုတင်း (ဘယ်လို ပရိုတင်း) ကို ထုတ်လုပ်မယ် ဆိုတဲ့ ညွှန်ကြားချက်တွေ ရှိရပါတယ်။ ဒါမှသာ ပရိုတင်းကနေ ဆဲလ်တွေအတွက် လုပ်ငန်းတွေကို ပုံမှန်အတိုင်း ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။ 

ဆဲလ် တစ်လုံးထဲက gene တစ်ခု (တစ်ခုထက် ပိုတာလည်း ဖြစ်နိုင်ပါတယ်) ဟာ ပုံမှန်မဟုတ်ဘဲ ထွန်းသွားတဲ့အခါ ကင်ဆာ စဖြစ်တာပါပဲ။ ထွန်းသွားတာကို “mutation” လို့ ခေါ်ပါတယ်။ တကယ်တော့ ထွန်းတယ် ဆိုတာ ပြောင်းသွားတာ (change) ပါပဲ။ gene က ပုံမှန်မဟုတ်ဘဲ ပြောင်းသွားတော့ ပုံမှန်မဟုတ်တဲ့ ပရိုတင်းတွေ ထွက်လာပါတယ်။ ဒါမှမဟုတ် ပုံ မှန် ပရိုတင်းတွေ မထွက်တော့အောင် တားတာမျိုးလည်း လုပ်နိုင်ပါတယ်။ 

ဘယ်လိုပဲ ဖြစ်ဖြစ် ပုံမှန်မဟုတ်တဲ့ ပရိုတင်းတွေဟာ ပုံမှန် ပရိုတင်းတွေနဲ့ မတူကွဲပြားတဲ့ သတင်းအချက်အလက် တွေကို သယ်ဆောင်ထားမှာ ဖြစ်ပါတယ်။ အဲဒီလို သတင်းအချက်အလက်မှားတွေ သယ်‌ဆောင်ထားတဲ့ ပရိုတင်းတွေကြောင့် ဆဲလ်တွေဟာ အထိန်းအကွပ်မဲ့ ပွားများလာပြီး ကင်ဆာ ဖြစ်ပေါ်လာတာပါပဲ။ 

မျိုးဗီဇ ထွန်းခြင်း (Genetic mutations)

မျိုးဗီဇထွန်းခြင်း (Genetic mutation) နှစ်မျိုး နှစ်စား ရှိပါတယ်။ Acquired mutations (ပြင်ပပယောဂကြောင့် မျိုးဗီဇ ထွန်းခြင်း) - ဒီမျိုးဗီဇထွန်းခြင်း နည်းလမ်းဟာ ကင်ဆာကို အများဆုံးဖြစ်စေတဲ နည်းလမ်းပဲ ဖြစ်ပါတယ်။ လူ့ဘဝသက်တမ်းအတွင်း ဆဲလ်တစ်လုံး လုံးထဲက genes တွေကို အကြောင်းတစ်ခုခုနဲ့ ထိခိုက်စေမိရာကနေ မျိုးဗီဇ ထွန်းလာတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ရင်သားဆဲလ် တစ်လုံး၊ ဒါမှမဟုတ် အူမကြီး ဆဲလ်တစ်လုံး ဟာ တစ်စုံတစ်ခုကြောင့် ထိခိုက်သွားရာကနေ အဲဒီဆဲလ်တွေဟာ အမြောက်အများပွားများလာပြီး အဖုအကျိတ် ဖြစ်လာစေတာမျိုး ပါ။ Acquired mutations ကြောင့်ဖြစ်တဲ့ ကင်ဆာတွေကို sporadic cancer လို့ ခေါ်ပါတယ်။ ဒီ မျိုးဗီဇ ထွန်းတဲ့ နည်းလမ်းဟာ ဆဲလ်အားလုံးမှာ ဖြစ်တာ မဟုတ်ပါဘူး။ တစ်နေရာမှာ ကွက်ပြီးဖြစ်တဲ့ မျိုးဗီဇ ထွန်းခြင်း မျိုး ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ဒီမျိုးဗီဇထွန်းခြင်းဟာ မိဘကနေ သားသမီးထံ ကို အမွေမပေးနိုင်ပါဘူး။ Acquired mutations ဖြစ်ပေါ်စေနိုင်တဲ့ အချက်တွေကို အောက်မှာ ဖော်ပြထားပါတယ်။ 

  • ဆေးလိပ်၊ ဆေးရွက်ကြီး
  • ခရမ်းလွန်ရောင်ခြည်သင့်ခြင်း (Ultraviolet (UV) radiation)
  • ဗိုင်းရပ်စ်များနဲ့
  • အသက်အရွယ်ကြီးရင့်လာခြင်းတို့ကြောင့်ပါ။

Germline mutations - အတွေ့ရနည်းတဲ့ မျိုးဗီဇထွန်းခြင်းတစ်မျိုး ဖြစ်ပါတယ်။ အဲဒီ မျိုးဗီဇထွန်းခြင်းတွေကို သုတ်ပိုး ဒါမှမဟုတ် မမျိုးဥ ဆဲလ်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒါကြောင့် သ‌န္ဓေအောင်ပြီး၊ ကိုယ်ဝန်လွယ်ထားချိန်မှာ မိဘဆီကနေ သားသမီးထံ ကို ရောက်ရှိသွားနိုင်ပါတယ်။ သန္ဓေသားက ကလေးငယ်အဖြစ် ကြီးထွားလာချိန်မှာ မူရင်း သုတ်ပိုး ဒါမှမဟုတ် မမျိုးဥထဲက ပါလာတဲ့ မျိုးဗီဇထွန်းခြင်းက ကလေးငယ်ရဲ့ ဆဲလ်အားလုံးဆီကို ပုံတူကူးပြီး ရောက်ရှိသွားပါတယ်။ မျိုးဗီဇထွန်းခြင်းက မျိုးပွားဆဲလ် (reproductive cell) တွေမှာ ဖြစ်ပေါ်တာကြောင့် မျိုးဆက်တစ်ခုကနေ နောက်တစ်ခုကို ဆက်တိုက်ကူးစက်ရောက်ရှိနိုင်ပါတယ်။ Germline mutation ကြောင့်ဖြစ်တဲ့ ကင်ဆာတွေကိုတော့ မျိုးရိုးလိုက်သောကင်ဆာ (inherited cancer) လို့ ခေါ်ပါတယ်။ ကင်ဆာအားလုံးရဲ့ ၅% ကနေ ၂၀% လောက်ဟာ Germline mutation ကြောင့်ဖြစ်တဲ့ ကင်ဆာတွေပဲ ဖြစ်ပါတယ်။ 

မျိုးဗီဇထွန်းခြင်းနှင့် ကင်ဆာ (Mutations and cancer)

မျိုးဗီဇထွန်းခြင်းကို မကြာခဏဆိုသလို တွေ့ရနိုင်ပါတယ်။ မျိုးဗီဇထွန်းခြင်းဖြစ်ပေါ်တဲ့အခါ အကျိုးရှိသွားနိုင်သလို အန္တရာယ်လည်း ဖြစ်ပေါ်နိုင်ပါတယ်။ တခါတလေကျတော့လည်း ဘာမျှသက်ရောက်မှု မရှိတာမျိုး ဖြစ်နိုင်ပါတယ်။ မျိုးဗီဇထွန်းခြင်းရဲ့ သက်ရောက်မှုတွေ၊ တနည်းအားဖြင့် ကောင်းကျိုး၊ ဆိုးကျိုးတွေက အဲဒီ မျိုးဗီဇထွန်းခြင်းဟာ ဘယ်နေရာမှာ ဖြစ်တာလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်။ ပုံမှန်အားဖြင့်တော့ မျိုးဗီဇထွန်းခြင်းဖြစ်ပေါ်လာတဲ့အခါ ခန္ဓာကိုယ်က သူ့အလိုအလျောက် ပြန်လည်ပြုပြင်ပေးပါတယ်။

မျိုးဗီဇထွန်းခြင်းဟာ တစ်ကြိမ်ပဲဖြစ်ပေါ်မယ် (ဒါကို single mutation လို့ခေါ်တယ်။) ဆိုရင် ကင်ဆာ မဖြစ်ပွားနိုင်ပါဘူး။ မျိုးဗီဇထွန်းခြင်းက ဆက်ခါ ဆက်ခါ ဆက်တိုက်ဖြစ်ပေါ်လာတဲ့အခါ ကင်ဆာ ဖြစ်ပေါ်လာတာပါ။ ဒါကြောင့် ကင်ဆာရောဂါဟာ အသက်အရွယ်ကြီးရင့်လာတဲ့သူတွေမှာ ပိုပြီး အဖြစ်များရခြင်း ဖြစ်ပါတယ်။ အသက်ကြီးလာလေလေ၊ ခန္ဓာကိုယ် မှာ မျိုးဗီဖထွန်းတဲ့ဖြစ်စဉ်တွေ စုပုံလာလေလေမို့ ကင်ဆာရောဂါဖြစ်ပွားဖို့ အခွင့်အလမ်းပိုများလာတာပါ။ 

 ကင်ဆာဖြစ်ပွားမှုနှင့် ဆက်စပ်နေသော မျိုးဗီဇ (genes) များ

ကင်ဆာဖြစ်ပွားမှုနှင့် ဆက်စပ်နေတဲ့ မျိုးဗီဇ (genes) တွေ အများအပြားရှိပြီး၊ အဲဒီမျိုးဗီဇတွေကို အုပ်စုတွေ ခွဲခြားလေ့လာနိုင်ပါတယ်။

(၁) Tumor suppressor genes - ဒီအုပ်စုမှာ ပါဝင်တဲ့ မျိုးဗီဇတွေဟာ ကင်ဆာကို ကာကွယ်ပေးတဲ့ မျိုးဗီဇ (protective genes) တွေ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အဲဒီ မျိုးဗီဇတွေဟာ နည်းလမ်း ၃ ခုနဲ့ ကင်ဆာဆဲလ် ကြီးထွားမှုကို တားဆီးပေးပါတယ်။ 

ဆဲလ်တွေက ဘယ်လိုကွဲပွားပြီး ဆဲလ်သစ်တွေ ထုတ်လုပ်ပေးနေသလဲဆိုတာကို စောင့်ကြည့်တဲ့ နည်းလမ်း၊ ပုံစံမမှန်တဲ့ DNA တွေကို ပြန်လည်ပြင်ဆင်ပေးတဲ့နည်းလမ်း၊ ဆဲလ်တစ်လုံးသေဆုံးတဲ့အခါ ထိန်းချုပ်ပေးခြင်း၊ ဆဲလ်ပွားများမှုကို ထိန်းကျောင်းပေးတဲ့ Tumor suppressor gene တစ်ခု မျိုးဗီဇထွန်းသွားတဲ့အခါ ဆဲလ်တွေဟာ အထိန်းအချုပ်မဲ့ ပွားများလာပါတော့တယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ အဖုအကျိတ်တွေ ဖြစ်လာတော့တာပါပဲ။ 

Tumor suppressor gene တွေအတွက် ဥပမာပေးရမယ့် မျိုးဗီဇတွေကတော့ BRCA1 ၊ BRCA2 နဲ့ p53 သို့ မဟုတ် TP53 ဆိုတဲ့ မျိုးဗီဇတွေပဲ ဖြစ်ပါတယ်။ 

BRCA1 သို့မဟုတ် BRCA2 မျိုးဗီဇ တစ်ခုခုမှာ Germline mutation တွေဖြစ်ပေါ်တဲ့အခါ အမျိုးသမီးတွေမှာ မျိုးရိုးလိုက်တဲ့ ရင်သားကင်ဆာ သို့မဟုတ် မျိုးဥအိမ်ကင်ဆာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အမျိုးသားတွေ မှာတော့ မျိုးရိုးလိုက်တဲ့ ဆီးကျိတ်ကင်ဆာနဲ့ ရင်သားကင်ဆာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့အပြင် အမျိုး သမီးရော၊ အမျိုးသားရော နှစ်မျိုးစလုံးမှာ ပန်ကရိယကင်ဆာနဲ့ မယ်လန်နိုးမားတွေ ဖြစ်ပေါ်ဖို့ အန္တရာယ် ပိုပြီး မြင့်မားလာစေပါတယ်။ 

ကင်ဆာဖြစ်ပေါ်စေမှု အများဆုံး မျိုးဗီဇတွေကတော့ p53 သို့ မဟုတ် TP53 ဆိုတဲ့ မျိုးဗီဇပဲ ဖြစ်ပါတယ်။ ကင်ဆာဖြစ်ပွားမှုရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ p53 မျိုးဗီဇကြောင့် ဖြစ်ပေါ်ရတာပါ။ p53 မှာ မျိုးဗီဇထွန်းခြင်း ဖြစ်ပေါ်ရတာကတော့ Acquired mutations တွေကြောင့် အများစု ဖြစ်ပါတယ်။ Germline mutation ကြောင့် p53 မှာ မျိုးဗီဇထွန်းတယ်ဆိုတာ အတော်လေးကို ရှားပါတယ်။ ဒါပေမယ့် p53 မျိုးဗီဇ ကို သယ်ဆောင်ထားတဲ့သူတွေဟာ ကင်ဆာရောဂါအမျိုးမျိုးဖြစ်ပွားဖို့ အန္တရာယ်ပိုမိုမြင့်မားပါတယ်။ 

(၂) Oncogenes - ဒီမျိုးဗီဇတွေကတော့ ကျန်းမာတဲ့ ပုံမှန်ဆဲလ်တွေကို ကင်ဆာဆဲလ်တွေအဖြစ် ပြောင်းလဲပစ်တဲ့ မျိုးဗီဇတွေ ဖြစ်ပါတယ်။ ဒီမျိုးဗီဇတွေမှာ မျိုးဗီဇထွန်းခြင်း ဟာ မျိုးရိုးလိုက်တယ်ရယ်လို့တော့ မတွေ့ရပါဘူး။ အတွေ့ရများတဲ့ Oncogenes နှစ်ခု ရှိပါတယ်။ 

HER2 - ကင်ဆာဆဲလ်တွေ ကြီးထွားမှုနဲ့ ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ အထူးပြုလုပ်ထားတဲ့ ပရိုတင်းဖြစ်ပါတယ်။ ကင်ဆာဆဲလ်အချို့ထဲမှာ HER2 ကို တွေ့ရတတ်ပါတယ်။ ဥပမာအားဖြင့် ရင်သားကင်ဆာနဲ့ မျိုးဥအိမ်ကင်ဆာဆဲလ်တွေထဲမှာ တွေ့ရပါတယ်။ 

RAS မိသားစုဝင် မျိုးဗီဇများ - ဆဲလ်တွေ အချင်းချင်းကြား ဆက်သွယ်တဲ့လမ်းကြောင်းနဲ့ ဆဲလ် ကြီးထွားဖွံ့ဖြိုးမှု၊ သေဆုံးမှုတွေမှာ ပါဝင်ရတဲ့ ပရိုတင်းတွေကို ပြုလုပ်ပေးတဲ့ မျိုးဗီဇတွေ ဖြစ်ပါ တယ်။ 

(၃) DNA repair genes – ဆဲလ်တွေ ပွားများဖို့အတွက် DNA ကို မိတ္တူပွားချိန်မှာ အမှားအယွင်းဖြစ်ပေါ်ခဲ့ရင် DNA repair genes တွေက ပြန်လည်ပြင်ဆင်ပေးပါတယ်။ အဲဒီ မျိုးဗီဇအများစုဟာ Tumor suppressor genes တွေအဖြစ်လည်း တာဝန်ထမ်းဆောင်ပေးကြတာပါ။ အထက်မှာ ပြောခဲ့တဲ့ BRCA1 ၊ BRCA2 နဲ့ p53 သို့ မဟုတ် TP53 ဆိုတဲ့ မျိုးဗီဇတွေဟာ DNA repair genes တွေလည်း ဖြစ်ကြပါတယ်။ 

တကယ်လို့ လူတစ်ယောက်ရဲ့ DNA repair genes တွေမှာ အမှားအယွင်းတစ်ခုခု ဖြစ်သွားပြီ ဆိုရင်တော့ DNA မိတ္တူပွားစဉ်မှာ ဖြစ်ပေါ်တဲ့ အမှားအယွင်းတွေကို မပြင်ပေးနိုင်တော့ပါဘူး။ အမှားအယွင်းကို မပြင်ပေးလိုက်တော့ မှားတဲ့အတိုင်း ဆဲလ်တွေ ဆက်ပွားပြီး မျိုးဗီဇထွန်းခြင်း တွေ ဆက်တိုက် ဖြစ်ပေါ်လာပါတော့ တယ်။ နောက်တော့ ကင်ဆာအဖြစ် ပြောင်းလဲလာတာပါပဲ။ 

DNA repair genes မှာ မျိုးဗီဇထွန်းခြင်း ဖြစ်ပေါ်ရတာဟာ Acquired mutation ကြောင့်ရော Germline mutations ကြောင့်ပါ ဖြစ်နိုင်ပါတယ်။ Lynch symdrome ဟာ Germline mutation ကြောင့်ဖြစ်ပေါ်တဲ့ ရောဂါ ဥပမာ တစ်ခုဖြစ်ပါတယ်။ 

ကင်ဆာဆဲလ်များ၏ မျိုးဗီဇနှင့်ပတ်သက်၍ နားလည်နိုင်ရန်ကြိုးစားရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ

ကင်ဆာ မျိုးဗီဇတွေဟာ အလုပ်ဘယ်လိုလုပ်သလဲဆိုတာကို သုတေသီတွေ အများအပြားလေ့လာထားကြပြီး ဖြစ် ပါတယ်။ ဒါပေမယ့် ကင်ဆာအတော်များများဟာ သီးခြား မျိုးဗီဇတစ်ခုတည်းနဲ့ ချိတ်ဆက်နေတာ မဟုတ်ပါဘူး။ ကင်ဆာ ဖြစ်ပွားတာဟာ မျိုးဗီဇ အများအပြား ရောနှောချိတ်ဆက် ပါဝင်ပတ်သက်နေကြပါတယ်။ ဒါ့အပြင် မျိုးဗီဇတွေဟာ သူတို့ရဲ့ ပတ်ဝန်းကျင်နဲ့လည်း ဆက်နွှယ်ပတ်သက်နေကြတယ်ဆိုတဲ့ တွေ့ရှိချက်တွေလည်း ရှိနေပါသေးတယ်။ ဒါကြောင့် ကင်ဆာ ရောဂါ ဖြစ်ပွားမှုနဲ့ မျိုးဗီဇတို့ရဲ့ အဆက်အစပ်ကို နားလည်အောင် ကြိုးစားရာမှာ ရှုပ်ထွေးနက်နဲမှုတွေ အများကြီး ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ 

သုတေသီတွေက အခုနောက်ပိုင်းမှာ မျိုးဗီဇ ပြောင်းလဲမှုက ကင်ဆာရောဂါ အဆင့်ဆင့် ဖြစ်ပွားလာမှုအပေါ် ဘယ် လိုသက်ရောက်သလဲ ဆိုတာကိုပါ လေ့လာနေကြပြီ ဖြစ်ပါတယ်။ အဲဒီ လေ့လာမှုတွေကတဆင့် ကင်ဆာရောဂါဝေဒနာရှင် တွေကို ပြုစုစောင့်ရှောက်မှု ပိုမိုကောင်းမွန်လာအောင် ကြံဆောင်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကင်ဆာကို စောစောစီးစီး သိရှိနိုင်ဖို့၊ ကင်ဆာဖြစ်ပွားနိုင်ချေ အန္တရာယ်တွေကို လျှော့ချဖို့၊ ကုသမှု ပိုမိုထိရောက်ဖို့နဲ့ ရှင်သန်နှုန်းမြင့်မားဖို့တွေအထိ စွမ်းဆောင်လာနိုင်မှာ ဖြစ်ပါတယ်။ 

ကင်ဆာနဲ့ ပတ်သက်တဲ့ မျိုးဗီဇ လေ့လာမှုတွေက ဆရာဝန်တွေအတွက်လည်း အထောက်အကူပြုမှာပါ။ လူတစ်ယောက်ရဲ့ ကင်ဆာဖြစ်နိုင်ချေကို ကြိုတင်ခန့်မှန်းဖို့၊ ကင်ဆာရောဂါကို ရှာဖွေစမ်းသပ်ဖို့နဲ့ ကုသဖို့အတွက် အဲဒီမျိုးဗီဇ လေ့လာမှုတွေက အထောက်အကူပြုနိုင်ပါလိမ့်မယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်