ကင်ဆာရောဂါဖြစ်နိုင်ချေနဲ့ ပတ်သက်တဲ့စာရင်းအင်းကိန်းဂဏန်း

13/06/2024 13:30 PM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

ရောဂါမဖြစ်ပွားမီ ရောဂါဖြစ်ပွားနိုင်ချေကို ကြိုတင်ခန့်မှန်းရန်နှင့် ရောဂါရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် အသုံးပြုသော စာရင်းအင်းကိန်းဂဏန်းများအကြောင်းကို ဆက်လက်ဆွေးနွေးပေးသွားပါ့မယ်။

စာရင်းအင်းကိန်းဂဏန်းတွေ (statistics) ဆိုတာ အများပြည်သူအတွင်း ကင်ဆာရောဂါ ဖြစ်ပွားနိုင်ချေနဲ့ ဖြစ်ပွားမှု အခြေအနေတွေကို ခန့်မှန်းပေးပါတယ်။ သုတေသီတွေက အဲဒီစာရင်းအင်းကိန်းဂဏန်းတွေကို အသုံးပြုပြီး ကင်ဆာရောဂါ ဖြစ်ပွားနိုင်ချေ အန္တရာယ်ရှိမှု (risk) ကို ဆုံးဖြတ်ပေးပါတယ်။ ဒါ့အပြင် ရောဂါရှိ၊ မရှိ သိရှိနိုင်အောင် ဘယ်လို စမ်းသပ်စစ်ဆေး မှု (screening test) တွေ ဆောင်ရွက်သင့်သလဲဆိုတာကိုလည်း ဆုံးဖြတ်ပေးပါတယ်။ 

သတိထားရမယ့်အချက်ကတော့ စာရင်းအင်းကိန်းဂဏန်းတွေက ကင်ဆာအန္တရာယ် ဘယ်လောက်ရှိတယ်ဆိုတာကိုသာ ပြောပြနိုင်ပြီး မိမိမှာ ကင်ဆာဖြစ်မယ်၊ မဖြစ်ဘူးလို့ အတိအကျ ပြောပြပေးနိုင်တာ မဟုတ်ပါဘူး။ ကိုယ့်အခြေအနေဟာ ကင်ဆာရောဂါ ဖြစ်နိုင်ချေ ရှိ၊ မရှိနဲ့ ပတ်သက်ပြီး ဘယ်ကိန်းဂဏန်းအချက်အလက်ကို ကြည့်ရာမယ်ဆိုတာကိုတော့ သက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရမှာ ဖြစ်ပါတယ်၊၊ မိမိကြားဖူးတဲ့ ကင်ဆာရောဂါဆိုင်ရာ ကိန်းဂဏန်း အချက်အလက်တွေနဲ့ ပတ်သက်ပြီး မရှင်းလင်းတာတွေကိုလည်း နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေသေချာချာ မေးမြန်း ဆွေးနွေးဖို့ လိုအပ်ပါတယ်။ 

ဒီဆောင်းပါးမှာတော့ ကင်ဆာရောဂါဖြစ်ပွားနိုင်ချေ အန္တရာယ် (cancer risk) နဲ့ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ စာရင်းအင်းကိန်းဂဏန်းအချက်အလက်တွေအကြောင်း အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ 

ရောဂါဖြစ်ပွားမှုပမာဏ (Incidence) 

ရောဂါဖြစ်ပွားမှုပမာဏ (incidence) ဆိုတာ လူဘယ်နှစ်ယောက်လောက် အသစ်ထပ်ပြီး ကင်ဆာရောဂါ ဖြစ်ပွားနိုင်တယ်ဆိုတာကို ခန့်မှန်းတွက်ချက်ပြတဲ့ စာရင်းအင်းကိန်းဂဏန်း တစ်ခုဖြစ်ပါတယ်။ ရောဂါဖြစ်ပွားမှုနှုန်းကို တွက်ချက်ဖော်ပြရာမှာ အချိန်ကာလ (ကာလတို) တစ်ခု သတ်မှတ်ပြီး အဲဒီကာလအတွင်း ရောဂါဖြစ်ပွားနှုန်းကို ဖော်ပြလေ့ရှိပါတယ်။ ယေဘုယျ အားဖြင့်တော့ အချိန်ကာလ ၁ နှစ် ကို အခြေခံလေ့ ရှိပါတယ်။ 

သုတေသီတွေက လက်ရှိနှစ်အတွင်း ရောဂါဖြစ်ပွားမှုပမာဏကို အောက်မှာဖော်ပြထားတဲ့ အချက် ၃ ချက်ကို အခြေခံပြီး တွက်ချက်လေ့ ရှိပါတယ်။ 

သုတေသီတွေက ပြီးခဲ့တဲ့ကာလတလျှောက် နှစ်အလိုက် ကင်ဆာရောဂါဖြစ်ပွားကြောင်း အတည်ပြုနိုင်ခဲ့တဲ့ လူနာအရေအတွက် စာရင်းကို ပြုစုရပါတယ်။

ရရှိလာတဲ့ ကိန်းဂဏန်းတွေကို အနာဂတ်ကာလမှာ တွေ့ရှိရမယ့် ရောဂါဖြစ်ပွားနှုန်းကို ကြိုတင်ခန့်မှန်းဖို့ တည်ဆောက်ထားတဲ့ စာရင်းအင်းကိန်းဂဏန်းဆိုင်ရာတွက်ချက်မှုပုံစံ (statistical model) ထဲကို ထည့်သွင်း တွက်ချက်ရပါတယ်။

သုတေသီတွေဟာ အနည်းဆုံးဖြစ်နိုင်တဲ့ ပမာဏ၊ အများဆုံးဖြစ်နိုင်တဲ့ ပမာဏစတဲ့ ဘောင် (range) တွေကို သုံးပြီး ခန့်မှန်းချက်တွေကို ဖော်ပြပေးပါတယ်။ 

ဥပမာအနေနဲ့ အမေရိကန်ပြည်ထောင်စုက ကင်ဆာရောဂါဆိုင်ရာအသင်းအဖွဲ့တွေ စုပေါင်းထုတ်ပြန်တဲ့ ၂၀၂၀ ခုနှစ် ကင်ဆာရောဂါ အချက်အလက်များ (Cancer Facts & Figures 2020) ဆိုတဲ့ အစီရင်ခံစာ ကို လေ့လာကြည့်နိုင်ပါတယ်။ အဲဒီ အစီရင်ခံစာမှာ သုတေသီတွေက ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အကြား ကင်ဆာရောဂါစမ်းသပ်တွေ့ရှိခဲ့တဲ့ လူနာစာရင်း ကို ပြုစုပါတယ်။ အဲဒီ ကိန်းဂဏန်းတွေကို အသုံးပြုပြီး ၂၀၂၀ ခုနှစ်အတွက် ကင်ဆာရောဂါဖြစ်နိုင်ချေကို ခန့်မှန်းတွက်ချက်ပြပါတယ်။ 

သုတေသနရလဒ်တွေကို ဖော်ပြရာမှာ တခါတရံ ရောဂါဖြစ်ပွားမှုပမာဏအစား ရောဂါဖြစ်ပွားမှုနှုန်း (incidence rate) အဖြစ် ဖော်ပြတာမျိုးလည်း ရှိပါတယ်။ လူအယောက် ၁၀၀,၀၀၀ မှာ ဘယ်နှစ်ယောက်ဟာ ကင်ဆာရောဂါ ဖြစ်ပွားနိုင်သလဲဆိုတာကို တွက်ချက်ဖော်ပြတာပါ။ ဥပမာအားဖြင့် “အမေရိကန်ပြည်ထောင်စုမှာ ၂၀၁၉ ခုနှစ်အတွက် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုနှုန်းဟာ ၁၀၄.၁ ဖြစ်တယ်” လို့ ဖော်ပြထားတယ်ဆိုပါစို့။ အဓိပ္ပာယ်ကတော့ “၂၀၁၉ ခုနှစ်အတွင်း အမေရိကန် ပြည်ထောင်စုအတွင်းမှာရှိတဲ့ လူ အယောက် ၁၀၀,၀၀၀ မှာ ၁၄၀.၁ ယောက်ဟာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားကြောင်း ဆရာဝန်တွေက စမ်းသပ်အတည်ပြုခဲ့တယ်” ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ 

တချို့သော သုတေသနတွေမှာတော့ အသက်အရွယ်ကွာခြားမှုကိုပါ ထည့်သွင်းတွက်ချက်ပြီး ကင်ဆာဖြစ်ပွားမှုနှုန်းကို ဖော်ပြလေ့ ရှိပါတယ်။ ဒါကိုတော့ age-adjusted incidence rate လို့ ခေါ်ပါတယ်။ ဆိုလိုတာက ဒေသနှစ်ခုမှာရှိတဲ့ ရောဂါဖြစ်ပွားနှုန်းတွေကို နှိုင်းယှဉ်ဖော်ပြရာမှာ အဲဒီ ဒေသနှစ်ခုမှာရှိတဲ့ လူတွေရဲ့ အသက်အရွယ်ကွာခြားမှု (ဒေသတစ်ခုက လူကြီး အရေအတွက် ပိုများပြီး၊ နောက်ဒေသတစ်ခုကတော့ လူငယ် အရေအတွက် ပိုများတာမျိုး ဖြစ်နိုင်တယ်) ကိုပါ ထည့်သွင်း စဉ်းစားပြီး တွက်ချက်တာ ဖြစ်ပါတယ်။ ဥပမာ ဖလော်ရီဒါပြည်နယ်မှာ အသက်အရွယ်ကြီးရင့်သူ ပိုများပါတယ်။ သူနဲ့ နှိုင်းယှဉ်ရင် အလက်စကား ပြည်နယ်မှာတော့ လူငယ်က အရေအတွက် ပိုများပါတယ်။ ရင်သားကင်ဆာဟာ အသက်ကြီးလာလေလေ ရောဂါဖြစ်ဖို့ အခွင့်အရေးပိုများလေ ဖြစ်ပါတယ်။

ဒီတော့ ဖလော်ရီဒါ ပြည်နယ်မှာ ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်းဟာ ပိုမိုမြင့်မားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သုတေသီတွေက အဲဒီပြည်နယ်နှစ်ခုမှာရှိတဲ့ အသက်ကြီးသူနဲ့ အသက်ငယ်သူ အချိုးအစားသာ တူညီရင် ရင်သားကင်ဆာဖြစ်ပွားမှုနှုန်း ဘယ်လိုတွေဖြစ်နိုင်မလဲ ဆိုတာကို ချိန်ညှိတွက်ချက်ကြည့်ပါတယ်။ အဲဒါကို age-adjusted လုပ်တယ်လို့ ခေါ်တာ ဖြစ်ပါတယ်။ အဲဒီလို age-adjusted incidence rate ကို တွက်ချက်ကြည့်တဲ့အခါ အလက်စကားပြည်နယ်မှာ ရှိတဲ့ အမျိုးသမီးတွေဟာ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ အမျိုးသမီးတွေထက် ပိုပြီး ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း ပိုမိုမြင့်မားတာကို တွေ့ရပါတယ်။ ၂၀၁၂ ကနေ ၂၀၁၆ အတွင်း အလက်စကားပြည်နယ်ရဲ့ အမျိုးသမီးအရေအတွက် ၁၀၀,၀၀၀ မှာ ၁၂၁.၉ ယောက်ဟာ ရင်သားကင်ဆာ ဖြစ်ပွားခဲ့ပြီး ဖလော်ရီဒါပြည်နယ်ရဲ့ အမျိုးသမီး အရေအတွက် ၁၀၀,၀၀၀ မှာ ၁၁၇.၅ ယောက်ဟာ ရင်သားကင်ဆာ ဖြစ်ပွားခဲ့တာကို တွေ့ရှိရပါတယ်။ ဆိုလိုတာက incidence မှာ ဖလော် ရီဒါက ပိုမိုမြင့်မားပေမယ့် age-adjusted incidence rate မှာတော့ အလက်စကားက ပိုပြီး မြင့်မားတယ် ဆိုတာပါပဲ။ 

ရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတွေဟာ ကျယ်ပြန့်တဲ့ လူဦးရေ (ဥပမာ တစ်နိုင်ငံ လုံးမှာရှိတဲ့ လူဦးရေ အားလုံး) ကို အခြေခံပါတယ်။ ဒါပေမယ့် ပုံမှန်အားဖြင့် အချက်အလက်တွေဟာ အဲဒီ လူဦးရေထဲက တစ်ယောက်ချင်းစီထံက ကောက်ယူထားတာမျိုး မဟုတ်ပါဘူး။ နမူနာ အရေအတွက် အနည်းငယ်ဆီက ကောက်ယူထားတဲ့ အချက်အလက်တွေကို အခြေခံပြီး လူဉီးရေ တစ်ရပ်လုံးအတွက် ခန့်မှန်းတွက်ချက်ထားတာ ဖြစ်ပါတယ်။ 

စာရင်းအင်းကိန်းဂဏန်းတွေဟာ တခါတရံမှာတော့ တစ်နိုင်ငံလုံးကို လွှမ်းခြုံတာ မဟုတ်ဘဲ သီးခြား လူအုပ်စု တစ် ခုအပေါ်မှာ အခြေခံတွက်ချက်ထားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ သုတေသီတွေကတော့ ဒါကို “specific incidence” လို့ သုံးနှုန်းခေါ် ဝေါ်လေ့ ရှိပါတယ်။ ဥပမာအားဖြင့် “လူမည်းအမျိုးသမီးတွေရဲ့ ရင်သားကင်ဆာနဲ့ပတ်သက်တဲ့ specific incidence rate ဟာ ၁၀၀,၀၀၀ မှာ ၁၂၆.၇ ဖြစ်တယ်” ဆိုတဲ့ ဖော်ပြချက်မျိုးပါ။ 

ရောဂါဖြစ်ပွားမှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေ တွက်ချက်တဲ့အခါ အောက်မှာဖော်ပြထားတဲ့ အချက်တွေ ကို ရှာဖွေဖော်ထုတ်လေ့ရှိပါတယ်။

  • ကင်ဆာအမျိုးမျိုး ရောနှောနေတဲ့ အခြေအနေ (several cancers combined)
  • သီးသန့် အသက်အရွယ်အုပ်စု (specific age ranges)
  • သီးသန့် ကင်ဆာအမျိုးအစား အုပ်စု (specific type of cancer)
  • ကင်ဆာတစ်မျိုးရဲ့ သီးသန့် ကင်ဆာအဆင့်တစ်ဆင့် (specific stage of a type of cancer)
  • ကင်ဆာဖြစ်နိုင်ချေအန္တရာယ်ကို ဖြစ်ပေါ်စေတဲ့ အချက်တစ်ချက် (specific risk factor)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်