ခရမ်းချဥ်စိုက်မယ်ဆို မြေချဥ် သတိထား

17/05/2022 11:30 AM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

မြန်မာနိုင်ငံ ဒေသအသီးသီးမှာ တိုင်ထောင်ခရမ်းချဥ်ကို စိုက်ပျိုးကြတာ တွေ့ရပါတယ်။

မုံရွာ(ခင်မွန်သီး)၊ ကျောက်ပန်းတောင်း( ပုပ္ပားသီး)၊ ရှမ်းတောင်( အင်းသီး) စသဖြင့် စျေးကွက်ကိုချိန်ဆပြီး စိုက်ချိန် လွှဲစိုက်ကြရပါတယ်။

အင်းသီးပေါ်ချိန် တပြိုင်နက်တည်းပေါ်ရင် စျေးကွက်အေးသွားတတ်ပါတယ်။ ခရမ်းချဥ် စိုက်ပျိုးရေးဟာ စျေးကွက်လည်းမိ၊ အထွက်လည်းကောင်းရင် စီးပွားရေးတွက်ခြေအကိုက်ဆုံး သီးနှံဆိုရင် မမှားပါဘူး။

အခြားသူများ  မစိုက်တဲ့အချိန် ကိုယ်စိုက်ထားမှ စျေးကွက်ကောင်း မိလေ့ရှိပါတယ်။

ဒါပေမဲ့ ရာသီဥတု ဆိုးရွားရင်(ပူလွန်း၊ အေးလွန်း၊မိုးများလွန်း) ရောဂါ မနိုင်မနင်း ဖြစ်တတ်ပြီး ဆုံးရှုံးမှုများတတ်ပါတယ်။

ခရမ်းချဥ်ပင်ရဲ့သဘာဝ

""""""""""""""""""""""""""

ခရမ်းချဥ်ပင်ဟာ အချဉ်ဓာတ်ကြိုက်တဲ့ သီးနှံဆိုပေမယ့် မြေချဥ်လွန်းတာကိုတော့ မကြိုက်ပါဘူး။

pH-7 အောက် အက်ဆစ်အခြေအနေဖြစ်တဲ့ pH - ၆ မှ ၆.၈ အတွင်းဟာ အဖြစ်ထွန်းနိုင်ဆုံး အခြေအနေဖြစ်ပါတယ်။

အနိမ့်ဆုံး ၅.၅ မှ အမြင့်ဆုံး ၇.၅ အထိ ရှင်သန်ကြီးထွားနိုင်ပါတယ်။

pH- ၄.၅ အောက် အခြေအနေတွင် ခရမ်းချဥ်စိုက်ပါက အပင်တလသားကျော်အထိ မသိသာသော်လည်း ပန်းပွင့်ချိန် ရောက်လာသည်နှင့် ရောဂါဒဏ်မခံနိုင်တာ တွေ့ရမှာဖြစ်ပါတယ်။

မြေချဥ်ရင်၊ ဘာကြောင့် ရောဂါရစေတာလဲ?

PH-၄.၅ အောက် မြေချဥ်အခြေအနေမှာ မြေတွင်းအာဟာရ စုပ်ယူမှုဖြစ်စဥ်မှာ နိုက်ထြိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယံ အပါအဝင်၊ ကယ်လစီယံ၊ မဂ္ဂနီစီယံ၊ ဆာလဖာ စတဲ့ သတ္တုဓာတ်တွေ ချို့တဲ့စေပါတယ်။

ခရမ်းချဥ်အတွက် အရေးကြီးတဲ့ အနည်းလိုအာဟာရဖြစ်တဲ့ သံဓာတ်ဆိုရင် pH - 6.5 ကျော်မှ အပင်ကရရှိနိုင်ပါတယ်။

မြေချဥ်ရင် သံဓာတ်အပါအဝင် အချို့ သောသတ္ထုဓာတ်တွေ အရည်မပျော်နိုင်လို့ အပင်အာဟာရ ချို့တဲ့လာပါတယ်။

“သဗ္ဗေသတ္တာ အာဟာရ ဌိတိကာ” ဆိုသလိုပဲ။ သက်ရှိတို့မည်သည် အာဟာရကိုမှီပြီး ရပ်တည်ကြရပါတယ်။

အာဟာရမရရင် အားနည်းပြီး ရောဂါဒဏ် မခံနိုင်တော့ပါဘူး။

ဒီဖြစ်စဥ်နဲ့ တိုက်ရိုက်ဆက်စပ်တဲ့ လက်တွေ့ အတွေ့အကြုံလေးကို ပြောပြပါရစေ။

ပြီးခဲ့တဲ့နှစ်တွေက   ရှမ်းပြည်တောင်ပိုင်း၊ ကောင်းဘို့ရွာမှာ  ကုမ္ပဏီတာဝန်ထမ်းဆောင်ရင်း သူငယ်ချင်းရဲ့ ခရမ်းချဥ်စိုက်ခြံကို ကွင်းဆင်းအလည်ရောက်ဖြစ်ပါတယ်။

သူလည်း စိုက်ပျိုးရေး ကျောင်းဆင်း ကုမ္ပဏီဝန်ထမ်းပါပဲ။

ရှမ်းပြည်နယ်မှာက သိကြတဲ့အတိုင်း ရာသီဥတုက အမြဲအေးနေတယ်။ ပြီးတော့ ဇွန်၊ဇူလိုင်လမှာ မိုးအရမ်းရွာတယ်။

ခရမ်းချဥ်၊ အာလူးဆိုတာ  late blight (နှောင်းပင်နာကျရောဂါ) လို့ ခေါ်တဲ့ လောင်မဲရောဂါ အခံရဆုံး သီးနှံတွေပါ။

ရာသီဥတုကလည်း လောင်မဲရောဂါကြိုက်တဲ့ အေးပြီး စိုစွတ်တဲ့ ရာသီဥတု။

ဒါကြောင့်လည်း ရှမ်းပြည်နယ်ဟာ မှိုသတ်ဆေး အသုံးအများဆုံးဧရိယာ ဖြစ်နေတာ မဆန်းပါဘူး။

စာရေးသူရဲ့ သူငယ်ချင်းကလည်း လေ့လာရင်း ကုမ္ပဏီရဲ့ ဆေး၊ မြေဆီ စမ်းသပ်ရင်းကိုယ်တိုင် စိုက်ကြည့်တဲ့သဘောပါ။

ခရမ်းချဥ် ၂ ဧကလောက်ရှိမယ်။

ကုမ္ပဏီထုတ်မျိုး။ ကုမ္ပဏီ မြေသြဇာ။ ကုမ္ပဏီ ဆေး။ စနစ်တကျ မှတ်တမ်းနဲ့ လုပ်တာပါပဲ။

ပထမတခေါက် ခြံအလည်ရောက်တုန်းက ခရမ်းချဥ်ပင် တတန်းကျော်တက်ချိန်ပါ။ စိမ်းစို လှပ ဝေဆာလို့ပါပဲ။ ( မြေသြဇာလည်း စိတ်ကြိုက်သုံးနိုင်တာကိုး)။

နောက် နှစ်ပတ်လောက်အကြာ..ဒုတိယ တခေါက်ရောက်တော့ အိုး...အပင်တွေအားလုံး အရွက်တွေ မဲခြောက်နေပြီ။ 

နှောင်းပင်နာကျ ရောဂါဝင်သွားတာ။ ဂရုစိုက်နေတဲ့ ကြားထဲကကို ရောဂါမထိန်းနိုင်တာ နော်။

“ဘယ်လိုဖြစ်တာလဲ...သူငယ်ချင်း:.." လို့ မေးတော့..

“ငါလည်း..မစဥ်းစားတတ်အောင်ပဲ။ မှိုသတ်ဆေးလည်း အလှည့်ကျဝင်ရင်းနဲ့ ဖြစ်သွားတာ"..တဲ့။

ဒီမှာ..စာရေးသူရဲ့ ခံယူချက်လေး ပြောရဦးမယ်။ စာရေးသူက အပင်ပြဿနာနဲ့ တွေ့တိုင်း  မြေကြီးကို အရင် စမ်းသပ်လေ့ရှိတယ်။

ဆရာဝန်တွေ လူနာက်ိုစမ်းသပ်ရင် အရင်ဦးဆုံး သွေးပေါင်အရင်တိုင်းသလိုပေါ့ဗျာ။

"သူငယ်ချင်းကို..ဆရာလုပ်တယ်လို့တော့ မထင်စေချင်ဘူး။ ကိုယ့်အထင်တော့  မြေကြီးမှာ ပြသနာရှိနိုင်တယ်"...လို့ ပြောပြီး..pH မီတာနဲ့  သုံးနေရာ..တိုင်းပြပေးလိုက်တော့..

တွေ့ပါပြီ...ပြဿနာရဲ့ ဇစ်မြစ်။ ပျမ်းမျှ pH - 4.5 ပဲ ရှိတယ်။

ဒါဟာ.... ရောဂါမနိုင်ရခြင်းရဲ့ အဓိကအကြောင်းရင်းပဲလို့  လက်တွေ့ သိရှိခွင့်ရသွားတာပါပဲ။

ခရမ်းချဥ် မစိုက်ခင် မြေကိုပြင်ပါ

"""""""""""""""""""""""""""""""""""""""

ခရမ်းချဥ်ကို စီးပွားဖြစ်စိုက်မယ့် တောင်သူမိတ်ဆွေများအနေနဲ့ မြေကြီးရဲ့ pH ကို အရင်တိုင်းပါ။

- pH ၄.၅ အောက်ဆိုရင် မစိုက်ပါနဲ့။

- pH- ၅ နဲ့ ၆ ကြားဆိုရင် မြေပြင်စဥ်မှာ ကယ်လစီယံကာဘွန်နိတ်၊ မဂ္ဂနီစီယံ ကာဘွန်နိတ် ထုံးတမျိုးမျိုးကို တဧက ၂၅ ကီလို ၁၀ အိတ်နှုန်းထည့်ပါ။

- pH ၆ နဲ့ ၆.၅ ကြားဆိုရင် ကယ်လစီယံ ဆာလဖိတ် ကျောက်မှုန့်ကို တဧက ၂၅ ကီလို ၂ အိတ်နှုန်း ထည့်ပါ။

ဆိုတော့..သီးနှံပင်ကြိုက်နှစ်သက်တဲ့ မြေကြီး pH ကို သိရှိထားပြီး မစိုက်မီကတည်းက စိတ်တိုင်းကျ အချိန်ယူကြိုတင်ပြင်ပြီးမှ သီးနှံစိုက်ပျိုးရေး လုပ်ဆောင်သင့်ပါကြောင်း။

သို့မှသာ ဆုံးရှူံးမှုနည်းပြီး အကျိုးအမြတ် ရရှိနိုင်ပါကြောင်း အတွေ့အကြုံအရ ရေးသားမျှ ဝေလိုက်ရခြင်းဖြစ်ပါတယ်။

စေတနာများစွာဖြင့်....

ပျံလွှား(ပုလဲ)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်