ပီလောပီနံစိုက်ပျိုးပြုစုနည်း

10/04/2026 17:35 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ပီလောပီနံဟာ မြေဆီလွှာချဉ်ငန်ဓာတ် (pH) ၄.၀ မှ ၈.၀ အထိ ကျယ်ပြန့်သော ပမာဏအတွင်း ရှင်သန်ပေါက်ရောက်နိုင်ပြီး နေရောင်ခြည် အပြည့်အဝရရှိပါက အထွက်နှုန်းအကောင်းဆုံး ဖြစ်ထွန်းနိုင်ပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းတွေမှာတော့ ပီလောပီနံကို အစေ့ကနေမဟုတ်ဘဲ ကိုင်းဖြတ်ပြီးစိုက်ပျိုးခြင်းဖြင့်သာ မျိုးပွားကြပါတယ်။ အကြောင်းကတော့ အစေ့ကနေ အပင်ပေါက်တဲ့နှုန်းဟာ ပုံမှန်အားဖြင့် ၅၀ ရာခိုင်နှုန်းအောက်သာ ရှိတာကြောင့် ဖြစ်ပါတယ်။ အစေ့များကိုတော့ မျိုးစပ်ခြင်း (breeding) ရည်ရွယ်ချက်အတွက်သာ အသုံးပြုကြပါတယ်။ ကိုင်းဖြတ်စိုက်ပျိုးခြင်း (Propagation by cuttings) နည်းကိုအသုံးပြုပြီး ပီလောပီနံကို မျိုးပွားမယ်ဆိုပါက ပင်စည်ကို အရှည် ၉ စင်တီမီတာမှ ၃၀ စင်တီမီတာကြား (၃.၅ -  ၁၁ လက်မ) အပိုင်းလေးများဖြတ်ရပါမယ်။ ထိုဖြတ်ပိုင်းလေးတွေမှာ အနည်းဆုံး အဆစ်တစ်ခုစီ ပါဝင်ရပါမယ်။ အဆိုပါ အပိုင်းအစများကို မြေကြီးထဲသို့ ၈ စင်တီမီတာမှ ၁၅ စင်တီမီတာခန့် (၃ -  ၅ လက်မ) အထိ မြှုပ်နှံ၍ ဒေါင်လိုက်စိုက်ပျိုးနိုင်ပါတယ်။ စိုက်ပျိုးရာမှာ ရောဂါနဲ့ ပိုးမွှားကင်းစင်သော ကျန်းမာသည့် ကိုင်းဖြတ်ပိုင်းများကို ရွေးချယ်ဖို့ရာ အလွန်အရေးကြီးပါတယ်။ 

စိုက်ပျိုးရာမှာ လက်ဖြင့်ဖြစ်စေ စိုက်ပျိုးရေးစက်ကိရိယာများဖြင့်ဖြစ်စေ စိုက်ပျိုးနိုင်ပါတယ်။ လက်ဖြင့်စိုက်ပျိုးရာမှာ နည်းလမ်းသုံးမျိုးရှိပါတယ် - ဒေါင်လိုက်စိုက်ပျိုးခြင်း၊ မြေမျက်နှာပြင်အောက်မှာ အလျားလိုက် မြှုပ်စိုက်ခြင်း သို့မဟုတ် စောင်း၍စိုက်ပျိုးခြင်း တို့ဖြစ်ကြပါတယ်။ မိုးရေချိန်နည်းသော အခြေအနေမှာ ဒေါင်လိုက်စိုက်ပျိုးပါက ကိုင်းဖြတ်ပိုင်းများ ခြောက်သွေ့သွားနိုင်ပြီး မိုးများသောဒေသများမှာ အလျားလိုက်မြှုပ်စိုက်ပါက ပုပ်သွားတတ်တာကို သတိပြုရပါမယ်။ ယေဘုယျအားဖြင့် ခြောက်သွေ့သော ရာသီဥတုမှာ စက်ဖြင့်စိုက်ပျိုးသောအခါ မြေမျက်နှာပြင်အောက် ၅ စင်တီမီတာမှ ၁၀ စင်တီမီတာ (၂ -  ၄ လက်မ) ခန့်တွင် အလျားလိုက်မြှုပ်ပီး စိုက်ပျိုးဖို့ရာ အကြံပြုကြပါတယ်။ ထိုသို့စိုက်ပျိုးခြင်းဟာ အပင်ပေါက်နှုန်းကို ပိုမိုမြင့်မားစေပြီး ဥများလည်း နေရာအနှံ့အပြားမှ ထွက်လာလေ့ရှိကာ မြေမျက်နှာပြင်နဲ့ ပိုမိုနီးကပ်စွာ ကြီးထွားလာတတ်ပါတယ်။ ထို့အပြင် မြေပေါ်တွင် ကျွေးထားသော မြေသြဇာများကိုလည်း ပိုမိုထိရောက်စွာ စုပ်ယူနိုင်စေတဲ့အပြင် ရိတ်သိမ်းရာမှာလည်း ပိုမိုလွယ်ကူစေပါတယ်။

မိုးများတဲ့ဒေသတွေမှာတော့ ဒေါင်လိုက်စိုက်ပျိုးခြင်းကို အသုံးပြုလေ့ရှိပြီး မိုးအသင့်အတင့်ရွာသော ဒေသတွေမှာတော့ စောင်း၍စိုက်ပျိုးခြင်းနည်းကို အသုံးပြုကြပါတယ်။ အပင်ပေါက် အောင်စေရန်အတွက် ကိုင်းဖြတ်ပိုင်းရဲ့ အထက်အောက်လားရာ (polarity) ကို သတိပြုရန်မှာ အလွန်အရေးကြီးပါတယ်။ ကိုင်းဖြတ်ပိုင်းရဲ့ အပေါ်ဘက်အဖျားကို အထက်သို့မတ်မတ်ထား၍ စိုက်ပျိုးရပါမယ်။ ပုံမှန်အားဖြင့် အပင်တစ်ပင်နဲ့ တစ်ပင် ကြားအကွာအဝေးကို ၁ မီတာ ပတ်လည် (၁ မီတာ x ၁ မီတာ) ထားရှိရပါမယ်။ စိုက်ပျိုးပြီး ရက်အနည်းငယ်အတွင်း ကိုင်းဖြတ်ပိုင်းများမှ အမြစ်များ ထွက်လာမှာဖြစ်ပြီး မကြာမီ ပင်စည်ပေါ်ရှိ အရွက်ဟောင်းများရဲ့ အညှာနေရာများမှ အညှောင့်သစ်များ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ အပင်ကြီးထွားမှု အစောပိုင်းကာလဟာ အနည်းငယ်နှေးကွေးတာကြောင့် ပထမပိုင်း လအနည်းငယ်အတွင်းမှာတော့ ပေါင်းမြက်များကို သေချာစွာနှိမ်နင်းပေးရပါမယ်။ ပီလောပီနံဟာ သွင်းအားစု အနည်းငယ်သုံးရုံမျှဖြင့်ပင် ဥများ ထွက်ရှိနိုင်သော်လည်း မြေဆီလွှာဖွဲ့စည်းပုံ ကောင်းမွန်ပြီး ပုံမှန်အစိုဓာတ်ရရှိသော စိုက်ခင်းတွေမှာဆိုရင်တော့ အကောင်းဆုံးအထွက်နှုန်းကို ရရှိနိုင်မှာဖြစ်ပါတယ်  

ပီလောပီနံဟာ ပိုတက်စီယမ် (K) နဲ့ ဖော့စဖရပ် (P) မြေသြဇာများ အသုံးပြုခြင်းအပေါ်မှာ အကောင်းဆုံး တုံ့ပြန်မှုရှိကြောင်း တွေ့ရှိရပါတယ်။ ထို့အပြင် Vesicular-arbuscular mycorrhizae လို့ခေါ်တဲ့ မှိုတစ်မျိုးဟာလည်း မြေဆီလွှာအတွင်းရှိ ဖော့စဖရပ်ဓာတ် (P) ကို ရှာဖွေစုပ်ယူပြီး အမြစ်များသို့ ပံ့ပိုးပေးခြင်းဖြင့် အပင်ကိုအကျိုးပြုပါတယ်။ နိုက်ထရိုဂျင် (N) မြေသြဇာကို အလွန်အကျွံကျွေးပါက အစာသိုလှောင်သည့် ဥများ ဖွံ့ဖြိုးမှုကိုထိခိုက်စေပြီး အရွက်နဲ့ အကိုင်းအခက်များသာ အဆမတန် ထွက်လာစေနိုင်တာကြောင့် သတိပြုသင့်ပါတယ်။ ထို့ကြောင့် မြေသြဇာကို အပင်စတင်ကြီးထွားသည့် ပထမပိုင်း လအနည်းငယ်အတွင်းမှာသာ ကျွေးသင့်ပါတယ်။

ပီလောပီနံမှာတော့ သီးခြား "ရင်မှည့်ချိန်" ရယ်ဆိုပြီးတော့ မရှိပါဘူး။ အကြောင်းကတော့ စားသုံးသူရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်လောက်တဲ့ အတိုင်းအတာအထိ ဥများ ကြီးထွားလာတာနဲ့ တစ်ပြိုင်နက် ရိတ်သိမ်းရန် အသင့်ဖြစ်တယ်လို့ သတ်မှတ်ထားတာကြောင့် ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ စိုက်ပျိုးပြီး ၈ လအကြာဆိုရင် စတင်ပြီး ရိတ်သိမ်းနိုင်ပြီဖြစ်ပါတယ်။ အပူပိုင်းဒေသတွေမှာတော့ ဥများကို တစ်ရာသီထက်ကျော်လွန်ပြီး မရိတ်သိမ်းဘဲထားရှိခြင်းဖြင့် အရွယ်အစား ပိုမိုကြီးထွားလာအောင် ပြုလုပ်လေ့ရှိပါတယ်။ သို့ပေမဲ့လည်း ဥများ သက်တမ်းရင့်ပြီး ကြီးထွားလာတာနဲ့အမျှ ၎င်းတို့ရဲ့ အလယ်ဗဟိုအပိုင်းမှာ မာကျောလာပြီး စားသုံးလို့မရတာမျိုး ဖြစ်လာတတ်ပါတယ်။ ပီလောပီနံကို သူ့တစ်မျိုးတည်းဖြစ်စေ သို့မဟုတ် ပြောင်းဖူး၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်၊ ရော်ဘာ၊ ဆီအုန်း အပြင် အခြားစီးပွားဖြစ် အရေးပါသော အပင်များနဲ့ ရောနှော၍ဖြစ်စေ စိုက်ပျိုးနိုင်ပါတယ်။ ထိုသို့ သီးနှံရောနှောစိုက်ပျိုးခြင်းဟာ ပိုးမွှားနဲ့ ဆိုးရွားသောရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိမှု မတူညီသော အပင်များပေါ်သို့ ဘေးအန္တရာယ်များကို ခွဲဝေလိုက်ခြင်းဖြင့် ပျက်စီးဆုံးရှုံးမှု ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

ပီလောပီနံဟာ အစိုဓာတ်ကောင်းကောင်းရှိပြီး မြေဆီဩဇာထက်သန်သော သဲနုန်းမြေများမှာဆိုရင် အကောင်းဆုံး ဖြစ်ထွန်းနိုင်ပါတယ်။ ၎င်းဟာ သဲဆန်သောမြေမှသည် စေးမြေအထိ မြေသားအမျိုးမျိုးမှာ ဖြစ်ထွန်းနိုင်ပြီး မြေဆီဩဇာအနည်းငယ်သာရှိသော မြေများမှာလည်း ကောင်းမွန်စွာ ပေါက်ရောက်နိုင်ပါတယ်။ ပီလောပီနံဟာ သီးနှံတွေထပ်တလဲလဲ စိုက်ပျိုးမှုကြောင့် မြေဆီလွှာပြုန်းတီးသွားပြီး အခြားသီးနှံများ စိုက်ပျိုးဖို့ရာ မသင့်တော်တော့တဲ့ မြေမျိုးမှာပင် စီးပွားဖြစ်စိုက်ပျိုးနိုင်တဲ့ သီးနှံဖြစ်ပါတယ်။ မြေဩဇာ ထက်သန်လွန်းတဲ့ မြေတွေမှာဆိုရင်တော့ အပင်ဟာ ဥများထွက်ရမဲ့အစား ပင်စည်နဲ့ အရွက်များသာ အဆမတန် ထွက်လာတတ်ပါတယ်။ ပီလောပီနံဟာ ၎င်းရဲ့ ဥများ ကြီးထွားဖွံ့ဖြိုးနိုင်လောက်အောင် မြေသား ခပ်ပွပွရှိနေသရွေ့ မြေဆီလွှာအမျိုးအစား အတော်များများမှာ ရှင်သန်ကြီးထွားနိုင်တာ ဖြစ်ပါတယ်။ 

ပီလောပီနံကို စိုက်ခင်းမြေမှာ ပထမဆုံးအကြိမ်အဖြစ် စိုက်ပျိုးမယ်ဆိုပါက မြေယာရှင်းလင်းခြင်းမှလွဲ၍ အခြားသော မြေယာပြုပြင်မှုများ ထပ်မံပြုလုပ်ရန် မလိုအပ်ပါ။ အခြားသီးနှံများ စိုက်ပျိုးပြီးနောက်မှ စိုက်ပျိုးမည်ဆိုပါကလည်း ယခင်သီးနှံကို ရိတ်သိမ်းပြီးတာနဲ့ သို့မဟုတ် မြေကို ပေါင်းမြက်များ ကင်းစင်သည်အထိ နှစ်ကြိမ်၊ သုံးကြိမ် ထွန်ယက်ပြီးပါက မြေယာထပ်မံပြုပြင်ရန်မလိုဘဲ တိုက်ရိုက်စိုက်ပျိုးနိုင်ပါတယ်။ ပီလောပီနံကို ကိုကိုး၊ ကော်ဖီ၊ ရော်ဘာနဲ့ ဆီအုန်းစိုက်ခင်းတွေရဲ့ အပင်ငယ်စဥ်ကာလမှာ ယာယီအရိပ်ရပင်အဖြစ်လည်း မကြာခဏ စိုက်ပျိုးလေ့ရှိပါတယ်။ ထိုသို့ အရိပ်ရပင်အဖြစ် စိုက်ပျိုးတဲ့အခါမှာတော့ အထူးတလည် ပြုစုစောင့်ရှောက်ပေးဖို့ရာ မလိုအပ်ပါဘူး။ သူ့ချည်းသီးသန့်စိုက်ပျိုးတဲ့ အခါမျိုးမှာလည်း စိုက်ပျိုးပြီးနောက်ပိုင်း ပြုပြင်ထိန်းသိမ်းမှု အနည်းငယ်သာ လိုအပ်ပါတယ်။ မိုးမရွာပါက ရေသွင်းပေးရန် လိုအပ်နိုင်ပြီး မြေဆီလွှာကို ပေါက်ပြားဖြင့် ဆွပေးခြင်းက အထူးသဖြင့် ခြောက်သွေ့သော သဲမြေများတွင် မြေအောက်အစိုဓာတ်ကို ထိန်းသိမ်းရာ၌ အထောက်အကူပြုပါတယ်။ အဓိကပြဿနာမှာ ပေါင်းမြက်နှိမ်နင်းခြင်းဖြစ်ပြီး အပင်များ ကောင်းစွာဖွံ့ဖြိုးလာပြီး ၎င်းတို့ရဲ့အရိပ်က ပေါင်းမြက်များပေါက်ရောက်ခြင်းကို တားဆီးပေးနိုင်သော အချိန်အထိ နှစ်ကြိမ်မှ သုံးကြိမ်ခန့် ပေါင်းလိုက်ပေးရန် လိုအပ်ပါတယ်။ စိုက်ပျိုးပြီးနောက် ပထမပတ်အတွင်း မြေဆီလွှာအစိုဓာတ်ရှိနေပါက အပင်များ စတင်ပေါက်လာတတ်ပါတယ်။ စိုက်ပျိုးပြီး တစ်လအတွင်း အပင်မပေါက်သော နေရာများမှာ ကိုင်းဖြတ်အသစ်များကို အစားထိုးပြီး စိုက်ပျိုးနိုင်ပါတယ်။

ကာဘိုဟိုက်ဒရိတ် (ကစီဓာတ်) ကို ထုတ်လုပ်ပေးပြီး လျင်မြန်စွာကြီးထွားတတ်တဲ့ အပင်များလိုပဲ ပီလောပီနံဟာ အာဟာရဓာတ်လိုအပ်ချက် မြင့်မားပြီး မြေဆီလွှာကို အလွန်လျင်မြန်စွာ ပြုန်းတီးစေတတ်ပါတယ်။ မြေတစ်ကွက်တည်းမှာပဲ နှစ်ရှည်ဆက်တိုက်သော်လည်းကောင်း သီးလှည့်စိုက်စနစ်ဖြင့်သော်လည်းကောင်း စိုက်ပျိုးတဲ့အခါ မြေဆီလွှာအတွင်းရှိ အာဟာရဓာတ်များ လျော့နည်းသွားတတ်တာကြောင့် မြေဩဇာကျွေးခြင်းဖြင့် အာဟာရဓာတ်များကို ပြန်လည်ဖြည့်တင်းပေးရမှာ ဖြစ်ပါတယ်။ စီးပွားဖြစ်စိုက်ပျိုးတဲ့ တောင်သူကြီးတွေအတွက်ကတော့ ဆုံးရှုံးသွားတဲ့ အာဟာရဓာတ်တွေကို ဓာတ်မြေဩဇာများ အသုံးပြုပြီး ပြန်လည်ဖြည့်တင်းနိုင်ပေမဲ့ ၎င်းမြေဩဇာတွေဟာ တောင်သူငယ်တွေအတွက်တော့ ဈေးနှုန်းကြီးမြင့်နေမှာဖြစ်တာကြောင့် မြေဆီလွှာမှ ကုန်ခမ်းသွားသော အာဟာရဓာတ်များကို အစားထိုးရန်အတွက် နွားချေး၊ ဘဲချေး၊ ကြက်ချေး သို့မဟုတ် သဘာဝမြေဆွေး စတဲ့ အော်ဂဲနစ်ပစ္စည်းအမျိုးမျိုးကို အသုံးပြုလို့ရပါတယ်။

ပီလောပီနံရဲ့ ရင့်မှည့်ချိန်ဟာ မျိုးတစ်ခုနဲ့တစ်ခု မတူညီကြပေမဲ့လည်း စားသုံးရန်အတွက်ဆိုရင်တော့ သက်တမ်း ၁၂ လအောက် မည်သည့်အချိန်မှာမဆို ဥများကို ရိတ်သိမ်းနိုင်ပါတယ်။ ကစီဓာတ် (starch) အများဆုံး ထွက်ရှိတဲ့အချိန်မှာ ရိတ်သိမ်းမယ်ဆိုရင်တော့ အကောင်းဆုံးသက်တမ်းက ၁၈ လမှ ၂၀ လအတွင်း ဖြစ်ပါတယ်။ အဆိုပါ ကြီးထွားမှုကာလအတွင်းမှာဆိုရင်တော့ ဥအထွက်နှုန်းနဲ့ ကစီဓာတ်ထုတ်လုပ်မှု နှစ်မျိုးစလုံးဟာ အမြင့်ဆုံးပမာဏအထိ ရှိနေမှာဖြစ်ပါတယ်။ အဲ့ကာလကျော်လွန်သွားပီဆိုပါက ဥအထွက်နှုန်း တဖြည်းဖြည်းချင်း လျော့နည်းသွားပြီး ဥများအတွင်းရှိ ကစီဓာတ်ပါဝင်မှုလည်း လျော့နည်းသွားတတ်ပါတယ်။ အကယ်၍ ဥများကို မြေကြီးထဲမှာပဲ ဆက်လက်ထားရှိမယ်ဆိုပါက ကစီဓာတ်ပါဝင်မှုဟာ အချိန်ကြာလာတာနဲ့အမျှ တိုးနေမှာဖြစ်သော်လည်း အတိုင်းအတာတစ်ခုသို့ ရောက်ရှိချိန်တွင် သစ်သားကဲ့သို့ မာကျောလာတတ်ပြီး (lignification) စားသုံးရန် သို့မဟုတ် အခြားနည်းလမ်းဖြင့် အသုံးပြုရန် ပိုမိုခက်ခဲသွားစေနိုင်ပါတယ်။ ပီလောပီနံ ဥများ ရိတ်သိမ်းခြင်းကို တစ်နှစ်ပတ်လုံး မည်သည့်အချိန်မှာမဆို ပြုလုပ်နိုင်ပါတယ်။ မိုးရာသီအတိအကျရှိသော ဒေသများမှာတော့ ပုံမှန်အားဖြင့် အပင်ကြီးထွားမှု နားနေသည့်ကာလဖြစ်သော နွေရာသီ (ခြောက်သွေ့ရာသီ) မှာ ရိတ်သိမ်းလေ့ရှိကြပြီး မိုးရွာသွန်းမှုပုံမှန်ရှိနေတဲ့ ဒေသများမှာတော့ တစ်နှစ်ပတ်လုံး ရိတ်သိမ်းနိုင်ပါတယ်။

ပီလောပီနံကို ယေဘုယျအားဖြင့်တော့ လက်ဖြင့်သာ ရိတ်သိမ်းနေကြဆဲ ဖြစ်ပါတယ်။ ရိတ်သိမ်းခြင်းမပြုလုပ်ခင် တစ်ရက်အလိုမှာ အပင်ရဲ့ ထိပ်ပိုင်းများကို ဖြတ်တောက်ရပါမယ်။ ပင်စည်များကို မြေပြင်အထက် ၄၀ မှ ၆၀ စင်တီမီတာ ( ၁၅ - ၂၃ လက်မ) ခန့် ချန်ပြီး လက်ဖြင့်ဖြစ်စေ ဓားဖြင့်ဖြစ်စေ ဖြတ်တောက်ပြီး စိုက်ခင်းဘေးမှာ စုပုံထားရပါမယ်။ ထိုသို့ ပင်စည်အရှည်အနည်းငယ် ချန်ထားရခြင်းမှာ ဥများကို ဆွဲနုတ်ရာတွင် လက်ကိုင်အဖြစ်နဲ့ အသုံးပြုနိုင်ဖို့ရာ ဖြစ်ပါတယ်။

နောက်တစ်ကြိမ် ပြန်လည်စိုက်ပျိုးရန်အတွက် လိုအပ်တဲ့ မျိုးကိုင်းများကို ရွေးချယ်ပြီးနောက် ကျန်ရှိသည်များကို မီးရှို့ဖျက်ဆီးပစ်ကြလေ့ ရှိပါတယ်။ စိုက်ခင်းရဲ့ မြေသားပွတယ်ဆိုပါက ပင်စည်ကို ဆွဲနုတ်ခြင်းဖြစ်စေ တူးရွင်းကဲ့သို့ ကိရိယာတစ်ခုခု အကူအညီဖြင့်ဖြစ်စေ မြေကြီးထဲမှ ဆွဲထုတ်နိုင်ပြီး ပင်စည်မှ ဥများကို ဖြတ်တောက်ရယူနိုင်ပါတယ်။ မြေသားမာကြောပါက အပင်ကိုဆွဲမနုတ်မီ ဥများကို တူးထုတ်ရန်အတွက် ပေါက်ပြား အသုံးပြုရန်လိုအပ်ပါတယ်။ သတိပြုရမဲ့အချက်ကတော့ အပင်ရဲ့ ထိပ်ပိုင်းများကို ဖြတ်တောက်ပြီးတာနဲ့ ဥများကို မြေကြီးထဲကနေ တူးထုတ်ယူဖို့ရာ အချိန်ကြာနှောင့်နှေးခြင်း မရှိဖို့ပါ။ အကယ်လို့ နှောင့်နှေးသွားမယ်ဆိုပါက အပင်ပြန်ပေါက်ရန် ကြိုးစားလာပြီး ဥများအတွင်းရှိ ကစီဓာတ်ပါဝင်မှုကို သိသိသာသာ လျော့နည်းသွားစေနိုင်တာကြောင့် ဖြစ်ပါတယ်။ ဥများဟာ ရိတ်သိမ်းပြီးတာနဲ့ ၄၈ နာရီခန့်အတွင်းမှာပဲ စတင်ယိုယွင်းလာတတ်ပါတယ်။ ပထမဦးစွာ ဥများအတွင်းရှိ အင်ဇိုင်း (enzymatic) ပြောင်းလဲမှုများ ဖြစ်ပေါ်လာမှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ပုပ်သိုးဆွေးမြည့်ခြင်းများ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဥများကို အေးမြတဲ့နေရာမှာ ထည့်သွင်းသိမ်းဆည်းမယ်ဆိုပါက တစ်ပတ်ခန့်အထိ အထားခံနိုင်ပြီး အကယ်၍ အပင်မှမခွဲထုတ်ဘဲ မြေကြီးထဲမှာပဲ ဆက်လက်ထားရှိမယ်ဆိုပါက ပိုမိုကြာရှည်သော ကာလအထိ သိမ်းဆည်းထားနိုင်ပါတယ်။

ဒေသအများစုမှာ‌တော့ ပီလောပီနံပင်တွေဟာ ပုံမှန်အားဖြင့် ရောဂါနဲ့ ပိုးမွှားဒဏ်ကို ခံရလေ့မရှိပါဘူး။ 

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်